www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 31, 2018

မြို့ကွက်သစ် ဖော်ဆောင်ရေး မြေဧက ၁ဝဝ စီမံကိန်း အကောင်အထည် ဖော်လျက်ရှိရာ အိမ်ငှားဖြင့် နှစ်ပေါင်းများစွာ နေထိုင်သူများကို ဦးစားပေးနေရာ ချထားမည်



ဟားခါး ၃၁-၁-၂ဝ၁၈

ချင်းပြည်နယ် ဟားခါးမြို့၌ မြို့ကွက်သစ် ဖော်ဆောင်ရေး မြေဧက ၁ဝဝ စီမံကိန်း အကောင်အထည် ဖော်လျက်ရှိရာ အိမ်ငှားဘဝဖြင့် နှစ်ပေါင်းများစွာ နေထိုင်သူများကို အဆိုပါစီမံကိန်းတွင် ဦးစားပေးမဲနှိုက် နေရာချထားပေးမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ အဖွဲ့မှ သိရသည်။

အဆိုပါမြေဧက ၁ဝဝ အတွက်ခွင့်ပြုချက် ရရှိပြီးဖြစ်၍ မြေကွက်ဖွင့်ထားပြီး ဖြစ်ကြောင်း၊ ဟားခါးမြို့တွင် နှစ်ရှည်လများနေထိုင်၍ ကိုယ်ပိုင်မြေကွက်မရှိဘဲ အိမ်ငှားအနေဖြင့် နေထိုင်သူများကို ပထမဦးစားပေး ရောင်းချပေးမည် ဖြစ်ကြောင်း၊ တစ်ကွက်လျှင် ငွေကျပ်တစ်သိန်းနှင့် နှစ်သိန်းခန့် ပေးဆောင်ရမည် ဖြစ်ကြောင်း၊ ရရှိလာမည့် ငွေကြေးများကိုလည်း မြို့သစ်စီမံကိန်းအတွက် လိုအပ်မည့်လမ်း၊ မြောင်းနှင့် အခြားလိုအပ်မည့် နေရာများ၌ အသုံးပြု သွားမည်ဖြစ်ကြောင်း၊ မြေကွက်မရှိသူများကို ကိုယ့်ခြံကိုယ့်ဝင်း ဖြစ်လာစေရန် ရည်ရွယ်၍ အဓိကလုပ်ဆောင် ပေးခြင်းဖြစ်ကြောင်း၊ အကွက်များ ရိုက်ပြီးဖြစ်၍ လပိုင်းအတွင်း နေရာချမှုများ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ၊ယခုအခါ စည်ပင်ဧရိယာ ဖြစ်သွားပြီဖြစ်သဖြင့် ဟိုတယ်နှင့် အခြားရင်းနှီးမြှုပ်နှံ လိုသူများကိုလည်း ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ဟားခါး မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

"ပြည်နယ်အစိုးရအနေနဲ့ အဲဒီမြေဧက ၁ဝဝ ကွက်သစ်မှာ ဟားခါးမြို့ပေါ်မှာ အိုးပိုင်အိမ်ပိုင်မရှိကြဘဲ မုဆိုးမ ဦးဆောင်တဲ့ မိသားစုတွေ၊ ဆင်းရဲတဲ့မိသားစုတွေ၊ ဆင်းရဲတဲ့ စစ်မှုထမ်းဟောင်းတွေ အပါအဝင် အငြိမ်းစားဝန်ထမ်း မိသားစုတွေ၊ သင်းအုပ်ဆရာတော်တွေကို မြို့မိမြို့ဖတွေရဲ့ သဘောထားညှိနှိုင်း တိုင်ပင်ရယူပြီးတော့ နေရာချထား ပေးနိုင်ရေးကို ဆောင်ရွက်ခဲ့ပါတယ်"ဟု ဟားခါးမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောပြသည်။

ချင်းပြည်နယ် အစိုးရအနေဖြင့် မြို့ပြစီမံကိန်းများ ရေးဆွဲလျက်ရှိရာ ဟားခါး၊ ဖလမ်း၊ ပလက်ဝဟူ၍ မြို့သုံးမြို့ကို မြို့သစ်စီမံကိန်း၊မြို့ပြ စီမံကိန်းဖွံ့ဖြိုး တိုးတက်ရန်အတွက် အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ မြေဧက ၁ဝဝ မြို့သစ်စီမံကိန်း အကောင်အထည် ဖော်ဆောင်ပြီးပါက နောက်ထပ်မြေဧက ၁ဝဝကို ထပ်မံဖော်ဆောင် သွားမည်ဖြစ်ကာ စုစုပေါင်းမြေကွက်ပေါင်း ထောင်ဂဏန်းကျော်ထိ နေရာချထားပေးနိုင်ရန် စီစဉ်ထားကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger