www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 5, 2018

အသေးစားနှင့် အလတ်စားလုပ်ငန်းများအနက် စက်မှုလက်မှု လုပ်ငန်းများနှင့် ဆန်စက်လုပ်ငန်းများအား SMID ဘဏ်မှ ချေးငွေအများဆုံး ထုတ်ချေး



ရန်ကုန် ၅-၁-၂ဝ၁၈

ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများအနက် စက်မှုလက်မှုနှင့် ဆန်စက်လုပ်ငန်းများအား SMID ဘဏ်မှ ချေးငွေအများဆုံး ထုတ်ချေးထားကြောင်း SMID ဘဏ် CEO ဒေါက်တာ ဇေယျာညွန့်ထံမှ သိရသည်။

အဆိုပါဘဏ်မှ စက်မှုလက်မှု လုပ်ငန်းပေါင်း ၁၇ဝ အား ငွေကျပ် ၈၄၉၉ သန်း၊ ဆန်စက်လုပ်ငန်းပေါင်း ၁၃၆ ခုအား ငွေကျပ်သန်း ၄၇ဝဝ ကျော်၊ ဆီစက်လုပ်ငန်းပေါင်း ၃၉ ခုအား ငွေကျပ် သန်း ၁၃ဝဝ ကျော်၊ သစ်စက်လုပ်ငန်း ၃ဝ အား ငွေကျပ် သန်း၉ဝဝ ထုတ်ချေးခဲ့သည်။ ထို့ပြင် ရေသန့်လုပ်ငန်းရှစ်ခုအား ငွေကျပ် ၆၇၅ သန်း၊ အထည်ချုပ် လုပ်ငန်းငါးခုအား ငွေကျပ် ၃၂၅ သန်း၊ ဆေးဝါး လုပ်ငန်းတစ်ခုအား ငွေကျပ်သန်း ၅ဝ၊ လူသုံးကုန်လုပ်ငန်း ၂ဝ အားငွေကျပ် သန်း ၂ဝဝ ကျော်၊ စားသောက်ကုန်လုပ်ငန်း ၃၂ ခုအား ငွေကျပ် သန်း ၁၉ဝဝ ကျော်နှင့် စက်ရက်ကန်းလုပ်ငန်း ၁ဝ ခုအား ငွေကျပ် ၃ဝ၅ သန်း ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

ချေးငွေများကို တစ်နှစ်လျှင် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ငါးနှစ်ထုတ်ချေး ပေးခြင်းဖြစ်ပြီး ချေးငွေကို ပထမနှစ်တွင် ၁၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်နှင့် တတိယနှစ်တွင် ၁ဝ ရာခိုင်နှုန်း၊ စတုတ္ထနှစ်တွင် ၂ဝ ရာခိုင်နှုန်း ပြန်လည်ပေးဆပ် ရမည်ဖြစ်သည်။

နောက်ဆုံးနှစ်တွင် ကျန်ငွေများအားလုံးကို ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ နှစ်လတ်ချေးငွေများကို ချေးငွေ သက်တမ်းအားဖြင့် သုံးနှစ်မှ ငါးနှစ်အထိ သတ်မှတ်ထားပြီး လုပ်ငန်းကဏ္ဍ အားလုံးအတွက် ထုတ်ချေးပေးမည့် စုစုပေါင်းပမာဏမှာ ငွေကျပ် ဘီလီယံ ၇ဝဝ အထိရှိကြောင်း သိရသည်။

ယခင် အသေးစားနှင့် အလတ်စား လုပ်ငန်းများအား ချေးငွေများ ထုတ်ချေးပေးရာတွင် စက်မှုလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ခဲ့သော်လည်း ယခုထုတ်ချေးပေးရာတွင် အသေးစားနှင့် အလတ်စားလုပ်ငန်း များအား ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏မူဝါဒအရ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဦးစားပေးထုတ်ချေး ပေးမည်ဖြစ်ကြောင်း သိရသည်။

အလားတူ မြန်မာ့စီးပွားရေး ဘဏ်အနေဖြင့်လည်း တစ်နှစ်အတိုးနှုန်း အနည်းဆုံး ၉ ရာခိုင်နှုန်းနှင့် အများဆုံး ၁၁ ရာခိုင်နှုန်းဖြင့် ပြည်တွင်း လယ်ယာကဏ္ဍ၊ အသေးစားနှင့် အလတ်စားလုပ်ငန်း ကဏ္ဍနှင့် ဆောက်လုပ်ရေး ကဏ္ဍများသို့ စတင်ထုတ်ချေး ပေးမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger