ဖားကန့် ၁၃-၆-၂ဝ၁၈
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အတွင်းဇွန် ၁၁ ရက်က ခေတ္တရပ်နားထားသည့် ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီအနီး ရေမဆေးကျောက် ရှာဖွေနေစဉ် စွန့်ပစ်မြေစာပုံ ပြိုကျသဖြင့် ရေမဆေးကျောက်ရှာဖွေ သူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့ဆိပ်မူ ကျေးရွာအုပ်စု ဘဇံချောက်ကျေးရွာ အနီးတွင် ဇွန် ၁၁ ရက်နံနက် ၇ နာရီက မိုးရာသီတွင် ခေတ္တရပ်နားထားသည့် ယွန်းရွှေရည် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီလုပ်ကွက်အနီးတွင် ရှိသည့် စွန့်ပစ်မြေစာပုံ၌ ရေမဆေးကျောက် ရှာဖွေနေသူများသည် ကျောက်ရှာဖွေနေစဉ် အမြင့်ပေ ၂ဝဝခန့်မှ စွန့်ပစ်မြေစာများ ရုတ်တရက် ပြိုကျလာသည်။
ထိုသို့ပြိုကျ လာသဖြင့် ရေမဆေးကျောက် ရှာဖွေ နေသူများအနက် ကျော်ထွေးနှင့် စိုးလှိုင်တို့နှစ်ဦးမှာ ပြိုကျမြေစာများ ဖုံးအုပ်ပိမိခဲ့သဖြင့် အနီးရှိ ရေမဆေးကျောက် ရှာဖွေသူများနှင့် ဖားကန့်မြို့မီးသတ် ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြေငြိမ်း ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို သွားရောက် ဆောင်ရွက်ပေးရာ စိုးလှိုင်မှာ သေဆုံးသွားပြီး ကျော်ထွေးမှာ လက်နှင့်ခြေထောက်တို့တွင် ဖူးရောင်ဒဏ်ရာများ ရရှိလျက် ကယ်ဆယ် ရရှိခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ စိုးလှိုင်နှင့် ဒဏ်ရာရရှိသူ ကျော်ထွေးတို့ နှစ်ဦးကို ဆိပ်မူကျေးရွာ လူမှုကူညီရေးအသင်း မော်တော်ယာဉ်ဖြင့် ဖားကန့်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သတင်းရရှိသည်။
#Themyawadydaily






No comments:
Post a Comment