www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 30, 2018

တိုင်းပြည်က အားထားရပြီး ပြည်သူများက အားကိုးရသည့် တပ်မတော်ဖြစ်စေရန်အတွက် ကျန်းမာကြံ့ခိုင်ပြီး ကျွမ်းကျင်မှု ပြည့်ဝသည့် တပ်မတော်သားများ လေ့ကျင့်မွေးထုတ် ပေးလျက်ရှိ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျိုင်းတုံတပ်နယ်ရှိ နယ်မြေခံတပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ နည်းပြအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကား ပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျိုင်းတုံတပ်နယ်ရှိ နယ်မြေခံတပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ နည်းပြအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်စဉ်။

နေပြည်တော် ၃ဝ-၁-၂ဝ၁၈

တပ်မတော်အနေဖြင့် တိုက်ရည်ခိုက်ရည်ပြည့်ဝ၍ တိုက်ပွဲတစ်ရာနိုင်ပွဲ တစ်ရာတိုက်နိုင်ပြီး စစ်ကိုနိုင်အောင်တိုက် နိုင်ရမည်ဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်မှုနှင့် စစ်ပညာများကျွမ်းကျင်မှုများ ရှိရမည်ဖြစ်ပြီး ခေတ်မီ စစ်လက်နက်ပစ္စည်းများကို အသုံးပြုနိုင်ရမည် ဖြစ်ကြောင်း၊ မိမိတို့ပြည်သူများအတွက် အသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှု များကြောင့် တိုက်ပွဲများတွင်အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ စစ်ကိုနိုင်အောင် တိုက်နိုင် မှသာမိမိတို့ အပေါ်ပြည်သူများမှ အားကိုးယုံကြည်မည် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျိုင်းတုံတပ်နယ်ရှိနယ်မြေခံ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ နည်းပြအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင်ထည့်သွင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နယ်မြေခံတပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားစစ်သည်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံ အမှာစကားပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သည် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့အချိန်အထိ နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်ကို မယိမ်းယိုင်အောင် ထိန်းသိမ်း ပေးခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်တွင်တပ်မတော်မှ နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းရယူချိန်မှစ၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်လျှောက်လှမ်းရန် အတွက်ဦးတည်ဆောင်ရွက်ခဲ့ သည်ကိုတွေ့ရှိရပြီးယခုအခါ ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်း လျက်ရှိကြောင်း ၊ပြည်သူများလိုလားသည့် ဒီမိုကရေစီရရှိစေရန် အတွက်ဒီမိုကရေစီ အလေ့အကျင့်များ ရရှိအောင်ပြောင်းလဲ ဆောင်ရွက် ပေးခဲ့ကာ နိုင်ငံတော်တည် ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ တစ်ဖက်ကလည်း ဒီမိုကရေစီစနစ်နှင့် ကိုက်ညီစေရန် တပ်မတော်၏ တပ်တည်ဆောက်ရေး လုပ်ငန်းများကို စတင်ပြောင်းလဲ ဆောင်ရွက် ခဲ့ကြောင်း၊ ယခုအခါတွင်ဒီမိုကရေစီ စနစ်နှင့်ကိုက်ညီစေရန်နှင့် သမားရိုးကျစစ်ကို ဆောင်ရွက်နိုင်ရန် အတွက်တပ်မတော်ကို အဆင့်မြှင့်တင်မှုများ ဆောင်ရွက်၍ခေတ်မီ တပ်မတော် Standard Army တစ်ရပ်ဖြစ်အောင် တည်ဆောက်ပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိ ကြောင်းရှင်းလင်း ပြောကြားသည်။

ထို့နောက် တပ်မတော်တွင် အင်မတန်ဂုဏ်ယူ စရာကောင်းသည့် တပ်မတော်အစဉ်အလာ ကောင်းဖြစ်သော အမိန့်နာခံမှုနှင့် စစ်စည်းကမ်းကောင်းမွန်မှု ဆိုသည့်အလေ့အကျင့် ကောင်းတစ်ခုရှိပြီး အထက်မှပေးအပ်သည့် တာဝန်များကို လက်အောက်မှ ကျေပွန်စွာထမ်းဆောင်ကြကြောင်း၊ အဆိုပါအချက်အားအခြေခံပြီး တပ်မတော်အား အဆင့်ဆင့်ပြုပြင် ပြောင်းလဲမှုများ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်တိုးတက် ခိုင်မာအောင်ထိန်းသိမ်း ဆောင်ရွက်သွားကြရန် လိုကြောင်း၊ တိုးမြင့်လာသည့် ကုန်ဈေးနှုန်းများအား တစ်ဖက်တစ်လမ်းမှ ထိန်းညှိနိုင်ရန်နှင့် တပ်မိသားစုဝင်များ စားရေးတွင် အထောက်အကူ ဖြစ်စေရန်အတွက် တပ်မတော်မှ တပ်ပိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ မိမိတို့တပ်မတော်သားများအနေဖြင့် ၀င်ငွေနှင့်ထွက်ငွေ ညီမျှအောင်ကြိုးစားသုံးစွဲရန်လိုကြောင်း၊ တပ်မတော်၏လေ့ကျင့်ရေး ဆောင်ပုဒ်ဖြစ်သည့် ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်းသတ္တိရှိရမည်ဆိုသည့်အတိုင်း ကျန်းမာကြံ့ခိုင်ရန်အတွက် ကျန်းမာရေးကိုထိခိုက်စေသည့် မူးယစ်သေစာသောက်စားမှုများ ရှောင်ကျဉ်ရန်လိုအပ်ကြောင်း၊ မိမိကိုယ်ကိုအလိုမလိုက်ဘဲ အသုံးနှင့်အဖြုန်းကိုသိရှိပြီး ခြိုးခြံချွေတာရန်လိုကြောင်းမှာကြားသည်။

ဆက်လက်ပြီး မိမိတို့တပ်မတော်အားခေတ်မီတပ်မတော် Standard Army တည်ဆောက်ရေးတွင် အတတ်ပညာသည် အရေးကြီး ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများပညာရည်မြင့်မားရေးအတွက် မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး တပ်မတော်သားမိသားစု ၀င်များပညာရည်မြင့်မားရေးအတွက်လည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အတူ ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့်ပတ်သက်၍ စစ်မှုထမ်းဆဲတပ်မတော်သားများနှင့် မိသားစုဝင်များသာမကစစ်မှုထမ်းဟောင်းများနှင့် ဒေသခံပြည်သူများကိုပါ ကျန်းမာရေး စောင့်ရှောက်မှုများလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့တစ်ဦးချင်းကျန်းမာရေးအတွက် ကိုယ်တိုင်ထိန်းသိမ်း ဆောင်ရွက်ရန်လို အပ်ပြီး ကြံ့ခိုင်မှုရှိရန်အတွက်အမြဲလေ့ကျင့်ရန်လိုအပ်ကြောင်းမှာကြားသည်။

ယင်းနောက် တပ်မတော်သားများတစ်ဦးချင်း အရည်အချင်းပြည့်ဝမှုရှိစေရန်အတွက် သင်တန်းကျောင်းများမှ စနစ်တကျလေ့ကျင့်သင် ကြားပေးလျက်ရှိကြောင်း၊ နည်းပြများကလည်းသင်ခန်းစာကိုပိုင်နိုင်ကျွမ်းကျင်မှုရှိရမည်ဖြစ်သလို သင်တန်းသားများကလည်း သင်တန်းကျောင်းမှ လေ့ကျင့်သင်ကြားပေးမှုများကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်ကျွမ်းစေရန်သင်ယူသွားရန်လိုကြောင်း၊ သင်တန်း ပြီးဆုံး၍ မိမိတို့တပ်သို့ပြန်ရောက်လျင် သင်တန်းကျောင်းမှသင်ယူခဲ့သည့် အတတ်ပညာများ ကိုထိရောက်စွာအသုံးချရန် လိုအပ်ကြောင်းမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းကျောင်းအတွက် သုတ၊ ရသ စာအုပ်၊ စာစောင်များပေးအပ်ရာ ကျောင်းအုပ်ကြီးကလက်ခံရယူသည်။ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်းက စားသောက်ဖွယ်ရာ များအား လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က အားကစားပစ္စည်းများအား လည်းကောင်း အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် တက်ရောက်လာကြသည့်နည်းပြအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ခဲ့ကြကြောင်းသတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger