စစ်ကိုင်း ၁၃-၂-၂ဝ၁၈
စစ်ကိုင်းမြို့ စစ်ကိုင်းစက်မှုဇုန် အရှေ့ထိပ်နှင့် တောင်ဖီလာဘုရား အနီးတွင် ဂျပန်နိုင်ငံ JICA ချေးငွေအကူအညီဖြင့် တည်ဆောက်ခဲ့သည့် အဆင့်မြင့် မြစ်ရေတင်မြို့ရေ ပေးဝေရေးစီမံကိန်းမှ နေ့စဉ်ရေဂါလန် လေးသိန်းကျော် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ယခု ရေပေးဝေရေး လုပ်ငန်းသည် ဧရာဝတီမြစ်မှ တစ်ဆင့် ပေ ၂၄ဝဝ ဝေးသော ပယ်ငါးဆယ် ကျေးရွာအနီးရှိ ဂါလန်ခြောက်သောင်း ဆံ့ရေစုကန်သို့ ပွန်တွန်းဖြင့် တွန်းတင်၍ လည်းကောင်း၊၎င်းရေစုကန်မှ ခြောက်လက်မ GI ပိုက်ဖြင့် ၈၈၈၃ပေ ကွာဝေးသော လက်ရှိနေရာ ရေစစ်ကန်သို့လည်းကောင်း၊ ၎င်းရေစစ်ကန်မှ အဆင့်ဆင့် သန့်စင်ပြီး ရေသန့်အဆင့်မီ မြစ်ရေများကို ၁၄၂ဝ၉ပေကွာဝေးသော ဇေယျာရပ်ကွက်ရှိ ရပ်ကွက် ရေဖြန့်ဝေကန်သို့ စက်ဖြင့်တွန်း၍ လည်းကောင်း၊ ပေ၆ဝဝဝ ကွာဝေးသော ရွှေမင်းဝံ့ရပ်ကွက်ရှိ ရေဖြန့်ဝေကန်သို့ လည်းကောင်း တိုက်ရိုက်ဖြန့်ဝေ ပေးသွားမည် ဖြစ်ပြီး ရေဖြန့်ဝေကန်များမှ တစ်ဆင့် အိမ်တိုင်ရာရောက် အမြင့်မှအနိမ့်သို့ စီးဆင်း သောစနစ်ဆောင်ရွက် ပေးထားကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
"ရေဖြန့်ဝေကန်က တစ်ဆင့် အိမ်တိုင်ရာရောက် အမြင့်မှအနိမ့်ကို စီးဆင်းတဲ့စနစ်နဲ့ ဆောင်ရွက်ပေး ထားတာဖြစ်ပါတယ်။ ရေပေးဝေမယ့် ရပ်ကွက်တွေကတော့ ဇေယျာရပ်ကွက်၊ ရွှေမင်းဝံ့ရပ်ကွက်၊ မြရတနာနဲ့ နီလာဦး ရပ်ကွက်တွေကို ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။လက်ရှိ ဖြန့်ဝေကန်နဲ့နီးတဲ့ ပညာရေး တက္ကသိုလ်ကိုလဲ ပေးဝေနိုင်ရေး စီစဉ်ထားပြီးဖြစ်ပါတယ်။ ဒီစီမံကိန်းက နေ့စဉ်ရေဂါလန် လေးသိန်းကျော်ကို ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်"ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောပြ၍ သိရသည်။
#Yadanarpondaily






No comments:
Post a Comment