www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 7, 2018

မြစ်ကူးဓာတ်ကြိုးဆွဲ လုပ်ငန်းများ ပြုလုပ်မည်ဖြစ်၍ တွံတေးတူးမြောင်း ရေလမ်းကြောင်း ဇွန် ၁၁ ရက်အထိ ပိတ်ထားမည်



ရန်ကုန် ၇-၆-၂ဝ၁၈

မဟာဓာတ်အားလိုင်း တည်ဆောက်ရေးအတွက် မြစ်ကူးဓာတ်ကြိုးဆွဲ လုပ်ငန်းများ ပြုလုပ်မည်ဖြစ်၍ တွံတေးတူးမြောင်း ရေလမ်းကြောင်းကို ဇွန် ၁၁ ရက်အထိ ပိတ်ထားမည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လက်ရှိတွင် ၂၃ဝ ကေဗွီ လှိုင်သာယာကျိုက်လတ် မဟာဓာတ်အားလိုင်း တည်ဆောက်လျက်ရှိရာ တွံတေးတူးမြောင်းကို ကျော်၍ မြစ်ကူးဓာတ်ကြိုးဆွဲခြင်း လုပ်ငန်းကို ဇွန် ၅ ရက်မှ ၁၁ ရက်အထိ နေ့စဉ် နံနက်၈ နာရီမှ ညနေ ၅ နာရီအထိ ဆောင်ရွက်လျက် ရှိကြောင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

တွံတေးတူးမြောင်းအတွင်း မြစ်ကူးဓာတ်အားလိုင်း ကြိုးဆွဲခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် တွံတေးကြိုးတံတား၏ အထက်ဘက် ရှစ်မိုင်အနီး ရေလယ်နေရာကို ကျော်ဖြတ်၍ သွယ်တန်းမည် ဖြစ်သဖြင့် လုပ်ငန်းဆောင်ရွက် နေစဉ်အတွင်း လုပ်ငန်းကြီးကြပ် ကွပ်ကဲရေးအဖွဲ့က နေ့စဉ်ပြေးဆွဲနေသည့် ရေယာဉ်များကို စောင့်ကြည့်ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေလမ်းအတွင်းမှ ဖြတ်သန်းမည့် ရေယာဉ်များအနေဖြင့် လုပ်ငန်းခွင်မှ လွတ်ကင်းရာနေရာ၌ ရပ်နားစောင့်ဆိုင်းပြီး ကြီးကြပ်ကွပ်ကဲရေး အဖွဲ့၏ ခွင့်ပြုချက်ရမှသာ ဖြတ်သန်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရေလမ်းသတိပေးချက် ထုတ်ပြန်ထားသည်။

တွံတေးတူးမြောင်းအတွင်း နေ့စဉ်ရေယာဉ် ၁၅ဝ ခန့် ဖြတ်သန်းလျက် ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger