www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 7, 2018

ကုန်းဘောင်ခေတ်လက်ရာ ရွှေနန်းတော်ကျောင်းကြီးကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရေး ဆိုင်ရာအဖွဲ့အစည်းများက ကြိုးစားဆောင်ရွက်သင့် ဟုဆို



မန္တလေး ၇-၆-၂ဝ၁၈

မန္တလေးမြို့ရှိ ကုန်းဘောင်ခေတ်လက်ရာ ရွှေနန်းတော် ကျောင်းကြီးသည် ယူနက်စကိုမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီသောကြောင့် ကမ္ဘာ့အမွေအနှစ် အဆောက်အအုံများ စာရင်းတွင် မှတ်တမ်းဝင်နိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများက ကြိုးစားဆောင်ရွက် သင့်ကြောင်းယနေ့ နံနက် ၁ဝ နာရီက ဂျက်ဖာဆင် စာကြည့်တိုက်၌ ပြုလုပ်သည့် ရွှေနန်းတော် ကျောင်းစီမံကိန်း ရှင်းလင်းပွဲတွင် ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေး အဖွဲ့စီမံကိန်း မန်နေဂျာ Mr. Jeffallen ကပြောပြ၍ သိရသည်။

ရွှေနန်းတော် ကျောင်းကြီးသည် မြန်မာတို့၏ ကုန်းဘောင်ခေတ် အနုပညာလက်ရာ များစွာဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံဖြစ်ပြီး လက်ရှိအချိန်ထိ မြန်မာလူမျိုးတို့၏ ရှေးဟောင်း အနုပညာ လက်ရာများစွာကို ပြသနိုင်သည့် အဆောက်အအုံ ဖြစ်သည်။

"ယူနက်စကို အသိအမှတ်ပြုဖို့ဆိုရင် ရှေးဟောင်း အမွေအနှစ်က မူလလက်ရာ ၅ဝ ရာခိုင်နှုန်းကျော် ရှိရင်ရပါတယ်။ အဲဒါထက်ပိုအရေး ကြီးတာက ပန်းပုထုတဲ့ နည်းပညာ၊ တည်ဆောက်တဲ့ နည်းပညာတွေက ရှေးဟောင်း အမွေအနှစ်ထိုက်တဲ့ ကုန်းဘောင်ခတ်က လက်သမားပညာ၊ ပန်းပုပညာတွေဖြစ်ဖို့ လိုအပ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ ကုန်းဘောင်ခေတ် လက်မှုပညာ၊ လက်သမားပညာ၊ယွန်းပညာ၊ ရွှေချတဲ့ပညာတွေကို ဒီကျောင်းမှာတွေ့မြင်နိုင်တယ်"ဟု ၎င်းက ပြောပြသည်။

ရွှေနန်းတော်ကျောင်းကြီးကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှစ၍ အမေရိကန်နိုင်ငံ သံအမတ်ကြီးများ ရန်ပုံငွေအဖွဲ့မှ ပံ့ပိုးလှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၅ဝ၅ဝဝဝ ဖြင့်လည်းကောင်း၊ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလအတွင်း၌ ထပ်မံ၍ပံ့ပိုးလှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၃ဝဝဝဝဝကျော်ဖြင့် လည်းကောင်း ယခင်ကုန်းဘောင်ခေတ် လက်ရာအတိုင်းပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"လက်ရှိရွှေနန်းတော် ကျောင်းကို ပြုပြင်မှု ၅ဝ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ။ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ပြုပြင်ဖို့ လိုအပ်တာတွေ ဆက်လက်ဆောင်ရွက် သွားပါမယ်။ ပြုပြင်ဖို့အတွက်လဲ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက် ရရှိပြီးဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger