www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 6, 2018

မျက်လုံးကျန်းမာရေး အလေးပေး



အယ်ဒီတာ့အာဘော် ၆-၇-၂ဝ၁၈

နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသော ယနေ့ခေတ်တွင် လူငယ်အတော်များများသည် ကွန်ပျူတာ၊ တက်ပလက်၊ အိုင်ပက်၊ တယ်လီဖုန်းဟန်းဆက် စသည်တို့ဖြင့် အလုပ်ရှုပ်နေကြသည်ကို တွေ့ရသည်။

လူငယ်အများစု အနေဖြင့် ဝင်ငွေရရှိရန် အလုပ်ရှုပ်ခြင်းထက် ဂိမ်းကစားခြင်း၊Facebook ကြည့်ခြင်း၊Online ကြည့်ခြင်းတို့ဖြင့် အလုပ်ရှုပ်နေသူက ပိုများသည်။ ဂိမ်းကစားခြင်းသည် တစ်နေ့တာပင်ပန်း နွမ်းနယ်မှုများ၊ စိတ်ဖိစီးမှုများကို ပြေပျောက် စေနိုင်သည်။ သို့သော် အလွန်အကျွံ မဖြစ်စေရန် လိုသည်။ ဂိမ်းကစားခြင်းသည် ဦးနှောက်ကြည်လင်ပြီး ဥာဏ်ရည်ထက်မြက် စေသည်ဟု ဆိုသော်လည်း လွှမ်းခြုံကြည့်မည် ဆိုလျှင် ဆိုးကျိုးကိုသာ ပိုမိုဖြစ်စေ နိုင်သည်။ ထို့ကြောင့် နည်းပညာသားကောင် မဖြစ်စေရန် အထူးသတိပြု ဆင်ခြင်သုံးစွဲကြရန် လိုပေသည်။

ဂိမ်းကို စွဲစွဲလမ်းလမ်းဖြင့် အချိန်ကြာမြင့်စွာ ကစားသူတစ်ဦးသည် ကောင်းကျိုးထက် ဘေးထွက် ဆိုးကျိုးများစွာ ကိုသာရရှိ ခံစားကြရမည် ဖြစ်သည်။ ဂိမ်းကစားခြင်းကြောင့် တန်ဖိုးရှိသော အချိန်များ ဆုံးရှုံးခြင်း၊ မျက်လုံး ကျန်းမာရေးကို ထိခိုက်စေခြင်း၊ စိတ်ဓာတ်ကျလွယ်ခြင်း၊ လူမှုဆက်ဆံရေး ခေါင်းပါးလာခြင်း၊ ဆီးချုပ်ဝမ်းချုပ်ဖြစ်ခြင်း၊ ကိုယ်လက်ကိုက်ခဲ နာကျင်ခြင်း စသည်တို့ကို ဖြစ်ပေါ်ခံစား ရရှိစေသည်။ အစားအစာမှီဝဲ စားသုံးခြင်းမပြုဘဲ မအိပ်မနေဂိမ်းကစား နေမည်ဆိုပါက အသက်အန္တရာယ်ကိုပင် စိုးရိမ်ရသည်ထိ ဖြစ်စေနိုင်သည်။

မြန်မာနိုင်ငံတွင် လူငယ်အများစုသည် Facebook အသုံးပြုသူများပြားပြီး အချို့သော လူငယ်တို့သည် အလုပ်ပျက်၊ အကိုင်ပျက် Facebook သုံးစွဲကြသည်ကို တွေ့ရသည်။ အထူးသဖြင့် ကျောင်းသားလူငယ်များ အနေဖြင့် မိဘများမသိအောင် ကျောင်းစာလုပ်ငန်း မလုပ်ကြဘဲ Facebook သုံးစွဲ နေကြသည်ကိုလည်း တွေ့ရသည်။ ထိုသို့သော လုပ်ရပ်များသည် ပညာရေးအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်စေနိုင်သည်။

ထို့ပြင် အချိန်ကြာမြင့်စွာ ဂိမ်းကစားခြင်းနှင့် Facebook သုံးစွဲခြင်းတို့သည် ကြာလာလျှင် မျက်လုံးကို ထိခိုက်လာစေနိုင်ပြီး အမြင်အာရုံ မှုန်ဝါးလာကာ မျက်မှန်တပ်မှ မြင်ရသည့် အဆင့်သို့ ရောက်ရှိသွားနိုင်သည်။ ယခုအခါ လုပ်ငန်းခွင်များ၌ မျက်မှန်တပ်ထားရသော ဝန်ထမ်းလူငယ်များကို တွေ့နေရသည်။ အလားတူ ကျောင်းများ၌လည်း မျက်မှန်တပ်ထားရသော ကျောင်းသား၊ ကျောင်းသူ ကလေးအများအပြားကို တွေ့ကြရသည်။

ကျန်းမာရေးကောင်းမွန်သော လူတစ်ဦးပင်လျှင် ယေဘုယျအားဖြင့် အသက် ၄ဝ ကျော်လာပါက အမြင်အာရုံနည်း လာတတ်သည်။ စာများများဖတ်ရ သူအဖို့ မဖြစ်မနေ ပါဝါမျက်မှန် တပ်ကြရသည်။

စင်စစ်အားဖြင့် ပါဝါမျက်မှန်တပ်၍ အချိန်ကြာမြင့်စွာ စာဖတ်ရခြင်းသည်လည်း မျက်လုံးအတွက် ပိုမိုထိခိုက်စေသော အကြောင်းတစ်ရပ် ဖြစ်သည်။ သို့ဖြစ်ရာ တန်ဆေး၊ လွန်ဘေးဆိုသည့်အတိုင်း မည်သည့်အရာကို မဆို အလွန်အကျွံ ပြုလုပ်နေမည်၊ ပြုလုပ်ရမည်ဆိုလျှင် ဆိုးကျိုးများကိုသာ ဖြစ်စေနိုင်သည်။ အထူးသဖြင့် ဂိမ်းကစားခြင်း၊ Facebook သုံးစွဲခြင်းများကို လျှော့ရမည်ဖြစ်သကဲ့သို့ စာများများ ဖတ်ကြရသူများ အနေဖြင့်လည်း မျက်လုံးကို အနားပေး၍ စာဖတ်ကြရမည် ဖြစ်သည်။ သို့မှသာ မျက်လုံးကျန်းမာရေး ထိခိုက်မှုမှ လျော့ကျလာမည် ဖြစ်ပါကြောင်း အကြံပြုရေးသား လိုက်ရပေသည်။

ရတနာပုံနေ့စဉ်သတင်းစာ စာ (၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger