www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 2, 2017

လက်ဆင့်ကမ်း အမွေ


၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တပ်ဖွဲ့ဝင်ကျောင်းသား၊ ကျောင်းသူများ မိုးရာသီစခန်းချလေ့ကျင့်စဉ်။

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တပ်ဖွဲ့ဝင်ကျောင်းသား၊ ကျောင်းသူများ မိုးရာသီစခန်းချလေ့ကျင့်စဉ်။

ဆောင်းပါး (ကျော်လွင်၊ နိုင်ထွန်း)

နံနက်ခင်း၏ အရုဏ်ဦးအလင်းတန်း များနှင့်အတူ စစ်ဝတ်စုံများခပ်စိမ်းစိမ်း၊ လက်မောင်းတွင် တိုက်ခိုက်ရေးတံဆိပ်နှင့် (တကသ) ဟူသောစာတန်းနှင့် ယင်းအထက်တွင် အနီ၊အပြာ၊အဝါ၊ အစိမ်းအတုံးကလေးများနှင့် တစ်တုံး၊ နှစ်တုံး၊သုံးတုံး၊ လေးတုံး ယင်းအောက်တွင် တပ်မတော်အဆင့်အတန်း များအတိုင်း (၁ရစ်) ဒုတိယတပ်ကြပ်၊ (၂ရစ်) တပ်ကြပ်အရစ်ကလေးများနှင့် ဘယ်ဘက်အိတ်ကပ် ရင်ဘတ်တွင်''အမှတ်(-) တက္ကသိုလ် လေ့ကျင့်ရေးတပ်''ဟူသောစာတန်း ကျနသေသပ်စွာ ဝတ်ဆင်ထားကာ ဘယ်ညာခြေလှမ်း ဟန်ချက်ညီညီဖြင့် မိုးရာသီစခန်းချ လေ့ကျင့်ရေးသင်တန်း ခန်းမအတွင်းသို့ လျှောက်လှမ်းသော ကျောင်းသား၊ ကျောင်းသူများကို တွေ့မြင်ရသူများအဖို့ နိုင်ငံတော်တွင် အရေးပေါ် အခြေအနေကြုံတွေ့လာပါက လေ့ကျင့်သား ပြည့်ဝသော အရန်အင်အားစု တည်ဆောက်ထားရန်အတွက် တိုင်းပြည်အင်အား သစ်တွေဖြစ်ပေါ် စေရပါသည်။

မြန်မာ့လွတ်လပ်ရေး သမိုင်းတွင်လည်း အမျိုးသားရေးစိတ်ဓာတ် နိုးကြားသော ကျောင်းသားလူငယ်လေးများ ဦးဆောင်ပါ ဝင်ခဲ့သည့် အစဉ်အလာရှိတာနှင့် အမျှမျိုးချစ် စိတ်ဓာတ်ရှင်သန် ထက်မြက်သောယနေ့ခေတ်ကျောင်းသား လူငယ်လေးများမှာလည်း မွေခံထိုက်စေဟူသော စကားရပ်နှင့်အညီ အနာဂတ်တိုင်းပြည်၏ တာဝန်ကို ထမ်းဆောင်မည့် နိုးကြားတက်ကြွသော လူငယ်များအား တက္ကသိုလ်ပညာသင်ကြားရင်း အမိနိုင်ငံတော်ကာကွယ်ရေးအတွက် တတ်သင့်တတ်အပ်သော စစ်ပညာရပ်များကို ရသမျှအချိန်အတွင်း တတ်မြောက်အောင် လေ့ကျင့်ပေးပြီး နိုင်ငံတော်ကာကွယ်ရေးတွင် ပြည်သူ့စစ်ကို အခြေခံသော အင်အားစုတစ်ရပ်အဖြစ်ပါဝင် ထမ်းဆောင်နိုင်ရန်ရည်ရွယ်ချက် များဖြင့် မိမိတို့သဘောဆန္ဒအတိုင်း တက်ရောက်လေ့ကျင့် သင်ကြားကြသူများပင် ဖြစ်သည်။''ယနေ့လူငယ်၊ နောင်ဝယ်လူကြီး''ဆိုသည့်အတိုင်း ယနေ့ခေတ် ကျောင်းသားလူငယ်များ အနေဖြင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ပိုင်း ဆိုင်ရာ တိုးတက်ကောင်းမွန် လာစေရန်အတွက် တစ်ပြိုင်တည်းလေ့ကျင့် ဆောင်ရွက်ရန် အထူးလိုအပ်သည်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုလေ့ကျင့် ရာတွင်လည်း ကြံ့ခိုင်သန်စွမ်းရန်၊ လျင်မြန်ဖျတ်လတ်ရန်၊ လက်နက်ကိုကျွမ်းကျင် စွာကိုင်တွယ်၍ ထိရောက်စွာ အသုံးချတတ်စေရန် လေ့ကျင့်ကြရသည်။

စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်မှုရရှိစေရန် အတွက်လေ့ကျင့်ရာတွင် စိတ်ဓာတ်ကြံ့ခိုင်ရန်၊ မိမိကိုယ်ဖြစ်စေ၊ မိမိတပ်ဖွဲ့ကိုဖြစ်စေ ယုံကြည်စိတ်ချမှုရရှိစေရန်၊ နည်းပညာတတ်ကျွမ်းရန်၊ အတွေးအခေါ် အယူအဆများ မြင့်မားလာ စေရန်၊ ဆုံးဖြတ်ချက်ချရာတွင်လည်း မြန်မြန်နှင့်မှန်မှန် ဆုံးဖြတ်တတ်စေရန် လေ့ကျင့်သင်ကြားမှသာလျှင် စစ်နည်းဗျူဟာနှင့် စစ်မဟာဗျူဟာပိုင်းတို့တွင် အရည်အသွေးပြည့်မီပြီး စစ်ဆင်စစ်တက်အတတ်တို့တွင် တွေဝေမနေဘဲအခြေအနေကောင်းမွန်စွာ အမြတ်ထုတ်တိုက်ကွက် ဖော်ဆောင်နိုင်ပြီး အောင်ပွဲရရှိနိုင်မည် ဖြစ်ပါသည်။

ယနေ့ခေတ် ကျောင်းသားလူငယ်များ အနေဖြင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန် လာစေရန်အတွက် တစ်ပြိုင်တည်း လေ့ကျင့်ဆောင်ရွက်ရန် တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) ကို၁၉၅၂ခုနှစ်တွင် အမှတ် (၁) တက္ကသိုလ်အရန် တပ်ရင်း (ရန်ကုန်)၊ အမှတ်(၂) တက္ကသိုလ်အရန်တပ်ရင်း (မန္တလေး) ကိုလည်းကောင်း၊ ၁၉၅၅ ခုနှစ်တွင် အမှတ်(၃) တက္ကသိုလ်အရန်တပ်ရင်း (မော်လမြိုင်)ကို လည်းကောင်းဖွဲ့စည်းခဲ့ကာ အဆိုပါတပ်ရင်း သုံးရင်းအား ထိုစဉ်က''ပြည်စောင့်တပ်'' ညွှန်ကြားရေးမှူးရုံး လက်အောက်တွင် ထားရှိခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် အမှတ်(၁)နှင့် အမှတ်(၂) တပ်ရင်းတို့ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ''ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)''၏ ၇-၂-၁၉၆၉ တွင် အမှတ်(၁) တက္ကသိုလ်လေ့ကျင့်ရေးတပ် (ရန်ကုန်)၊ အမှတ်(၂) တက္ကသိုလ်လေ့ကျင့်ရေးတပ် (မန္တလေး)ဟူ၍ အမည်ပြောင်းလဲခဲ့သည်။

၁၉၆၉ ခုနှစ်တွင် အမှတ် (၃) တပ်ရင်းအား ပြင်ဆင်ခဲ့ပြီး ၇-၂-၁၉၆၉ တွင် အမှတ်(၃) တက္ကသိုလ်လေ့ကျင့်ရေးတပ် (မော်လမြိုင်) ဟူ၍လည်း တစ်ချိန်တည်း အမည်ပြောင်းလဲခဲ့သည်။ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် အမှတ်(၄)တက္ကသိုလ်လေ့ကျင့်ရေးတပ် (တောင်ကြီး) ကို ဖွဲ့စည်းပြီး ယင်းပညာသင်နှစ်တွင် ပင်တပ်ဖွဲ့ဝင်ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်သင်ကြား ပေးခဲ့သည်။

ယနေ့ခေတ် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူလူငယ်များသည် နိုင်ငံတော်အချုပ်အခြာ အာဏာနှင့်လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက် လိုစိတ်ရှိမှု၊ တပ်မတော်၏အရန် အင်အားစုအဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုတို့နှင့်အတူ နိုင်ငံတော်အား တည်ဆောက်ကာကွယ် သူများအဖြစ် ကျရာကဏ္ဍများတွင် ပါဝင်ကြမည့်သူများဖြစ်ကြလေရာ စစ်ပညာ၊ စစ်သဘောတရားလေ့လာ ဆည်းပူးလိုစိတ်များဖြင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ်တို့၌ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြား လျက်ရှိသော သင်တန်းများသို့ တက်ရောက်လေ့ကျင့် သင်ကြားလျက်ရှိသူများ၏ ဝမ်းသာပီတိ စကားသံများကို စာဖတ်ပရိသတ်များအား မျှဝေပေးလိုက်ပါသည်။

အမှတ် (၂) တက္ကသိုလ်လေ့ကျင့် ရေးတပ်တွင် သင်တန်းတက်ရောက်နေသော နည်းပညာတက္ကသိုလ်မှ ကထိက ဦးရဲထွန်းကျော်က ''သင်တန်းကို အခုနှစ်မှစတင်တက်ရောက် ဖြစ်တာပါ။ နည်းပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ဒီသင်တန်းကို ကျောင်းသား၊ ကျောင်းသူ ၅ဝ ကျော်တက်ရောက်ခဲ့တာပါ။ သင်တန်းတက်ရောက်တဲ့ အတွက် စိတ်ဓာတ်ကြံ့ခိုင်မှုတွေ ပိုမိုကောင်းမွန်လာတဲ့အပြင် တွေးခေါ်မှုစွမ်းရည်တွေ၊ တစ်ဦးချင်း လုပ်ဆောင်နိုင်မှု အလေ့အထတွေ၊ စစ်ရေးအမြင်တွေ၊ နိုင်ငံတော်ကို ကာကွယ်လိုစိတ်တွေ ဖြစ်ပေါ်လာနိုင်မှာပါ။ အခုလိုသင်တန်းတွေ တက်ရောက်ရတဲ့အတွက် မိမိနိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ် စောင့်ရှောက်ရန်၊ ပြည်သူလူထုတစ်ရပ်လုံး ၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်နှင့် တပ်မတော်သည် ပြည်သူလူထုနဲ့ တစ်သားတည်းပူးပေါင်း၍ မိမိတို့နိုင်ငံအား ကျူးကျော်နယ်ချဲ့လာတဲ့ မည်သည့်ရန်သူမျိုးကိုမဆို အရှုံးမပေးဘဲ နိုင်ငံတော်ကာကွယ်ရေးအတွက် ထိရောက်စွာ ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်မှာပါ''ဟု ပြောသည်။

မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်မှ လက်ထောက်ကထိက ဒေါ်စုစန္ဒီသိန်းက ''ကျွန်မတို့ကျောင်းသူတုန်းက ဒီလိုသင်တန်းတွေကို တက်ရောက်ချင်ပေမယ့် မရှိဘူးပေါ့။ မနှစ်ကမှစတင်ပြီး အမျိုးသမီးတွေပါတက်ရောက်နိုင်တယ် ဆိုတာသိတဲ့အတွက် အခုနှစ်မှ တက်ရောက်ခဲ့ရတာပါ။ ဒီသင်တန်းက ကျောင်းသူတွေနဲ့ အတူဝင်ရောက်ပြီး သူတို့တွေ အချိန်မှန်ရောက်ရှိနိုင်ဖို့၊ စနစ်တကျလုပ်ဆောင်နိုင်ဖို့၊ စစ်သင်တန်းဖြစ်တဲ့အတွက် စည်းကမ်းရှိဖို့ ကြီးကြပ် ဆောင်ရွက်ပေးရပါတယ်။ သင်တန်းတက်ရောက် ရတဲ့အတွက် စစ်သားတစ်ဦးရဲ့ တစ်နေ့တာဆောင်ရွက်ရတဲ့ လုပ်ဆောင်ချက်တွေကို သိရှိနားလည် သဘောပေါက် လာပါတယ်။ ဒါ့အပြင် သင်တန်းက ယောက်ျားလေးတွေနဲ့ ရင်ပေါင်တန်းပြီး လုပ်ဆောင်ရတဲ့ သင်တန်းဖြစ်တဲ့အတွက် မိန်းကလေးတွေအနေနဲ့ အများကြီးဂုဏ်ယူ ကျေနပ်မိပါတယ်။ စည်းကမ်းပိုင်းရော၊ စိတ်ဓာတ်ပိုင်းရော သင်ကြားပေးတဲ့ သင်တန်းဖြစ်ပါတယ်။ အခုခေတ်က မိဘ လက်အောက်မှာ ကျောင်းတက်ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက်တော့ အသက် ၁၈ နှစ်ပြည့်သော်လည်း မိမိကိုယ်တိုင်ဆုံးဖြတ် လုပ်ဆောင်နိုင်မှု အားနည်းတာကို တွေ့ရပါတယ်။ ဒီသင်တန်းတက်ရောက် တဲ့အတွက် မိမိကိုယ်ကို ယုံကြည်ချက် ရှိလာမယ်။ အမှားအမှန်ခွဲခြားနိုင်မယ့် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်။ အသင်းအဖွဲ့နဲ့ နေတတ်လာမယ်။ စည်းကမ်း ကောင်းမွန်လာမယ် စတဲ့အကျိုးကျေးဇူး တွေရရှိနိုင်မှာ ဖြစ်ပါတယ်'' ဟု၎င်း၏အမြင် ကိုပြောသည်။

မန္တလေးနည်းပညာ တက္ကသိုလ်မှ အီလက်ထရွန်နစ် ပဉ္စမနှစ်ကျောင်းသူ မအေးမြတ်မွန်က ''ဒီသင်တန်းကို ယခုနှစ်မှစပြီး တက်ရောက်ရတာ ဖြစ်ပါတယ်။ စိတ်ဓာတ်ခွန်အားတွေ မြှင့်တင်ပေးနိုင်တဲ့ သင်တန်းတစ်ခုလို့ မြင်မိပါတယ်။ ကျောင်းတက်နေရင်းနဲ့ စစ်ဘက်နှင့် ဆိုင်တဲ့အတွေ့အကြုံကို လေ့လာချင်တဲ့အတွက် တက်ရောက်ခဲ့တာပါ။ သင်တန်းတက်ရောက်ခွင့် ရတဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိပါတယ်။ အရင်ကလူစိမ်းတွေ နဲ့စကားပြောရမှာကို ကြောက်နေမိတယ်။ ဒီသင်တန်း တက်ရောက်တဲ့ အချိန်ကစပြီး လူဝင်ဆံ့လာတယ်လို့ ပြောရမယ်။ပြောရဲဆိုရဲရှိလာတယ်။ ကိုယ်တစ်ယောက်တည်း ဘဝကိုဘယ်လို ဖြတ်သန်းရမယ်ဆို တဲ့ပုံစံလေးတွေ ကိုတွေ့လာရပါတယ်။ ယနေ့ခေတ်လူငယ်တွေ အနေနဲ့ကတော့ စာပေကိုပဲ လေ့လာနေတာ ချည်းမဟုတ်ဘဲ စစ်ပညာနဲ့ ပတ်သက်တဲ့ ဒီလိုသင်တန်းတွေကို တက်ရောက်သင့်ပါတယ်။ ဒါမှလည်း နိုင်ငံတော်အတွက် အရေးကြုံလာ ပါက တစ်ဖက်တစ်လမ်းက အကျိုးပြုနိုင်မယ်လို့ ယုံကြည်တဲ့အတွက် တက်ရောက်သင့်ပါတယ်'' ဟုပြောသည်။

''ဒီသင်တန်းကဖြစ်နိုင်ရင် အသက် ၁၈ နှစ်ပြည့်လူငယ်တိုင်း တက်သင့်တဲ့သင်တန်း တစ်ခုပါ။ အပြင်မှာလည်း သင်ယူလို့မရနိုင်ပါဘူး။ အရေးကြုံလာရင် ကိုယ့်အသက်အန္တရာယ်ကို ဘယ်လိုကာကွယ်ရမယ် ဆိုတဲ့ပညာရပ်တွေ သင်ကြားပေးတာ ဖြစ်တဲ့အတွက် တက်ရောက်သင့်ပါတယ်။ ကျွန်တော့်အနေနဲ့က သင်တန်းတက်ရောက် ချင်ပေမယ့် မိဘတွေက စိတ်ပူတဲ့အတွက် မြဝတီရုပ်မြင်သံကြားက UTC သင်တန်းအကြောင်း ပြသတဲ့ဗီဒီယိုခွေကို ပြသပြီး ဒီသင်တန်းက နိုင်ငံတော်အတွက်၊ ကျွန်တော်တို့အတွက် အကျိုးပြုဆောင်ရွက် တာတွေဖြစ်ပြီး ကျောင်းပိတ်ကာလ မှာအချိန်ကို အကျိုးရှိစွာအသုံးချ ချင်တာဖြစ်တဲ့အတွက် မိဘတွေရဲ့ ခွင့်ပြုချက်ရယူကာ တက်ရောက် ခွင့်ရရှိခဲ့တာဖြစ်ပါတယ်''ဟု မန္တလေးနည်းပညာ တက္ကသိုလ် ပဉ္စမနှစ်ကျောင်းသား မောင်မြတ်မင်းသူက ပြောသည်။

ကျောက်ဆည်တက္ကသိုလ် ဓာတုဗေဒ အထူးပြုဒုတိယနှစ် ဂုဏ်ထူးတန်းကျောင်းသူ မခင်ချိုသက်ကလည်း ''ဒီသင်တန်းတက်ရောက် ခြင်းအားဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်တယ်။ ဒါ့အပြင် မိသားစုမှတစ်ဆင့် တစ်နိုင်ငံလုံးကို ကာကွယ်ဆောင်ရွက် လုပ်ဆောင်ပေးနိုင်မယ့် သူတစ်ဦး ဖြစ်ပေါ်စေနိုင်မယ်လို့ ယုံကြည်မိပါတယ်။ ကျွန်မအနေနဲ့ကတော့ ဒီစစ်ပညာဘာသာရပ် သင်ကြားရင်းဘွဲ့ရရှိပါက အမျိုးသမီးဗိုလ်လောင်း သင်တန်းကျောင်းတက်ရောက် ရန် ရည်မှန်းထားပါတယ်။ နိုင်ငံတော်အနေနဲ့လည်း အခုလိုသင်တန်းတွေကို သင်ကြားပေးတဲ့အတွက် နိုင်ငံတော်ရဲ့ ကာကွယ်ရေးတာဝန်တွေကို အမျိုးသားတွေနဲ့ ရင်ပေါင်တန်းကာ ထမ်းဆောင်သွားနိုင်မှာ ဖြစ်ပါတယ်''ဟု ပြောသည်။

ယခုနှစ် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေး တပ်များမှ တပ်ဖွဲ့ဝင်များ၏ သင်တန်းများမှာ အခြေခံပထမနှစ်၊အခြေခံဒုတိယနှစ်၊ တန်းမြင့် ပထမနှစ်၊တန်းမြင့် ဒုတိယနှစ်ဟူ၍ အကြမ်းဖျင်းလေးနှစ်ရှိသည့်အပြင် တပ်ဖွဲ့များကို အခြေခံနှစ်နှစ်ပြီးဆုံးပါက အခြေခံသင်တန်းဆင်း လက်မှတ်နှင့် တန်းမြင့်နှစ်နှစ်ပြီးဆုံးပါက တန်းမြင့်သင်တန်းဆင်း လက်မှတ်ကို ပေးအပ်သွားမည်ဖြစ်ပြီး သင်တန်းမှာသာမန်သင်တန်း ချိန်နှင့်စခန်းချ သင်တန်း ချိန်ဟူ၍ နှစ်မျိုးရှိသည်။ သာမန်သင်တန်းချိန်သည် တစ်ပတ်တာ ကျောင်းဖွင့်ရက်များ၏ သင့်လျော်သော သုံးရက်တွင် လေ့ကျင့်သင်ကြားလျက်ရှိပြီ သတ်မှတ်ချက်နှင့် ကိုက်ညီသော တပ်ဖွဲ့ဝင်များသာ စခန်းချသင်တန်းကို လိုက်ပါလေ့ကျင့်ခွင့် ရရှိမည်ဖြစ်သည်။ စခန်းချသင်တန်းကို နှစ်စဉ် အောက်တိုဘာလတွင် လေ့ကျင့်သင်ကြားပေးလျက်ရှိရာ သင်ကြားရမည့် ဘာသာရပ်များအနေဖြင့် လက်နက်မပါ စစ်ရေးပြဘာသာရပ်၊ လက်နက်ပါစစ်ရေးပြဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ စစ်မြေပြင် အင်ဂျင်နီယာဘာသာရပ်၊ စစ်မြေပြင်ဆေးဝါးကျွမ်းကျင် ဘာသာရပ်၊ တပ်မတော်သမိုင်း၊ ကိုယ်ခံပညာဘာသာရပ်၊ ကိုယ်လက်ကြံ့ခိုင်ရေးဘာသာရပ်၊ အထွေထွေဘာသာရပ်များ သင်ကြားပေးသွားမည် ဖြစ်သည်။

ယခု ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေး တပ်များ၌ သင်တန်းတက်ရောက် လေ့ကျင့်သင်ယူနေကြသော သင်တန်းသားဦးရေမှာ စုစုပေါင်း ၁၆၄၃ ဦးဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုသည် ယခုခေတ်လူငယ်လေးများ၏စွမ်းအားသစ်၊ အားအင်သစ်များဖြင့် တည်ဆောက်မှသာလျှင် နိုင်ငံတော်တိုးတက်မှု အရှိန်မြင့်မားလာနိုင်မည် ဖြစ်သည့်အတွက် ရွက်ဟောင်းကြွေ၍ ရွက်သစ် ဝေလာသည့်အလား ဘိုးဘွားတို့၏ အမွေကို လက်ဆင့်ကမ်းတာဝန်ယူမည့် အရေးကို မျှော်တွေး၍ ဝမ်းသာပီတိဖြစ်မိ ပါတော့သည်။ ။

မြ၀တီနေ့စဉ်သတင်းစာ စာ (၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger