www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 30, 2018

ဧရာဝတီမြစ်အတွင်း မန္တလေး-ပုဂံလမ်းပိုင်း အဆင့်မြင့်ရေလမ်းပြ အမှတ်အသားများကို သြဂုတ်လတွင် စမ်းသပ်ချထားရန်လျာထား



မန္တလေး ၃၀-၅-၂ဝ၁၈

ဧရာဝတီမြစ်အတွင်း မန္တလေး-ပုဂံလမ်းပိုင်း အဆင့်မြင့် ရေလမ်းပြ အမှတ်အသားများ (Buoys) ကို သြဂုတ်လတွင် စမ်းသပ်ချထားရန် လျာထားကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒေသ-၅ မန္တလေး တိုင်းဒေသကြီး ရေလမ်းညွှန်ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသူရမျိုးက ပြောပြသည်။

ဧရာဝတီမြစ်အတွင်း ယခုလက်ရှိ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှ ကုန်တင်ရေယာဉ်များ အပါအဝင် ခရီးသည်များပါ တင်ဆောင်ပြေးဆွဲ နေသော ရေယာဉ်များအနေဖြင့် သောင်တင်မှုများ မဖြစ်ပေါ်စေရေးအပြင် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ဝါးတိုင်ဖြင့် ရေပေါ်နှင့် ကမ်းပေါ်များတွင် ရေလမ်းပြ အမှတ်အသားများကို ပြသပေးလျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်စနစ်နှင့်အညီ ဧရာဝတီမြစ်အတွင်း၌ လက်ရှိအသုံးပြု နေသည့် ရေလမ်းပြ အမှတ်အသားများ အစားနည်းပညာမြင့် Buoys များကိုအစားထိုး ပြသနိုင်ရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

"အခုအသုံးပြုနေတဲ့ အမှတ်အသားတွေက ဝါးတိုင်နဲ့ ပြသပေးနေတယ်။ နောက်ပိုင်း အဆင့်မြင့် နည်းပညာတွေနဲ့ ဝါးတိုင် အစားသတ္တုနဲ့ ပြုလုပ်ထားတဲ့ အမှတ်အသားတွေကို အစားထိုးသွားမယ်။ ပြီးတော့ အခု အမှတ်အသားတွေက ညပိုင်းမှာ သင်္ဘောတွေ အနေနဲ့ မမြင်တွေ့နိုင်ဘူး။ နောက်ပိုင်း တပ်ဆင်မယ့် ပစ္စည်းတွေက ဆိုလာစနစ်တွေ ပါတဲ့အတွက် သင်္ဘောတွေ အဆင်ပြေစွာ သွားလာနိုင်မှာပါ။ လာမယ့် သြဂုတ်လမှာ စမ်းသပ်ကာလ သတ်မှတ်ပြီး လုပ်ဆောင် သွားဖို့ရှိတယ်။ အဆင်ပြေရင်တော့ ခေတ်မီ နည်းပညာတွေ သုံးထားတဲ့ ရေလမ်းပြ အမှတ်အသားတွေနဲ့ အဆင့်မြှင့်တင်ပေး သွားမှာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

ဧရာဝတီမြစ်အတွင်း အဆင့်မြင့် ရေပေါ်ပြ အမှတ်အသား (Buoys) များကို မန္တလေး-ပုဂံကြား၌ သြဂုတ်လတွင် အခုရေ ၂ဝ ခန့်ကို ရေကြောင်း အနေအထား လေ့လာသုံးသပ်ချက်များ ပြုလုပ်ပြီး အဆင့်မြင့် ရေလမ်းပြအမှတ်အသားများ စမ်းသပ်နေရာချထား ပေးသွားရန် လျာထားကြောင်း သိရသည်။

ဧရာဝတီမြစ် အတွင်း၌လည်း သင်္ဘောများ ရေလမ်းကြောင်း မှားယွင်းကာ သောင်တင်မှုများမရှိဘဲ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်အတွက် လာမည့်ဇွန်လတွင် ဗန်းမော်-စဥ့်ကူ-ချောက်စသည့် ရေလမ်းကြောင်း တစ်လျှောက်ကို ရေပေါ်ပြ အမှတ်အသား အခုရေ ၁၆ဝ နှင့် ကမ်းပေါ်ပြ အမှတ်အသား အခုရေ ၁၆ဝ စုစုပေါင်း ရေလမ်းညွှန် အမှတ်အသား ၃၂ဝထိ စိုက်ထူပေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger