www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 22, 2018

နိုင်ငံတကာ ကော်ဖီလုပ်ငန်းများမှ ဈေးကွက် လေ့လာရေး တာဝန်ရှိသူများ ရွာငံဒေသသို့ လာရောက်မည်



ရွာငံ ၂၂-၂-၂ဝ၁၈

နိုင်ငံတကာ ကော်ဖီဈေးကွက်၌ ဈေးကွက် အခိုင်အမာ ရရှိထားသော ရွာငံဒေသထွက် ကော်ဖီများကို ယခုနှစ်အတွင်း ဈေးကွက်သစ် အဖြစ်ဝယ်ယူလိုသည့် နိုင်ငံများမှ ဈေးကွက်လေ့လာရေး တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့ရှိ ကော်ဖီစိုက်ပျိုးရာ ရွာများသို့ လာရောက် လေ့လာကြမည် ဖြစ်ကြောင်း WANGAN AMAYAR ကုမ္ပဏီလီမိတက် မန်နေဂျာ ဒေါ်စုစုအောင်ထံမှ သိရသည်။

''ရွာငံဒေသက ထွက်ရှိတဲ့ ကော်ဖီက အရည်အသွေး ပြည့်ဝတဲ့ ကော်ဖီတွေ ဖြစ်တာကြောင့် ကော်ဖီနဲ့ဆက်စပ်ပြီး ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်ကြမယ့် လုပ်ငန်းတွေက တာဝန်ရှိသူတွေ လိုချင်တဲ့ရလဒ်တွေ ရရှိမှာပါ။ သူတို့ပြန်ပြီး သိပ်မကြာမီမှာ ရွာငံဒေသထွက် ကော်ဖီတွေကို ဝယ်ယူကြ လိမ့်မယ်လို့လည်း ရာနှုန်းပြည့် ယုံကြည်ပါတယ်။ ဝယ်ယူဖို့ ကမ်းလှမ်းတဲ့ ပမာဏအတိုင်းလည်း ရောင်းချ ပေးနိုင်တဲ့ အဆင့်ထိရောက်နေပါပြီ'' ဟု ဒေါ်စုစုအောင်က ပြောသည်။

ယင်းကဲ့သို့ လာရောက်လေ့လာမည့် နိုင်ငံတကာရှိ ကော်ဖီလုပ်ငန်းများမှ ဈေးကွက်လေ့လာရေး တာဝန်ရှိသူများ အဖွဲ့တွင် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့အပြင် ကော်ဖီလုပ်ငန်းဖြင့် အောင်မြင်နေသော နိုင်ငံပေါင်း ၂ဝ ခန့်မှ ထင်ရှားကျော်ကြားသော ကော်ဖီလုပ်ငန်းများ၏ ဈေးကွက်လေ့လာရေး တာဝန်ရှိသူများ ပါဝင်မည်ဖြစ်သည်။ ရွာငံဒေသ၌ ကော်ဖီစိုက်ပျိုးထားသော လုပ်ငန်းများအားလုံးကို လေ့လာကာ ကော်ဖီ အရည်အသွေးနှင့် ဈေးနှုန်းများကို မှတ်တမ်းရယူပြီး ၎င်းတို့နိုင်ငံသို့ ကော်ဖီနမူနာများ ယူဆောင်ကာ ယခုနှစ်အတွင်း အဆိုပါကော်ဖီများကို ပစ္စည်းအသစ်များအနေဖြင့် ဝယ်ယူမည် ဖြစ်သည်။

လေ့လာရေးအဖွဲ့တွင် ဈေးကွက်လေ့လာရေး တာဝန်ရှိသူဦးရေ ၂ဝ ခန့် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger