www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 28, 2017

ယခုလအတွင်း အကြိမ်ရေစိပ်စိပ် လှုပ်ခတ်ခဲ့သည့်ငလျင်များမှာ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ရန် ရှေ့ပြေးငလျင်များ ဖြစ်နိုင်၍ သတိပြုသင့်


တာလေမြို့တွင် ၂ဝ၁၁ ခုနှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးနေမှုကို တွေ့ရစဉ်။

မန္တလေး ၂၈-၉-၂၀၁၇

ယခုစက်တင်ဘာလအတွင်း ရက်ပိုင်းသာခြား၍ အကြိမ်ရေစိပ်စိပ် ဆက်တိုက်လှုပ်ခတ်ခဲ့သည့် ငလျင်များမှာ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ရန် ရှေ့ပြေးငလျင်များ ဖြစ်နိုင်၍ သတိပြုသင့်ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ သိရသည်။

စက်တင်ဘာ ၉ ရက်မှ ၂၁ရက်အတွင်း ခုနစ်ကြိမ်ထိ ရက်ပိုင်းသာခြား၍ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး ယနေ့တွင် တစ်ကြိမ်ထပ်မံလှုပ်ခတ်ခဲ့ကာ စုစုပေါင်းငလျင် ရှစ်ကြိမ်ထိ လှုပ်ခတ်ထားသည်။

"ဒီနှစ်ဦးပိုင်း မတ်လလောက်က တိုက်ကြီးမြို့နားမှာ အင်အားရစ်ခ်ျတာ စကေး ၅ ကျော်တဲ့ ငလျင် ပထမတစ်ကြိမ်လှုပ်ခဲ့ပါတယ်။ ခုချိန်ထိ တိုက်ကြီးမြို့နားမှာ နောက်ဆက်တွဲငလျင်တွေ လှုပ်နေတာလား ဒါမှမဟုတ် နောက်ထပ်အဲဒီဧရိယာမှာ ငလျင်အကြီးကြီးလှုပ်ချင်လို့ မတ်လက အင်အားရစ်ခ်ျတာစကေး ၅ ကျော်တဲ့ငလျင် အပါအဝင်ရှေ့ပြေးငလျင်တွေ လှုပ်နေတာလားပေါ့။ တကယ်လို့ ရှေ့ပြေးငလျင်တွေ ဖြစ်ခဲ့မယ်ဆိုရင် နောက်လှုပ်မယ့်ငလျင်က အင်အားရစ်ခ်ျတာ စကေး ၇ သာသာဖြစ်သွားနိုင်တာပေါ့။ ဘာပဲဖြစ်ဖြစ် သတိထားတာတော့ ကောင်းပါတယ်" ဟု အဆိုပါကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောပြသည်။

ယခုနှစ် မတ် ၁၃ ရက်တွင် တိုက်ကြီးမြို့အနီး၌ တစ်ရက်အတွင်း အင်အားရစ်ခ်ျတာ စကေး ၄ ဒသမ ၇နှင့် ၅ ဒသမ ၈အဆင့်ရှိ ငလျင်များ လှုပ်ခတ်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်တွင်လည်း တိုက်ကြီးမြို့အနီး၌ပင် တစ်ရက်အတွင်း ငလျင် နှစ်ကြိမ် ထပ်မံလှုပ်ခတ်ခဲ့သည်။

"ပြောဖို့ခက်တာက ငလျင်တိုင်းက အကြိုရှေ့ပြေးငလျင်လှုပ်ချင်မှလှုပ်တယ်။ ၄ဝ ရာခိုင်နှုန်းလောက်ကတော့ အကြိုငလျင် လှုပ်လေ့လှုပ်ထရှိပါတယ်။ နှစ်နှစ်၊ သုံးနှစ်လောက် အကြိုလှုပ်သွားပြီး တစ်နှစ်၊ နှစ်နှစ်လောက် လုံးဝမလှုပ်ဘဲ ပြန်ငြိမ်နေတာလဲရှိပါတယ်။ တစ်ခါတလေ ငလျင်ကြီးလှုပ်ခါနီးမှ တစ်လ၊ နှစ်လလောက် ကပ်ပြီးတော့ လှုပ်တာမျိုးလဲ ရှိတတ်ပါတယ်။ မူတော့ မမှန်ပါဘူး။ စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ဘက်ပိုင်းနေရာတွေကသတိထားရမယ့် နေရာတွေပါ" ဟု ၎င်းက ဆက်လက်ပြောပြသည်။

ပြတ်ရွေ့တစ်ခုတွင် အင်အားပြင်းငလျင် တစ်ကြိမ်လှုပ်ခတ် ခဲ့ပြီးပါက နှစ်ပေါင်း ၈ဝ မှ ၁ဝဝခန့်အကြာတွင် တစ်ကျော့ပြန် ပြန်လည်လှုပ်ခတ်ခဲ့သည့် သဘောရှိကြောင်း၊ စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် စစ်ကိုင်းမြို့မှ နေပြည်တော် ပျဉ်း မနားအထိအပိုင်းတွင် အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၅ ခန့်ရှိသည်ဟု ယူဆရသည့် မြေငလျင်တစ်ခု ၁၉၃၉ခုနှစ်က လှုပ်ခတ်ခဲ့ကာ ထပ်မံလှုပ်ခတ်ရန် စိုးရိမ်ရသည့်အပိုင်းတွင်ပါဝင်ပြီး ၁၉၃ဝပြည့်နှစ်တွင် လှုပ်ခတ်ခဲ့သည့် ပဲခူးငလျင်မှာ ထပ်မံလှုပ်ခတ်ရန် စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။

စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်ရှိ ရန်ကုန်မြို့နှင့် မန္တလေးမြို့အပါအဝင် မြို့ကြီး ၁ဝ မြို့ခန့်တွင် စစ်ကိုင်းပြတ်ရွေ့၌ အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ပါက ဘေးအန္တရာယ်ကြီးမားစွာ ကျရောက်နိုင်ကြောင်း စက်တင်ဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန် ထားသည်။

မြန်မာနိုင်ငံတွင် ၁၉၇၅ခုနှစ်မှယနေ့အထိ အင်အားပြင်းငလျင် ရှစ်ကြိမ်ထိလှုပ်ခတ်ခဲ့ပြီး ၂ဝ၁၁ခုနှစ် တာလေမြို့တွင် လှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၁ရှိသည့် ငလျင်သည် အင်အားအပြင်းဆုံးဖြစ်ပြီး လူပေါင်း ၇၆ဦး သေဆုံးခဲ့သည်။မြန်မာနိုင်ငံ၌ ၂ဝ၁၅ခုနှစ်တွင် စုစုပေါင်းငလျင် ၂၃ကြိမ်၊၂ဝ၁၆ခုနှစ်တွင် စုစုပေါင်းငလျင် ၃၈ ကြိမ်ထိလှုပ်ခတ်ခဲ့ပြီး ယခုနှစ်တွင် လက်ရှိစက်တင်ဘာလထိ စုစုပေါင်း ငလျင်၃၈ ကြိမ်ထိ လှုပ်ခတ်ထားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger