ဆောင်းပါး ၂၆-၂-၂ဝ၁၈
စကားပြောစွမ်းရည်နဲ့ ပတ်သက်တဲ့ မြန်မာမူရင်း စာအုပ်တော်တော်များများနဲ့ ပရိသတ်ကို ဟောနည်းပြောနည်း (ဘာသာပြန်) စာအုပ်တချို့ကို ဖတ်ရှုလေ့လာဖူးပါတယ်။ နှုတ်မှုစွမ်းရည်ဆိုတာ အကြီးအမှူး၊ ခေါင်းဆောင် တာဝန်ထမ်းဆောင်ရတဲ့ ပုဂ္ဂိုလ်တွေအတွက် မရှိမဖြစ် အရည်အသွေးတစ်ရပ် ဖြစ်ပါတယ်။ တပ်မတော်အရာရှိ သင်တန်းတွေမှာလည်း မိမိတို့ရဲ့ ကိုယ်တွေ့တိုက်ပွဲ အတွေ့အကြုံတွေကို တခြားသင်တန်းသားတွေ ရှေ့ထွက်ပြီး ဟောပြောစေတဲ့ လေ့ကျင့်ခန်းမျိုးတွေ လုပ်ရပါတယ်။ တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး စတဲ့အဆင့်ဆင့် ရာထူးတာဝန်ဆိုင်ရာ သင်တန်းအားလုံးမှာ သင်ကြားပါတယ်။ စစ်ဦးစီးတက္ကသိုလ်၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တို့မှာလည်း ပါတာပဲ။ ပရိသတ်ရှေ့ ဟောပြောတာလည်း ပါတယ်။ အုပ်စုဖွဲ့ဆွေးနွေးငြင်းခုံ တိုင်ပင်ကြတာလည်း ပါတယ်။ လူမှုရေး၊ အုပ်ချုပ်ရေး၊ စီမံရေး၊စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘယ်နယ်ပယ်မှာမဆို ခေါင်းဆောင် လုပ်တဲ့လူဟာ လူအများကို ကိုယ်ပြောပြချင်တဲ့ အချက်အလက် အကြောင်းအရာနဲ့ သဘောထား အယူအဆကို ရှင်းရှင်းလင်းလင်း ပြေပြေပြစ်ပြစ်နဲ့ အစီအစဉ်တကျ ပြောပြတတ်မှ နားထောင်ရတဲ့သူတွေက နားဝင်လက်ခံမှာပေါ့။ ဒါဟာ ခေါင်းဆောင်ရဲ့တာဝန်ပဲ။
စင်ပေါ်မှာပဲဖြစ်ဖြစ်၊ စကားဝိုင်းမှာပဲ ဖြစ်ဖြစ်ပရိသတ်ကို စိတ်နှလုံးခံစား နားလည်သွားအောင် ပြောဆိုတဲ့နေရာမှာ သိမ်းကျုံးဆွဲဆောင် နိုင်ကြတဲ့ စကားပြောစွမ်းရည် ထူးချွန်ကြတဲ့ ပုဂ္ဂိုလ်တွေရှိခဲ့ပါတယ်။ ဥပမာတင်ပြရရင်-
၁။ သုခ
၂။ လူထုဦးလှ
၃။ ဦးဆန်းထွန်း
၎။ ဗိုလ်ဗကို
၅။ ဗိုလ်ကလေးတင့်အောင်
၆။ အောင်သင်း
၇။ ဂုဏ်ထူးဦးသိန်းနိုင်
၈။ မောင်ဆုရှင်
၉။ လယ်တွင်းသားစောချစ်
၁ဝ။ ချစ်ဦးညို
ကိုယ်တိုင်ကိုယ်တွေ့ ကြုံဖူးကြားဖူးတဲ့ ဆရာတွေ ဖြစ်ပါတယ်။ တခြားသူတွေရဲ့ တစ်ဆင့်ပြောစကားအရ အောက်ပါပုဂ္ဂိုလ် တွေဟာလည်း စကားပြောစွမ်းရည် အလွန်တော်ကြောင်း ကြားဖူးမှတ်ဖူးပါတယ်။
၁။ ဦးနု
၂။ ဝိဓူရသခင်ချစ်မောင်
၃။ မောင်ကိုယု
၎။ မောင်သော်က
၅။ အခြားထင်ရှားသူများ
လေ့လာဆည်းပူးပြီး အတုယူသင့်ပါတယ်။ စာရေးဆရာတွေထဲမှ စာရေးကောင်းသူ တိုင်းလည်း စကားပြောစွမ်းရည် ထူးချွန်ကြတာတော့ မဟုတ်ဘူး။ စာရေးတဲ့ပညာနဲ့ စကားပြောတဲ့ပညာဟာ တစ်ဘာသာစီ သီးခြားရှိနေတဲ့ အချင်းအရာများ ဖြစ်ကြပါတယ်။ ပရိသတ်ကို စင်ပေါ်ကနေ ပြောရာမှာပဲဖြစ်ဖြစ်၊ ဆွေးနွေးပွဲစကားဝိုင်း ထဲမှာပဲဖြစ်ဖြစ်၊ စကားပြောစွမ်းရည် တော်တဲ့ လူကတော်တာပဲ။ စာရေးရာမှာတော့ ထူးချွန်ချင်မှ ထူးချွန်မယ်။ နှစ်မျိုး၊ နှစ်ဘာသာလုံး တော်တဲ့၊ ကျော်တဲ့ပုဂ္ဂိုလ်တွေလည်း ရှိကြပါတယ်။ ထင်ရှားသူတွေလည်း ရှိနေပါတယ်။ ဘယ်နယ်ပယ်မှာမဆို ဦးစီးခေါင်းဆောင်နေရာ တာဝန်ယူ ရမယ့်လူဟာ စကားပြောစွမ်းရည်တော့ အထိုက်အလျောက် ရှိဖို့လိုတာကို အားလုံးလိုလို သဘောပေါက်ပါတယ်။ ဘယ်လိုသင်ယူ လေ့ကျင့်ရမလဲဆိုတဲ့ နည်းနာနိဿယကိုသာ သိချင်မှသိမယ်။ တော်သလို လျော်သလို ကြည့်စခန်းသွားတာ ပေါ့ဆိုပြီး ပေါ့ပေါ့တန်တန် သဘောထား ကြသူမျိုးလည်း ရှိကောင်းရှိမှာပါ။ မသင်ယူရင် မတတ်ပါ။ ခေါင်းဆောင်လုပ်ရပြီဆိုရင် ပြောတတ်၊ဆိုတတ်၊ ပြောနိုင်၊ ဆိုနိုင်ဖြစ်ရင် အကောင်းဆုံးပေါ့။ ထိုင်းနိုင်ငံမှာ ပါလီမန်ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းပြီး ထိုင်းတပ်မတော်က တာဝန်ယူ အုပ်ချုပ်နေတာ လေးနှစ်လောက် ကျော်ရောပေါ့။ ဒါပေမယ့် ဝန်ကြီးချုပ်လုပ်တဲ့ ဗိုလ်ချုပ်ကြီးက တစ်ပတ်တစ်ကြိမ် ထိုင်းပြည်သူလူထုကို ရုပ်မြင်သံကြားကနေပြီး စကားပြောတယ်။သူက အစီရင်ခံတယ်ဆို ချင်ဆိုပေါ့။ နာရီဝက်လောက် အပတ်စဉ်ပြည်သူနဲ့ ထိတွေ့စကားပြောပါတယ်။
တစ်ချိန်က မြန်မာနိုင်ငံအစိုးရ သမ္မတ ဦးသိန်းစိန်ကလည်း လစဉ်မပျက်ပြည်သူကို ရေဒီယိုကတစ်ဆင့် စကားပြောပါတယ်။ တစ်လတာ အစိုးရရဲ့ဆောင်ရွက်ချက်တွေ၊ မူဝါဒ၊ သဘောထား၊ မျှော်မှန်းချက်တွေလည်း ပါတာပေါ့။ လစဉ်၊လစဉ် အစီရင်ခံထိတွေ့တဲ့သဘော။ ပြည်သူကရွေးချယ် တင်မြှောက် တာဝန်ပေးထားတာလေ။ အမြဲတစေ ပြန်လည် တင်ပြအစီရင်ခံ တာဟာသူရဲ့တာဝန်သိမှု၊ တာဝန်ကျေပွန်မှု၊ လေးစားမှု၊ ပြည်သူကို ဦးထိပ်ထား၊ ဦးစားပေးမှုကို တွေ့ကြရတာပါပဲ။ ဒီလိုအဆက်မပျက် ထိတွေ့နေတော့ ပွင့်လင်း မြင်သာပါတယ်။ အစိုးရနဲ့ပြည်သူ အပြန်အလှန် ယုံကြည်မှုလည်း ရှိကြတယ်။ ဦးသိန်းစိန်ဟာ အပြောကောင်းလှတဲ့သူတော့ မဟုတ်ပေမယ့် ရိုးဂုဏ်ရှိပါတယ်။ သူ့ရဲ့ဖြောင့်မတ် ဖြူစင်မှုကို မြင်တွေ့နိုင်တယ်။ တရားတရား၊ ဟောဖန်များရင် တရားထဲကပါဠိရ။ စကားစကား၊ ပြောဖန်များရင် စကားထဲက ဇာတိပြသတဲ့။ ရှေးဆိုရိုးစကားလည်း ရှိထားတော့ တချို့က စကားများများ မပြောရဲဘူး။ ရွံ့တယ်။ စကားဆိုတာ ဆိုရေးရှိက ဆိုအပ်လှ၏တဲ့။ ပြောသင့်တဲ့အချိန်အခါ၊ ပြောသင့်တဲ့နေရာမှာ ရှောင်လွှဲမနေဘဲ ပြောကိုပြောရမှာပဲ။ မြုံစိစိလုပ် နေလို့မဖြစ်ဘူး။ မပြောရင်ကင်းကွာ သွားမှာပေါ့။စကားကောင်းကောင်း ပြောတတ်ချင်ရင် စာများများဖတ်ပါလို့ ဦးစွာပထမ အကြံပြုပါရစေ။ သတင်းစာ၊ စာစောင်၊ မဂ္ဂဇင်း၊ ဂျာနယ်တွေကို မပြတ်တမ်းဖတ်သင့်ပါတယ်။ သီးခြားဗဟုသုတရှိနိုင်တဲ့ စာအုပ်စာပေအမျိုးမျိုးကိုလည်း ရှာဖွေဖတ်ရှုသင့်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဦးသန့်တို့ ကမ္ဘာကျော်လောက်အောင် ခေါင်းဆောင်မှုကောင်းမွန်ထူးချွန် ကြတာဟာ အထက်တန်း ကျောင်းသားဘဝ၊ တက္ကသိုလ်ကျောင်း သားဘဝကတည်းက အလွန်စာပေမွေ့လျော်ခဲ့တဲ့ လူငယ်တွေမို့ လူကြီးလူကောင်း ဖြစ်လာကြခြင်းပါ။
ခေါင်းဆောင်ပီပီသသ ဖြစ်လာကြတဲ့ သူမှန်သမျှကတော့ အားကြီးစာဖတ်တဲ့ လူချည်းပဲ။ စာမဖတ်ဘဲဘယ်သူမှ ထိပ်တန်းမရောက်နိုင်ပါဘူး။ စာဖတ်တဲ့သူတွေက နယ်ပယ်အသီးသီးမှာ အောင်မြင်ထူးခြားတဲ့ ပုဂ္ဂိုလ်တွေဖြစ်လာ ပါတယ်။"ကျွန်တော်ဟာ နားထောင်ရတာကို သဘောကျတယ်။ ဂရုတစိုက်နားထောင် ခြင်းကြောင့် တခြားလူတွေ ဆီကနေ အများကြီး သင်ယူနိုင်ခဲ့တယ်။ လူအများစုကတော့ ဘယ်တာ့မှ နားမထောင်တတ်ကြဘူး"တဲ့။ကမ္ဘာကျော် အမေရိကန် စာရေးဆရာ အာနက် (စ်) ဟယ်မင်ဝေးက ပြောခဲ့ဖူးပါတယ်။ ဟုတ်တယ်။ ပြောသူမလုပ်ခင် အရင်ဦးစွာ ကောင်းကောင်းနားထောင် တတ်တဲ့လူဖြစ်အောင် ကိုယ်တိုင်လေ့ကျင့် ရပါမယ်။ နားထောင်တတ်အောင် သင်ယူပါလို့ "How To Talk To Anyone"ဆိုတဲ့စာအုပ်ရဲ့ထိပ်ဆုံး အဖွင့်စာမျက်နှာမှာ ရေးထားတာ ဖတ်ရတယ်။ သေသေချာချာ နားထောင်တတ်ရဲ့လား။ အခုမှစတွေ့တဲ့ လူတစ်ယောက်နဲ့ စကားစပြော ရမယ်ဆိုရင် ဘာနဲ့စပြောမလဲ။ အခုတလော ဖြစ်ပျက်နေတဲ့ သတင်းတွေအကြောင်း ဒါမှမဟုတ် လက်ရှိလူကြိုက်များနေတဲ့ ဇာတ်ကား ဒါမှမဟုတ် သီချင်းဒါမှမဟုတ် တစ်ခုခုပေါ့။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိနေတာ ဖြစ်နေတာ တွေပြောပြီး စလို့ရပါတယ်တဲ့။ နားထောင်သူနဲ့ အလွမ်းသင့်အောင် စပျိုးနိုင်ရမယ်။ စကားပြောတဲ့နေရာမှာ သင်ဘာပြောတယ် ဆိုတာက အရေးမကြီး လှပါဘူးတဲ့။ ဘာကအရေးကြီးတာလဲ။''အရေးအကြီးဆုံးက သင်ဘယ်လို ပြောတာလဲဆိုတဲ့ အချက်ပါပဲ''တဲ့။ သိရပြီနော်။ ဒီအချက်ဟာ အဓိက အရေးကြီးဆုံးပဲတဲ့။ သင်ကဘယ်လို ပြောသလဲဆိုတဲ့ ပြောဆိုပုံပြောဆို နည်းဟာ အရေးအကြီးဆုံး ဆိုပါလား။ ဒါကအပြောင်းအလဲ တွေအများကြီး ဖြစ်စေပါတယ်။ ဘာဖြစ်လို့လဲ?သင့်ရဲ့အသံ၊ သင့်ရဲ့လေယူလေသိမ်း၊ မျက်နှာအမူအရာ၊ ခန္ဓာကိုယ်ဘာသာစကား (Body Language) က ဆက်သွယ်ပြောဆိုမှုရဲ့ အဓိကသော့ချက်ဖြစ်နေလို့ပါတဲ့။
အဲဒီစာအုပ်ထဲက ဖတ်ရမှတ်ရတဲ့ အချက်တချို့ကို စာရေးသူကကြိုက်လို့ အကျဉ်းချုပ်ကောက်နုတ် မျှဝေလိုပါတယ်။ စာဖတ်သူလည်း ကြိုက်ရင်ယူပေါ့။ မကြိုက်ရင်တော့လည်း ထားပေါ့။
၁။ စကားပြောရာမှာ အရှိန်လျှော့ပါတဲ့။အကြောင်းအရာ တစ်ခုခုပြောရင် စိတ်ပါလာတဲ့အခါ ဒါမှမဟုတ် စိတ်လှုပ်ရှားတဲ့အခါ လောလောမြန်မြန် ပြောမိတတ်တယ်။ မလောပါနဲ့။ သတိပြုပါ။ မမြန်ပါနဲ့။ ပီပီသသ မှန်မှန်ပြောပါ။ထွန်းဝေ၊ ဘီအီးဒီအောင်သိုက်၊ မြတ်လေးတို့ ပြောတာမျိုးက နားထောင်လို့ ကောင်းတယ် မဟုတ်လား။ ရှင်းရှင်းလင်းလင်းရှိတယ်လေ။
၂။ ကျယ်ကျယ်ပြောပါ။ သူတို့ကြားရလောက် အောင်တော့ပြောပါ။ အော်ပြောစရာမလိုပေမယ့် တိုးတိုးလေး မကြားတကြားပြောရင် အလကားပဲ။ မထိရောက်ဘူး။ (တချို့အမျိုးသမီးတွေပြောတာ မပွင့်တပွင့်။ မရှင်းပါ။)
၃။ ခံစားချက် အပြည်နဲ့ပြောပါ။ စိတ်ပါလက်ပါ ပြောပါ။ အသံအနိမ့်အမြင့်မရှိဘဲ ပြောနေမယ်ဆိုရင် ဘယ်သူမှ နားမထောင်ချင်ဘူး။ အသံထဲမှာ ခံစားချက်တွေ ရောင်ပြန်ဟပ် နေပါစေ။ ဒါက အဓိကသုံးချက်ပါ။ စကားဝိုင်းဖွဲ့ ပြောတဲ့အခါ-၁။ စကားဝိုင်းထဲမှာ အားလုံးပါဝင်ပါစေ။ အချိန်မျှဝေပေးပါ။ ၂။ သူများပြောနေစဉ် ကြားဝင် ဖြတ်မပြောပါနဲ့။ ၃။ ငြင်းခုံတာမျိုးရှောင်ပါ။ ၄။ ငါ့စကားနွားရ အနိုင်ရပြီးရော မပြောနဲ့။ သင်နိုင်လို့လည်း ဘယ်သူကမှ အထင်မကြီးဘူး။
၅။ ထိုင်ခုံမှာ သက်သောင့်သက်သာ ထိုင်ပါ။
၆။ သူများပြောတာတွေကို စိတ်ဝင်တစားနဲ့ နားထောင်ပါ။ သေသေချာချာ နားထောင်ပါ။
၇။ စိတ်ကောင်းစေတနာ ကောင်းနဲ့ အကြံကောင်း၊ ဥာဏ်ကောင်းပေးပါ။
၈။ ပြုံးပြုံးရွှင်ရွှင် လေးလေးစားစားပြောပါ။
သူများကောင်းတာ ပြောရင်လည်း ထောက်ခံအားပေးပါ။
၉။ အဆက်အစပ်ရှိအောင် ပြောပါ။
၁ဝ။ ကောင်းတဲ့ခံစားချက်တွေ မျှဝေပါ။
၁၁။ ညည်းညူ ပြောဆိုတာမျိုး မပြောနဲ့။
၁၂။ သူတစ်ပါးမကောင်းကြောင်း၊ ပုတ်ခတ်၊ ရှုတ်ချတိုက်ခိုက်တာမျိုး မပြောပါနဲ့။
၁၃။ ခန္ဓာကိုယ် ဘာသာစကားကို ပိုမိုကောင်းမွန်အောင် သတိထားပါ။
၁၄။ ရယ်ရွှင်ဖွယ်၊ ရယ်မောစရာ ပြောသင့်ရင် ပြောပါ။ (လေးနက်တာ ပြောနေကြစဉ်မှာ အရွှန်းဖောက်မိလို့ ထောင်တန်တဲ့ စကားဟာ ရယ်စရာပြောလို့ ပေါ့ပျက်သွားရတယ် ဆိုတာမျိုးတော့ ဆင်ခြင်ရပါမယ်။)
၁၅။ တစ်ဖွဲ့လုံး၊ တစ်ဝိုင်းလုံး တက်ညီ၊ လက်ညီချစ်ခင် စည်းလုံးရေးကို ရှေ့ရှုပါ။ တစ်ကိုယ်ကောင်း မဆန်မိပါစေနဲ့။ အပြုသဘော ဆောင်တဲ့ သဘောထားနဲ့မျှဝေပါ။ နိဂုံးချုပ်အနေနဲ့ အကြံပြုချင်တာက စကားပြော စွမ်းရည်နဲ့ ပတ်သက်ရင် ဘယ်သူမဆို တိုးတက်အောင် လေ့လာသင်ယူပြီး လေ့ကျင့်ရင်ရတယ်။ (တချို့ပုဂ္ဂိုလ်တွေဟာ လွှတ်တော်ထဲမှာ အဆိုလည်းမတင်၊ မေးခွန်းလည်းမမေး၊ သူများတင်ပြစဉ်မှာလည်း စိတ်မဝင်စားတဲ့မျက်နှာ ထားနဲ့ မြင်ရတာ စိတ်မသက်သာစရာပဲ။) အထက်ပါ အချက်တွေကိုပဲ နေ့စဉ်နေ့တိုင်းတစ်လလောက် ထိထိမိမိလေ့ကျင့်ကြည့်ရင် သိသိသာသာ စကားပြောစွမ်းရည် တိုးတက်ဖွံ့ဖြိုး လာကြောင်း ကိုယ်တိုင် (အံ့သြလောက်အောင်)လက်တွေ့ တွေ့ရပါလိမ့်မယ်။ လေ့ကျင့်ရင်း ဘာတွေ့ပြောင်းလဲ လာသလဲဆို တာလည်း မှတ်တမ်းလုပ်ထား ကြည့်ပေါ့။ အကျိုးရှိတာကိုပဲ စေတနာအရင်းခံနဲ့ တင်ပြတာပါ။ ချစ်လို့ပြောတာ မှတ်ပါ။
ချစ်နိုင် (စိတ်ပညာ)
ရတနာပုံနေ့စဉ်သတင်းစာ စာ (၄)
#Yadanarpondaily
No comments:
Post a Comment