www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 7, 2017

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပ


ရခိုင်ပြည်နယ်တွင်လတ်တလောဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပစဉ်။

နေပြည်တော် ၇-၉-၂၀၁၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းတို့က ပြည်တွင်းပြည်ပ သတင်းဌာနများအား ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၌ ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားလုံခြုံရေး ဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ကမ္ဘာ့သတင်း မီဒီယာအချို့တွင် သတင်းမှားများရေးသား ဖော်ပြခြင်း၊ လူမှုကွန်ရက် စာမျက်နှာများ၌ မဟုတ်မမှန် ထင်ယောင်ထင်မှားဖြစ်စေမည့် သတင်းများအား ရည်ရွယ်ချက်ဖြင့် ဖြန့်ဝေနေခြင်းတို့ကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေပြီး ရခိုင်ပြည်နယ် အရေးကိစ္စဆောင်ရွက်ချက် များကိုလည်း ထိခိုက်စေကြောင်း၊ ထိုသို့သတင်းမှားများ ပျံ့နှံ့နေခြင်းသည် အကြမ်းဖက်သမားများအပေါ် ထောက်ခံပေးသကဲ့သို့ ဖြစ်နေကြောင်း၊ သို့ဖြစ်၍ မီဒီယာများအနေဖြင့် ခိုင်လုံသည့် အချက်အလက်များအပေါ် အခြေခံသည့် ပကတိအခြေအနေ မှန်များကို ဖော်ပြရေးသားခြင်းဖြင့် ရခိုင်ပြည်နယ် ပြန်လည်တည် ငြိမ်အေးချမ်းရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် တိုက်တွန်းလိုပါကြောင်း။

ယခုဖြစ်ပွားနေသည့် အကြမ်းဖက်မှုများမှာ ယခင်ဖြစ်စဉ်များနှင့်မတူ ထူးခြားကြောင်း၊ယခင်က လူ့အသိုက်အဝန်းနှစ်ရပ်အကြားရှိ ပဋိပက္ခမျိုးသာဖြစ်သော်လည်း ယခုဖြစ်စဉ်မှာ နယ်မြေသိမ်းပိုက်ခွဲထွက် ရန်ရည်ရွယ်၍နည်းဗျူဟာများချမှတ်ကာ အကြမ်းဖက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာ၌ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အစိုးရဝန်ထမ်းများ၊ အစိုးရနှင့်ပူးပေါင်းသူများနှင့်၎င်းတို့သြဇာခံမဟုတ်သူများ၊ အခြား ဘာသာဝင်များနှင့် တိုင်းရင်းသားများအား သတ်ဖြတ်ခြင်းဖြင့် ယင်းနယ်မြေမှ တိုင်းရင်းသားများ စွန့်ခွာသွားစေရန် ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုမှန်သမျှကို ကာကွယ်တုံ့ပြန်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာ၌ အပြစ်မဲ့ပြည်သူများ ထိခိုက်မှုမရှိစေရန် အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်နေကြောင်း။

ဆက်လက်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များနှင့် ပတ်သက်၍ ပြောကြားရာတွင် အကြံပြုချက်များကို ပကတိမြေပြင် အခြေအနေပေါ်မူတည်၍ အပြည့်စုံဆုံးနှင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ကနဦးအဆင့်အနေဖြင့် ပြည်ထောင်စုဝန်ကြီး အဆင့်ဦးဆောင်သည့် ကော်မတီသစ်တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါကော်မတီကို အထောက်အကူပြုရန် ပြည်တွင်း ပြည်ပမှ ထင်ပေါ်ကျော်ကြားသည့် ကျွမ်းကျင်သူများပါဝင်သည့် အကြံပေးဘုတ် အဖွဲ့တစ်ရပ် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အကြမ်းဖက်မှု ဖြစ်ပွားပြီးသည်နှင့် တစ်ပြိုင်နက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်နယ်အစိုးရနှင့် အတူပူးပေါင်း၍ ထိခိုက်ခံခဲ့ရသော ကျေးရွာများနှင့် နေရပ်စွန့်ခွာခဲ့ရသူများထံသို့ Air Myanmar Aviation Services ကုမ္ပဏီမှ ပံ့ပိုးပေးထားသည့် ရဟတ်ယာဉ်ဖြင့်သွားရောက်ခဲ့ကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ခြင်း၊ အားပေးနှစ်သိမ့်ခြင်း၊ ကျန်းမာရေး၊ လုံခြုံရေးတို့အတွက် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ကွဲကွာနေသော မိသားစုဝင်များ ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ဆက်သွယ်ဖြေရှင်း ဆောင်ရွက်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း ရှင်းလင်း ပြောကြားသည်။

ယခုအခါ အစိုးရအနေဖြင့် အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာ၍ တိမ်းရှောင်နေ ကြရသည့် ဒေသတွင်းနေထိုင်သူများအားလုံးအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများထိရောက်စွာ ပေးအပ်နိုင်ရန် အလှူရှင်နိုင်ငံများမှ လှူဒါန်းမှုများကို ပြည်ထောင်စု အစိုးရမှလက်ခံ၍ ပြည်ထောင်စုအစိုးရ၏ လမ်းညွှန်ကြီးကြပ်မှု၊ ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှု၊ ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဖြန့်ဖြူးပေးရန်ဆောင်ရွက်နေကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်တို့ကသတင်းမီဒီယာများမေးမြန်းသည့် မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ညနေ ၃ နာရီတွင် ရုပ်သိမ်းလိုက်သည်။သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပသတင်းဌာန ၅၇ ဌာနမှ သတင်းထောက်၇၁ ဦး တက်ရောက်ကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger