www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 16, 2018

မှန်ကန်သည့် ရဲစွမ်းသတ္တိဆိုသည်မှာ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်နှင့် ယှဉ်တွဲနေရမည်ဖြစ်ပြီး မျိုးချစ်စိတ်ဓာတ် ပျက်ပြားလျော့ နည်းစေမည့် လုပ်ရပ်မှန်သမျှကို အသိတရားဖြင့် ကာကွယ်ကြ



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟင်္သာတတပ်နယ်၊ ကွင်းကောက်ရှိ နယ်မြေခံသင်တန်းကျောင်းမှ နည်းပြအရာရှိ၊ စစ်သည်များနှင့်သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟင်္သာတတပ်နယ်၊ ကွင်းကောက်ရှိ နယ်မြေခံသင်တန်းကျောင်းမှ အရာရှိ၊စစ်သည်များနှင့် သင်တန်းသားများအတွက် သုတ၊ ရသစာအုပ်စာစောင်များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်စဉ်။

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဟင်္သာတတပ်နယ် ကွင်းကောက်ရှိ နယ်မြေခံသင်တန်းကျောင်းမှ အရာရှိ၊စစ်သည်များနှင့် သင်တန်းသားများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပုသိမ်မြို့ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အုန်းသားဆီနှင့် ဆက်စပ်ပစ္စည်းစက်ရုံ (ပုသိမ်)အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးစဉ်။

နေပြည်တော် ၁၆-၅-၂ဝ၁၈

တပ်မတော်သားများ၏ မှန်ကန်သော ရဲစွမ်းသတ္တိဆိုသည်မှာ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်နှင့် ယှဉ်တွဲနေရမည်ဖြစ်ပြီး မျိုးချစ်စိတ်သည် တိုင်းပြည်ကိုထိလျင်၊ ကိုယ့်အမျိုးကို ထိလျင်မခံချင်စိတ်၊ တိုင်းပြည်ချစ်စိတ်၊ ကာကွယ် လိုစိတ်ဖြင့် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အားကစားပွဲများတွင် မိမိတို့နိုင်ငံ အလံများဖြင့် လည်းကောင်း၊ နိုင်ငံတော်သီချင်းများ သီဆို၍လည်းကောင်း အားပေးဂုဏ်ပြုကြခြင်း၊ အနိုင်ရရှိပြီး ဆုတံဆိပ်ရရှိပါက မိမိတို့နိုင်ငံ အလံကိုဂုဏ်ယူ ၀ံ့ကြွားစွာ အလေးပြုခြင်း၊ တိုက်ပွဲဆင်နွှဲ၍ အောင်နိုင်ရာတွင် နိုင်ငံတော်အလံ၊ တပ်အလံများ လွှင့်ထူဂုဏ်ယူခြင်း တို့သည် မျိုးချစ်စိတ်ကို အခြေခံသည့် လုပ်ဆောင်ချက်များ၊ အလေ့အထများဖြစ်၍့ ယင်းမျိုးချစ်စိတ်ဓာတ်များ မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ် ပျက်ပြားလျော့ နည်းစေမည့် လုပ်ရပ်မှန်သမျှကို အသိတရားဖြင့် ကာကွယ်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့နေ့စဉ် ရွတ်ဆိုနေရသည့် သစ္စာလေးချက်အတိုင်း မိမိတို့၏ သန္နိဌာန်စိတ်ကို ခိုင်မာအောင်ဆောင်ရွက်ပြီး စစ်သားတစ်ခါဖြစ်ဖူးလျှင် ထာဝရစစ်သား (Once a Soldier Always a Soldier) ဆိုသည့်အတိုင်း နိုင်ငံတော် နှင့် တပ်မတော် အပေါ်သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ရန် လိုကြောင်း၊ သစ္စာဆိုထား ကြသူများပီပီ မိမိကိုယ်ကိုသစ္စာရှိရန်၊ မိမိတပ်အပေါ် သစ္စာရှိရန်၊ နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် တပ်မတော်အပေါ်သစ္စာရှိရန်၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရန် လိုကြောင်း၊ ထို့အတူ မိမိကိုယ်ကို အလိုမလိုက်ဘဲ မူးယစ်သေစာ သောက်စားပျော်ပါး မှုများကို ရှောင်ကျဉ်ရန် လိုပြီးလက်အောက်အား စနစ်တကျကြပ်မတ် ကွပ်ကဲရန်လိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဟင်္သာတတပ်နယ်၊ ကွင်းကောက်ရှိ နယ်မြေခံသင်တန်းကျောင်းမှ နည်းပြအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအားတွေ့ ဆုံအမှာစကားပြောကြား ရာတွင်ထည့်သွင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိ ကြီးများ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေတို့လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ဟင်္သာတတပ်နယ်၊ ကွင်းကောက်ရှိ နယ်မြေခံတပ်မတော် တန်းမြင့်လေ့ကျင့်ရေး ကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ကြီးက လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာများ၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် တပ်တည်ဆောက် ရေးလုပ်ငန်းကြီး (၄)ရပ် အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှု များအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်ရင်း/တပ်ဖွဲ့များအား လေ့ကျင့်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စစ်သည်တစ်ဦးချင်း၏ ကြံ့ခိုင်သန်မာမှုအတွက် ဆောင်ရွက်ရန် လိုအပ်မှုနှင့် 
သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ လေ့ကျင့်ပေးရန် လိုအပ်မှု၊ တာဝန်ပေးအပ်ထားသည့် အဆင့်အလိုက် သက်ဆိုင်သည့် လေ့ကျင့်ခန်းများအား ကျွမ်းကျင် ပိုင်နိုင်သည်အထိ လေ့ကျင့်ပေးရန် လိုအပ်မှုနှင့် တပ်ခြံစည်းရိုး တစ်လျှောက် အရိပ်ရလေကာပင်များ စနစ်တကျစိုက်ပျိုးရန် တို့အား မှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် သင်တန်းကျောင်းရှိ နည်းပြအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများ အားတွေ့ဆုံအမှာစကားပြောကြားရာတွင် တပ်မတော်တန်းမြင့် လေ့ကျင့်ရေး ကျောင်းသည် စစ်သည်တစ်ဦးချင်း၏ အခြေခံမှစ၍ ရာထူးအဆင့်ဆင့် အားထမ်းဆောင်နိုင်ရန် အတွက်လေ့ကျင့် ပေးနေသည့် သင်တန်းကျောင်းတစ်ခု ဖြစ်ကြောင်း၊ လေ့ကျင့် ချိန်ကာလကြာမြင့်သည်နှင့် အမျှစစ်သည် တစ်ဦးချင်းစီ၏ ကျွမ်းကျင်မှုနှင့် ကြံ့ခိုင်မှု ပိုမိုတိုးတက် ကောင်းမွန်ရမည် ဖြစ်ကြောင်း၊ သင်တန်းကာလ အလိုက်လေ့ကျင့်ရေး လုပ်ငန်းဆောင်ရွက် ပေးမှုများကို စနစ်တကျသင်ယူမှသာ ကြံ့ခိုင်မှုကိုရရှိ နိုင်မည်ဖြစ်ပြီး ထိုသို့ သာမန်ထက်ပို၍ ခံနိုင်ရည်ရှိသည့် ကျန်းမာကြံ့ခိုင်မှုရှိမှသာ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင် နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်သားတိုင်းသည် မည်သည့်လက်ရုံးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို စစ်မြေပြင်တွင်ခြေလျင် တပ်ဖွဲ့များကဲ့သို့ တိုက်ပွဲဝင်နိုင်ရမည် ဖြစ်ကြောင်း၊ ယင်းသို့ ထမ်းဆောင် နိုင်ရန်အတွက် ရာသီဥတုဒဏ်ကိုခံနိုင်၍ ကျန်းမာကြံ့ခိုင်မှု ရှိရန်လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး စစ်သည်တစ်ဦးချင်း လိုအပ်သည့် အာဟာရနှင့် ကိုက်ညီသည့် ရိက္ခာများကိုရရှိအောင် ဆောင်ရွက်ပေးထားပြီး အပြည့်အ၀စားသုံးရန်လို အပ်ကြောင်း မှာကြားသည်။

ယင်းနောက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် တပ်မတော်သား မိသားစုဝင်များ၏ သက်သာချောင်ချိမှုကို အထောက်အကူ ရစေပြီးမိမိတို့ကိုယ်တိုင် ထုတ်လုပ်သည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ ဖြစ်သောကြောင့် အာဟာရဓာတ်ပြည့်ဝစွာ ရရှိစေသဖြင့် ခန္ဓာကိုယ်ကျန်းမာ ကြံ့ခိုင်မှုကို အထောက်အကူ ပြုစေကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်၏ လေ့ကျင့်ရေး မူဝါဒဖြစ်သည့် လေ့လာ၊လေ့ကျင့်၊ လိုက်နာဆိုသည့် အတိုင်းဆောင်ရွက် ရမည်ဖြစ်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုများနှင့် ရဲစွမ်းသတ္တိရှိစေရန် လေ့ကျင့်သင်ကြား ပေးခြင်းဖြင့် တစ်ဦးချင်းမှ တပ်ဖွဲ့၊တပ်ဖွဲ့မှ တပ်မတော်တစ်ရပ်လုံး စွမ်းရည်ကိုမြှင့်တင်ရမည် ဖြစ်ကြောင်းနှင့် ရဲစွမ်းသတ္တိပြည့်ဝ နေစေရန်အတွက် မြန်မာ့သိုင်းသင်တန်းများ၊ လှံစွပ်ထိုးသင်တန်းများကို လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း၊ သင်တန်းကျောင်းများ တွင်သာမက မိမိတို့တပ်ရင်း ဌာနချုပ်များတွင်လည်း အမြဲလေ့ကျင့်နေရန် လိုအပ်ကြောင်း၊ မိမိတို့သင်ကြားထားသည့် စစ်ပညာရပ်များအား လက်တွေ့စစ်မြေပြင်တွင် အပြည့်အ၀အသုံးချရန်လိုအပ်ကြောင်း မှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းကျောင်း မှအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများ အတွက် သုတ၊ရသ စာအုပ်စာစောင်များ နှင့်စားသောက်ဖွယ်ရာများကို ပေးအပ်ရာကျောင်းအုပ်ကြီး ကလက်ခံရယူသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (ရေ)က စားသောက်ဖွယ်ရာများ ကိုလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ)က အားကစား ပစ္စည်းများကိုလည်းကောင်း၊ တိုင်းမှူးက စားသောက်ဖွယ် ရာများကို လည်းကောင်းအသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းသားစားရိပ်သာတွင် သင်တန်းသားများနှင့် အတူနေ့လယ်စားအားအတူတကွ သုံးဆောင်ကြသည်။

ဆက်လက်ပြီး ညနေပိုင်းတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် ပုသိမ်မြို့ရှိမြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အုန်းသားဆီနှင့်ဆက်စပ်ပစ္စည်း စက်ရုံ(ပုသိမ်)သို့ရောက်ရှိကြပြီး ရှင်းလင်းဆောင်တွင်တာဝန်ရှိသူတစ်ဦးက လုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများအားရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကအုန်းသားဆီ ကုန်ချောထုတ်လုပ်နိုင်ရေး၊ ကုန်ကြမ်းရရှိရေးအတွက် တပ်ခြံစည်းရိုးများတွင် အုန်းပင်များစနစ်တကျစိုက်ပျိုးရေးနှင့် နယ်မြေအတွင်းလိုအပ်သည့် အုန်းကုန်ကြမ်းပစ္စည်းများဝယ်ယူရရှိရေးတို့အား စနစ်တကျစီမံဆောင်ရွက်သွားရန်မှာကြားသည်။ ထို့နောက် စက်ရုံအတွင်း လှည့်လည်
ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြကြသည်။

အဆိုပါ အုန်းသားဆီနှင့်ဆက်စပ်ပစ္စည်းစက်ရုံ(ပုသိမ်)မှ ထုတ်လုပ်သည့် သဘာဝအုန်းသားဆီများကိုသုံးစွဲခြင်းဖြင့် လူ့ခန္ဓာ ကိုယ်၏ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်ရှိဒူး၊ တံတောင်စသောအဆစ်အမြစ်များ လှုပ်ရှားမှု ပိုမိုကောင်းမွန်လာခြင်း၊ အသက်အရွယ်ကြီးရင့်သူများသောက်သုံးပါက ဦးနှောက်ဆဲများကိုပိုမိုကောင်းမွန် စေသည့်အတွက် မှတ်ဉာဏ်ကျဆင်းမှုကို ကာကွယ်နိုင်ခြင်း၊ ဆီးချိုရောဂါရှိပါကသွေးအတွင်း သကြားဓာတ်ပါဝင်မှုကို ထိန်းညှိနိုင်သောကြောင့် ရောဂါသက်သာစေခြင်း၊ သွေးတိုးရောဂါရှိသူများခန္ဓာကိုယ် အတွင်း သွေးတိုးမှုကိုလျော့ကျစေခြင်း၊ သွေးအတွင်းမလိုအပ်သော အဆီပါဝင်သည့် ပမာဏကိုသိသာစွာလျော့ချပေးခြင်း၊ ကိုယ်အလေးချိန်ချရန်အတွက် လေ့ကျင့်ခန်းပြုလုပ်နေသူများ သောက်သုံးပါက ဇီဝကမ္မဖြစ်စဉ်ကို ပိုမိုလှုံ့ ဆော်ပေးသဖြင့်ကယ်လိုရီပိုမို လောင်ကျွမ်းစေခြင်း၊ ကလေးမွေးပြီးစနို့တိုက်မိခင်များ သောက်သုံးပါက ရင်သွေးငယ်အတွက်အာဟာရပြည့်ဝသောနို့ချိုပိုမိုထွက်စေခြင်းစသော အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger