www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 2, 2018

ရေစကြိုမြို့နယ်တွင် ရေမျောထင်းဆယ်ယူသူများ မိသားစုအပိုဝင်ငွေ ရရှိနေ



ရေစကြို ၂-၇-၂ဝ၁၈

မကွေးတိုင်းဒေသကြီး ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက် ကျေးရွာများမှ ရေမျောထင်း ဆယ်ယူသူများ မိသားစုအပိုဝင်ငွေ ရရှိနေကြောင်း ရေစကြိုမြို့နယ် ဗလဗကျေးရွာမှ ရေမျောထင်းဆယ်ယူသူ ဦးခိုင်စိုးက ပြောပြသည်။

အဆိုပါ မြစ်ကမ်းဘေး တစ်လျှောက်ရှိ ကျေးရွာအများစုသည် ကျွန်းမြေပေါ်ချိန်တွင် မြေနုကျွန်းများကိုသာ လုပ်ကိုင်စားသောက်ကြပြီး ဧရာဝတီမြစ်ရေ တက်ချိန်တွင် မြစ်ရေနှင့်အတူ မျောပါလာသည့် သစ်ပင်၊ သစ်တုံး၊ သစ်ကိုင်း ခြောက်၊ဝါးများကို စက်လှေရှိသူများ၊ လှေရှိသူများက လိုက်လံဆယ်ယူကြကြောင်း ရေစကြိုမြို့နယ် ဗလဗကျေးရွာမှ ဦးရဲမြင့်က ပြောပြသည်။

"ကျွန်တော်တို့ကတော့ မြစ်ရေနဲ့အတူ ပါလာတဲ့သစ်သား၊ သစ်တုံး၊ဝါးလုံးတွေ လိုက်လံဆယ်ယူ ရောင်းချပြီး မိသားစုဝင်ငွေ ရှာနေရတာပါ။ ရေတက်ချိန် ဝါဆို၊ ဝါခေါင်လတွေဆိုရင် အဆင်ပြေဆုံးပဲ။ တခြားအချိန်တွေက မြစ်ရေကျတော့ ထင်းခြောက်၊ ထင်းကိုင်းလောက်ပဲ မျောပါလာတတ်ပါတယ်" ဟု ရေမျောထင်း ဆယ်ယူရောင်းချ နေသည့် စက်လှေသမားတစ်ဦးက ပြောပြသည်။

မြစ်ကမ်းတစ်လျှောက် မြစ်ရေနှင့် မျောပါလာသည့် သစ်တုံး၊ သစ်သား၊ ထင်းခြောက်၊ ဝါးများကို စက်လှေများနှင့် လိုက်လံဆယ်ယူပြီး ပြန်လည်ရောင်းချ ကြရာတွင် ထော်လာဂျီတစ်စီးလျှင် ငွေကျပ် ၄ဝဝဝဝ ရောင်းချရကြောင်း စက်လှေဖြင့် မြစ်ကြောင်းတစ်လျှောက် ထင်းများ၊ ဝါးများ လိုက်လံဆယ်ယူ၍ ပြန်လည်ရောင်းချသည့် စက်လှေ ပိုင်ရှင်တစ်ဦးက ပြောပြသည်။

ရေစကြိုမြို့နယ် ဆင်မရဲ၊ လေးရာပြေးကျေးရွာ၊ ငါးမြာလေးကျေးရွာ၊ ငါးမြာကြီးကျေးရွာ၊ ဗလဗကျေးရွာ၊ ကွေ့ထောင့်ကျေးရွာ၊ ဇယမကျေးရွာတို့မှ ဒေသခံများသည် ရေတက်ချိန်များတွင် မြစ်ကမ်းဘေး တစ်လျှောက် သွားရောက် ကြကာထင်းခြောက်များ ကောက်ယူ သိုလှောင်ထားကြပြီး အချို့က မိသားစုအပိုဝင်ငွေအတွက် ပြန်လည်ရောင်းချ ကြကြောင်း ဗလဗကျေးရွာမှ ဒေါ်သန်းဌေးက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger