www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 9, 2018

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင် ချင်းတွင်းမြစ်ရေတက်ချိန် သဲဈေးနှုန်းများ မြင့်တက်



ရေစကြို ၉-၇-၂ဝ၁၈

ယခုအချိန်သည် ချင်းတွင်းမြစ်ရေ ကြီးချိန်ဖြစ်သောကြောင့် သဲသောင်များ ရေမြုပ်နေပြီး သဲလုပ်ငန်းများအနေဖြင့် သဲရရှိမှု ခက်ခဲသောကြောင့် သဲဈေးနှုန်းများ မြင့်တက်လာကြောင်း၊ နှစ်စဉ်မြစ်ရေကြီးချိန်တွင် သဲဈေးနှုန်းမြှင့်တက်လေ့ရှိကြောင်း သိရသည်။

"ခုချိန်က ရေတက်နေချိန်ဆိုတော့ သဲကြမ်းရဖို့ ခက်တာပေါ့။ အဆောက်အအုံ ဆောက်မယ့်သူကလဲ သဲကြမ်းကိုပဲ မှာကြတယ်။ သဲနုရင် ဘိလပ်မြေနဲ့ ရောတဲ့အခါ သိပ်မကောင်းလို့ မကြိုက်ကြဘူး။သဲကြမ်းရဖို့က ခုချိန်ရေထဲဆင်းရတာနဲ့၊ သဲစုပ်ရတာနဲ့ဆိုတော့ အရင်ဈေးနဲ့ရောင်းရင် မကိုက်တော့လို့ ဈေးတက်ပြီး ရောင်းရပါတယ်"ဟု သဲလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောပြသည်။

မကွေးတိုင်း ဒေသကြီး ရေစကြိုမြို့တွင် နှစ်စဉ် ယခုကဲ့သို့ ရေတက်ချိန်တွင် သဲဈေးမြင့်တက် နေကျဖြစ်ကြောင်း၊ ယခုနှစ် မေလထိ သဲတစ်ကျင်းလျှင် ငွေကျပ် ၁၂ဝဝဝရှိခဲ့ပြီး ယခု ရေကြီးချိန်တွင် သဲတစ်ကျင်းလျှင် ငွေကျပ် ၁၅ဝဝဝကျော်ထိ မြင့်တက်လာကြောင်း သိရသည်။

"သဲဈေးက အခုလိုတက်လာတော့ အဆောက်အအုံက ဆောက်လက်စ တန်းလန်းကြီး ဖြစ်နေတော့ ဈေးတက်လာလဲ မတက်နိုင်ဘူး ဝယ်ရတော့တာပဲ။ နောက်ပြီး ရေကျချိန်တုန်းကလို သဲခြောက် ဝယ်မရတော့ဘူး။ သဲအစိုတွေပဲဝယ်လို့ရတယ်"ဟု အဆောက်အအုံ ဆောက်လုပ် နေသူတစ်ဦးက ပြောပြသည်။

ရေကျနေချိန်တွင် သဲသောင်များ မြင်သာထင်သာ ရှိသောကြောင့် သဲများကိုကျုံး၍ လှေပေါ်တင်ကာ သယ်ယူရောင်းချကြောင်း၊ ယခုရေမြုပ် သွားသောကြောင့် သဲစုပ်စက်ဖြင့် စုပ်တင်ရပြီး ဆီဖိုးအပြင် အလုပ်သမားခများ ဈေးမြင့်တက် လာသောကြောင့် ယခုကဲ့သို့ သဲဈေးမြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger