www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 14, 2018

မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် ခွဲစိတ်ခြင်းမရှိဘဲ နှလုံးအဆို့ရှင် လဲလှယ်ခြင်းကို အောင်မြင်စွာကုသနိုင်



မန္တလေး ၁၄-၂-၂ဝ၁၈

မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် ခွဲစိတ်ခြင်းမရှိဘဲ နှလုံးအဆို့ရှင် လဲလှယ်ခြင်းကို မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင် အောင်မြင်စွာ ကုသနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါ ဆေးရုံကြီး နှလုံးဆေးကုဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ သန်းသန်းကြိုင်က ပြောပြ၍ သိရသည်။

ယခင်က နှလုံးအဆို့ရှင် လဲလှယ်ရန် အချိန်ကြာမြင့်စွာ ခွဲစိတ်၍ လဲလှယ်ခဲ့ရပြီး ယခုနှစ် ဖေဖော်ဝါရီ ၁၂ရက်တွင် စင်ကာပူနိုင်ငံ National University Hospital မှ နှလုံးအထူးကု ဆရာဝန်ကြီးနှစ်ဦး၏ နည်းပညာအကူအညီဖြင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှ နှလုံးအထူးကု ဆရာဝန်ကြီးများ၊ ခွဲစိတ်ဆရာဝန်ကြီးများ၊ မေ့ဆေးအထူးကု ဆရာဝန်ကြီးများနှင့် ဝန်ထမ်းများ ပူးပေါင်းကာ လူနာသုံးဦးကို ပေါင်ခြံမှတစ်ဆင့် နှလုံးအဆို့ရှင်လဲလှယ်ခြင်း (TABITranscutaneous Aortic Valve Implantation) ကုထုံးသစ်ဖြင့် အချိန်တိုအတွင်း မခွဲစိတ်ရဘဲ အောင်မြင်စွာဆောင်ရွက် ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

"အရင်တုန်းက အဆို့ရှင်လဲမယ်ဆိုရင် ရင်ဘတ်ကို ခွဲစိတ်ပြီးတော့ လဲလှယ်ရပါတယ်။ အခုခေတ်ပေါ် နည်းဖြစ်တဲ့ မခွဲရဘဲ ပေါင်ခြံကနေ ပိုက်ထည့်ပြီးတော့ နှလုံးအဆို့ရှင်ကို လဲလှယ်တာဖြစ်ပါတယ်။ လူနာလဲ သိပ်သက်သာ ပါတယ်။ မေ့ဆေးကလဲ အများကြီးပေးစရာမလိုပါဘူး။ တချို့လူနာတွေဆိုရင် ကျွန်မတို့က ထုံဆေးလေးနဲ့တင် စကားပြောရင်း လဲလှယ်ပေးပါတယ်။ လူနာငါးဦးကို ကုသပေးဖို့စီစဉ်ထားပြီး ၁၂ရက်ကတော့ သုံးယောက် ပြီးသွားပါပြီ။ သူတို့အားလုံး ကျန်းကျန်းမာမာနဲ့ ရှိနေပါတယ်။ အနာဂတ်ကာလတွေမှာ ဈေးနှုန်းပိုမို သက်သာတဲ့ အဆို့ရှင်တွေ ပေါ်ပေါက်လာမယ်။ နိုင်ငံတော်ကလဲ ကူညီပံ့ပိုးမယ်ဆိုရင် ဒီကုထုံးအသစ်နဲ့ လူနာ အများကြီးကို ကယ်တင်နိုင်မှာပါ"ဟု ၎င်းက ပြောပြသည်။

ပေါင်ခြံမှတစ်ဆင့် နှလုံးအဆို့ရှင် လဲလှယ်နိုင်ရန် အဆို့ရှင် ၁၂ခုကို အမေရိကန်နိုင်ငံ Edward Life Sciences ကုမ္ပဏီက လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အဆို့ရှင်တစ်စုံလျှင် အမေရိကန်ဒေါ်လာ လေးသောင်းကျော် တန်ဖိုးရှိကာ အဆိုပါ အဆို့ရှင်များသည် ၁ဝ နှစ်မှ ၁၅ နှစ်ထိသာ သက်တမ်းရှိကြောင်း မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီး နှလုံးရောဂါ အထူးကုဌာနမှ ပါမောက္ခ နှလုံးအထူးကု ဆရာဝန်ကြီး ဒေါက်တာကျော်စိုးဝင်းက ပြောပြ၍ သိရသည်။

"အရင်တုန်းက ခွဲစိတ်ထည့်တဲ့ အဆို့ရှင်တွေက Metal ဆိုတော့ နှစ်ရှည်လများ ခံပါတယ်။ ဒါပေမဲ့ တစ်သက်လုံး သွေးမခဲဆေး သောက်နေရပါတယ်။ မတော်တဆ သွေးခဲပိတ်ပြီး သေနိုင်ပါတယ်။ လေဖြတ်တာတို့၊ ဟိုနေရာဒီနေရာ သွားပိတ်တာတို့ ဖြစ်နိုင်ပါတယ်။ အခုအဆို့ရှင်က နွားရဲ့ နှလုံးအမှေးပါးကို ခွာယူပြီး သံချေးမတက်တဲ့ သံဆန်ခါ ကလေးပေါ်မှာ ချုပ်ချက်ပေါင်း နှစ်ထောင်ကျော်နဲ့ ချုပ်ထားပါတယ်။ အတော်လက်ဝင်လို့လဲ ပစ္စည်းတန်ဖိုးက ကြီးမားပါတယ်။ ဒီအဆို့ရှင်လေးကို အသက် ၇ဝနှစ်အရွယ်ရှိသူကို တပ်ပေးလိုက်ရင် ၈၅ နှစ်မှာပြန်လဲရပြီး အရင်ရောဂါ ဝေဒနာကို ပြန်ခံစား ရနိုင်ပါတယ်။ ဒါကြောင့် အသက်ကြီးသူကို ဦးစားပေးလဲလှယ်ပေးတာဖြစ်ပါတယ်။ ဒီကုထုံးရဲ့ကောင်းကျိုးက ခွဲစိတ်မှုဒဏ်မရှိပါဘူး။ မေ့ဆေးဒဏ် မရှိပါဘူး။ ခွဲစိတ်ပြီးနောက် ထထိုင်နိုင်ပြီ။ စားနိုင်၊ သောက်နိုင်ပါပြီ"ဟု ၎င်းက ဆက်လက်ပြောပြသည်။

နှလုံးအဆို့ရှင် လဲလှယ်ကုသမှုခံယူသူ အသက် ၆၉ နှစ်အရွယ် မန္တလေးမြို့မှ ဦးဘိုမောင်က "ဒီဝေဒနာခံစားရတာ တစ်နှစ်ကျော်ကျော် လောက်တော့ ရှိပါပြီ။ ဒီကိုလာပြတဲ့အခါမှာ ဒီရောဂါကုဖို့အတွက် ရင်ဘတ် ခွဲရမယ် ပြောပါတယ်။ ခွဲရမယ်ပြောတော့ ရင်ဘတ်မခွဲချင်ဘူး။ ပေါင်ခြံကနေ ကုရတဲ့ ကုထုံးတော့ရှိတယ်။ မလုပ်နိုင်သေးဘူး၊ လုပ်နိုင်ရင် လုပ်မလားလို့ ဒီကဆရာဝန်ကြီးတွေက ပြောထားပါတယ်။ အခုလုပ်နိုင်တဲ့ အတွက် အခုကျွန်တော် မခွဲစိတ်ရဘဲ အဆို့ရှင်လဲလိုက် နိုင်ပါတယ်။ ဒါကြောင့် အခုကောင်းကောင်းမွန်မွန် နေနိုင်ပါတယ်။ ဒီရောဂါကို ကုသပေးတဲ့ ဆေးရုံကြီးက ဆရာဝန်ကြီးတွေ၊ သူနာပြုတွေ၊ အဆို့ရှင်လှူဒါန်းပေးတဲ့ ကုမ္ပဏီနဲ့ စင်ကာပူကနေလာပြီး ကုသပေးတဲ့ ဆရာဝန်ကြီးတွေရော အားလုံးကို ကျေးဇူးတင်ပါတယ်"ဟု ပြောပြသည်။

၎င်းကဲ့သို့ အဆို့ရှင် လဲလှယ်ခြင်းကုထုံးကို ပြင်သစ်နိုင်ငံမှ ဆရာဝန်ကြီး တစ်ဦးက ၂ဝဝ၂ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့သော်လည်း ၂ဝဝ၉ခုနှစ်နောက် ပိုင်းမှသာ တွင်ကျယ်စွာ ကုသလာခဲ့ပြီး ဂျပန်နိုင်ငံသည် ပထမအများဆုံးကုသမှု ဆောင်ရွက်သော နိုင်ငံဖြစ်ကာ စင်ကာပူနိုင်ငံသည် ဒုတိယအများဆုံး ကုသမှုဆောင်ရွက်သော နိုင်ငံဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင်မူ ပထမဆုံး အကြိမ်လဲလှယ်ခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger