ပုသိမ် ၁၈-၅-၂ဝ၁၈
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့တွင် အများပြည်သူ လုံခြုံရေးအတွက် မှုခင်းများကြိုတင် ကာကွယ်နိုင်ရန် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ပုသိမ်မြို့ လူစည်ကားရာ နေရာများ၌ လုံခြုံရေးကင်မရာ (CCTV) ၇၆ လုံးတပ်ဆင်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
လုံခြုံရေးကင်မရာ (CCTV) များကို ၂ဝ၁၇-၂ဝ၁၈ ဘတ်ဂျတ်မှ ရန်ပုံငွေကျပ် သိန်း ၃ဝဝကျော် အကုန်အကျခံကာ အရေးကြီး အဆောက်အအုံများ၊ အိမ်ရာများ၊ တံတးများ၊ မီးပွိုင့်များနှင့် လမ်းဆုံနေရာများတွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
"ယာဉ်တိုက်မှုတွေ ဖြစ်ပြီး ထွက်ပြေးတာတွေကို ညအချိန်ပဲဖြစ်ဖြစ် မှတ်တမ်းတင်နိုင်မယ်။ ညပိုင်းတွေမှာဖြစ်တဲ့ အမှုတွေမှာ မှတ်တမ်းတွေလဲ ရရှိနိုင်မှာဖြစ်ပါတယ်။ တခြားမြို့နယ်တွေက ပြစ်မှုကျူးလွန်လာပြီး ပုသိမ်မြို့ကို ဝင်လာရင်လဲ မှတ်တမ်းတင် အရေးယူနိုင်မှာ ဖြစ်တယ်။ မှုခင်းတွေနဲ့ အများပြည်သူ လုံခြုံရေးအတွက် အများကြီး အထောက်အကူပြုတဲ့ ပစ္စည်းဖြစ်ပါတယ်"ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောပြသည်။
လုံခြုံရေးကင်မရာ (CCTV) စောင့်ကြည့်ခြင်းကို ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် စင်တာထားရှိမည်ဖြစ်ကာ ရဲတပ်ဖွဲ့တာဝန် ရှိသူများ၏ ဖုန်းထဲတွင်လည်း ကြည့်ရှုနိုင်စေရန် စီစဉ်ပေးထားမည်ဖြစ်ပြီး မှုခင်းများ ဖြစ်ပွားပါက အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်စေရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
#Themyawadydaily






No comments:
Post a Comment