www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 29, 2018

မြန်မာ့အဖိုးတန် သယံဇာတများ တရားမ၀င်ခိုးထုတ် နေသော KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ၏ စခန်းများသိမ်းပိုက်ရရှိ



KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များထံမှ သိမ်းဆည်းရမိသည့် တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသော ယာဉ်/ယန္တရားများကို တွေ့ရစဉ်။

နေပြည်တော် ၂၉-၁-၂ဝ၁၈

KIA အကြမ်းဖက် သောင်းကျန်းသူများသည် ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တ လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးကို လျစ်လျူရှုကာ နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ လမ်းစဉ်များကို ဆန့်ကျင် လျက်ကချင်ပြည်နယ်အတွင်းရှိ မြန်မာ့အဖိုးတန် သယံဇာတများအား တရားမ၀င်ခိုးထုတ်ခြင်း၊ ခရီးသွားပြည်သူများအား ဆက်ကြေးကောက်ခံခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား နှောင့်ယှက်ပစ်ခတ်ခြင်းနှင့် အများပြည်သူ သွားလာ အသုံးပြုလျှက်ရှိပြီး ကုန်စည်စီးဆင်းမှု ဆောင်ရွက်လျှက်ရှိသော ဆက်သွယ်ရေး လမ်းကြောင်းများတွင် မိုင်းထောင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

KIA အကြမ်းဖက် သောင်းကျန်းသူများအား သတ်မှတ်နယ်မြေကျော်လွန်၍ လက်နက်ကိုင်ဆောင် သွားလာခြင်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ထိခိုက်ပျက်စီးမှုများ လုပ်ဆောင်ခြင်းမပြုလုပ်ရန် အကြောင်းကြား ထားသည့်အပြင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်၌ တပ်မတော်က ၎င်းကိစ္စနှင့်ပတ်သက်၍ အဆိုတင်သွင်းထားပြီးဖြစ်သော်လည်း KIA အကြမ်းဖက်သောင်းကျန်း သူများသည် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန် ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ ၀င်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ နှောင့်ယှက်ပစ်ခတ်ခြင်းများ အပါအ၀င် အထက်ဖော်ပြပါ အဖျက်အမှောင့် လုပ်ငန်းများနှင့် အဖိုးတန်သယံဇာတများ တရားမ၀င်ခိုးထုတ်ခြင်းများအား ဆက်လက်ဆောင်ရွက် လျက်ရှိသည်။ ၎င်းအပြင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နှင့် ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်တို့တွင် တနိုင်းမြို့နယ်၊ ရှဒူဇွပ်ကျေးရွာရှိ နယ်မြေခံ နောက်တန်းဌာနချုပ်သို့ လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြု၍ လာရောက် တိုက်ခိုက်ခြင်းများ ပြုလုပ်လာခဲ့သည်။

KIA အကြမ်းဖက် သောင်းကျန်းသူများသည် ခရီးသွားပြည်သူများထံမှလည်း ဆက်ကြေးကောက်ခံ ခြင်းများနှင့် အများပြည်သူများသွားလာ အသုံးပြုနေသည့် လမ်းကြောင်းများပေါ်၌ မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိရာ ၂၀၁၇ ခုနှစ် ဇူလိုင် ၂၀ ရက်မှ ယနေ့အထိ တနိုင်းဒေသရှိ မိုးကောင်း-ကာမိုင်း-ဖားကန့် သွားလမ်းကြောင်းပေါ်၌ ဆက်ကြေးကောက်ခံမှု ၇ ကြိမ်၊ မိုးကောင်း-လ၀ါး-တနိုင်း လမ်းကြောင်းပေါ်၌ ဆက်ကြေးကောက်ခံမှု ၅ ကြိမ်ရှိပြီး မိုင်းထောင်ဖောက်ခွဲမှု ၄၂ ကြိမ်ရှိကာ ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ သယံဇာတများအား တရားမ၀င် နည်းလမ်းများဖြင့် ထုတ်ယူသုံးစွဲနေမှုများကို စောင့်ရှောက်ကာကွယ်လျက် ရှိရာတွင်လည်း တနိုင်းဒေသ၌ အဆိုပါကာလအတွင်း တရားမ၀င်ဆောင်ရွက် လျက်ရှိသော ရွှေတူးဖော်ခြင်း၊ ပယင်းတူးဖော်ခြင်းနှင့် အဖိုးတန်သစ်များ ခိုးယူထုတ်လုပ်ရာတွင် အသုံးပြုသည့် ဘက်ဟိုးယာဉ် ၉၄ စီး၊ မြေသယ်ယာဉ် ၁၂ စီး၊ ၁၀ ဘီးယာဉ် ၁ စီး၊ ဆီသယ်ယာဉ် ၂ စီးနှင့် ရွှေဖောင် ၁၆ ဖောင်တို့ အားသိမ်းဆည်း ရမိခဲ့သည်။

ထိုသို့ဆောင်ရွက် လျက်ရှိသဖြင့် တပ်မတော်မှ အကြိမ်ကြိမ် သတိပေးမှုများ ဆောင်ရွက်ခဲ့သော်လည်း လိုက်နာဆောင်ရွက်မှုမရှိဘဲ ဆက်လက်လုပ်ဆောင် လျက်ရှိသဖြင့် နယ်မြေတည်ငြိမ် အေးချမ်းမှုရှိစေရေး၊ ဒေသခံပြည်သူ များလုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု မရှိစေရေးတို့အတွက် တနိုင်းဒေသအတွင်း နယ်မြေရှင်းလင်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအား ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၂ ရက်မှစတင် ဆောင်ရွက်ခဲ့ရာ ထိတွေ့မှု ၁၀ ကြိမ်၊ မိုင်းဖြစ်စဉ် ၃ ကြိမ်ဖြစ်ပွားခဲ့ကာ KIA အကြမ်းဖက် သောင်းကျန်းသူများ၏ အကောက်ခွန်ဂိတ် ၁ ခု၊ စခန်းငယ် ၁ ခုနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်စဉ်များတွင် ရန်သူတချို့ သေဆုံးခဲ့ကြောင်းနှင့် မိမိတပ်မတော်မှ စစ်သည်တချို့ ကျဆုံး/ဒဏ်ရာရရှိခဲ့ကာ တပ်မတော်မှနယ်မြေ ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger