www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 13, 2018

မြန်မာ့စိန်တလုံး သရက်မျိုးကွဲများမှ အကောင်းဆုံး စိန်တလုံးသရက် မျိုးသန့်ရရှိရန် သုံးနှစ်ခန့်သုတေသန ပြုလုပ်သွားမည်ဟုဆို



မန္တလေး ၁၃-၂-၂ဝ၁၈

မြန်မာ့စိန်တလုံး သရက်မျိုးကွဲများမှ အကောင်းဆုံးစိန်တလုံး သရက်မျိုးသန့်ရရှိရန် သုံးနှစ်ခန့် သုတေသနပြုလုပ် သွားမည်ဖြစ်ကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုး တိုးတက်ရေး အသင်း (မန္တလေး ထံမှ သိရသည်။

စိန်တလုံး သရက်မျိုးကွဲများထဲမှ အရည်အသွေးနှင့် အသီးတင်နှုန်း အကောင်းဆုံး အောက်ခံပင်မျိုးကွဲကို ကိုင်းကူး၍ စမ်းသပ်သုတေသန ပြုလုပ်သွားမည် ဖြစ်ပြီးသုတေသနကို စိုက်ပျိုးရေးဦးစီး ဌာနနှင့်ညှိနှိုင်း၍ ယခုနှစ်အတွင်း စတင်ဆောင်ရွက် သွားရန်စီစဉ် ထားကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌဦးကိုကိုက ပြောပြသည်။

"သရက်က အောက်ခံပင်ကိုင်းကူးရင် အောက်ခံပင်နဲ့သဟဇာတ မဖြစ်တာတွေ ရှိတတ်တယ်။ စိန်တလုံးမျိုးမှာ ဘယ်အောက်ခံပင်က အကောင်းဆုံးဖြစ်မလဲ။ ကိုင်းကူးတဲ့အခါ အောက်ခံပင်က ဘယ်လောက်လွှမ်းမိုးနိုင်မလဲ။အောက်ခံပင် နိမ့်နိမ့်နဲ့အသီးတင် နှုန်းများပြီး အရသာအရှိဆုံးမျိုး သန့်ရဖို့ သုတေသနပြုလုပ်မှာပါ။ သုတေသနရန်ပုံငွေ အတွက် Account လဲဖွင့်ထားပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။

မျိုးသန့်ရရှိရန် သုတေသန ပြုလုပ်ရာတွင် အောက်ခံပင်ကြီး ထွားပုံအဆင့်ဆင့် ကိုင်းဆက်ခြင်း၊ အောက်ခံပင်၏ လွှမ်းမိုးမှုစသည် တို့ကိုလေ့လာ စောင့်ကြည့်စမ်းသပ် သုတေသနပြုလုပ်ရမည် ဖြစ်ပြီးသုတေသန ပြုလုပ်ချိန်သုံးနှစ်ခန့် ကြာမြင့်နိုင်ကြောင်း သိရသည်။

"မျိုးသန့်ရလာရင်တော့ အကောင်းဆုံး၊ အရသာအရှိဆုံး အပင်နိမ့်နိမ့်နဲ့ အသီးအတင်ဆုံးမျိုးကို တည်တည်တံ့တံ့ ရလာမှာဆိုတော့ ကိုင်းကူးပြီး ဆက်ပွားသွားရင် ထပ်တူအပင်တွေ ရလာမှာဖြစ်တဲ့အတွက် သရက်စိုက်တောင်သူ တွေ အကျိုးရှိလာမှာပါ"ဟု၎င်းက ပြောပြသည်။

မြန်မာနိုင်ငံတွင် စိန်တလုံး သရက်မျိုးကွဲ ငါးမျိုးခန့်ရှိပြီး စိန်တလုံးသရက်မှာ ပြည်ပပို့ကုန်သရက် အမျိုးအစားဖြစ်ကာ လက်ရှိတွင် တရုတ်နိုင်ငံသို့ အဓိကတင်ပို့ နေသည့်အပြင် အနှစ်ထုတ်၍ ရုရှားနိုင်ငံနှင့် အခြားနိုင်ငံများကိုပါတင်ပို့နေရပြီ ဖြစ်သည်။

စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံတွင် သရက်စိုက်ဧက ၂၅ဝဝဝဝ ခန့်ရှိပြီး မန္တလေးတိုင်း ဒေသကြီးတွင် စုစုပေါင်းသရက်စိုက် ဧက ၃၅ဝဝဝ ခန့်ရှိကာ စိန်တလုံးသရက်စိုက်ဧကမှာ ၁၇ဝဝဝခန့်ရှိကြောင်းအဆိုပါ အသင်းထံမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger