www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 6, 2017

တောင်သူများအနေဖြင့် ဈေးကွက်ကောင်းရှိသည့်ဝါသီးနှံကို ပြောင်းလဲစိုက်ပျိုးကြရန် စိုက်ပျိုးရေးဦးစီးဌာနက အကြံပြုထား



မန္တလေး ၆-၉-၂၀၁၇

အိန္ဒိယနိုင်ငံသို့ ပဲစင်းငုံ၊မတ်ပဲ၊ ပဲတီစိမ်းတင်သွင်းမှုကို တန်ချိန်ကန့်သတ် လိုက်သည့်အတွက် ပြည်တွင်း ပဲစိုက်တောင်သူများအနေဖြင့် ဈေးကွက်ကောင်းရှိသည့် ဝါသီးနှံကို ပြောင်းလဲစိုက်ပျိုးကြရန် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက အကြံပြုပြောကြားခဲ့သည်။

ဝါသီးနှံကို တောင်သူများအနေဖြင့် စိုက်ပျိုးရန်စိတ်ဝင်စားမှု အားနည်းသော်လည်း ဈေးကွက်အခိုင်အမာ ရှိနေသည့်အတွက် တောင်သူများအနေဖြင့် စိုက်ပျိုးသင့်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီး မှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းက ပြောပြသည်။

''ငွေချည် -၆ချည်မျှင်ရှည်ဝါမျိုး၊ရွှေတောင်-၈နှင့် ငွေချည်-၉ ချည်မျှင်ရှည်ဝါ မျိုးသစ်ထဲကတစ်မျိုးမဟုတ် တစ်မျိုးကို စိုက်ပျိုးပြီး စိုက်ပျိုးနည်း စနစ်တွေကိုစနစ်တကျ လိုက်နာသွားမယ်ဆိုရင် တောင်သူတွေအတွက်
အကျိုးအမြတ်တွေ ရရှိလိမ့်မယ်လို့ သုံးသပ်မိပါတယ်။ ချည်မျှင်ရှည်ဝါ အနေနဲ့ သက်တမ်းငါးလကြာပါတယ်။ ဆေးဖျန်းရတဲ့အတွက် တောင်သူတွေအနေနဲ့ စိတ်ဝင်စားမှု အားနည်းပေမယ့် ဝင်ငွေအနေနဲ့ ဈေးကွက်အနေနဲ့ကျ တစ်ဖက်က ကြည့်မယ်ဆိုရင် ခိုင်မာနေတဲ့ အတွက်ကြောင့် စိုက်သင့်တဲ့ သီးနှံတစ်ခုလို့ ကျွန်မအနေနဲ့မြင်ပါတယ်''ဟု ၎င်းက ပြောပြသည်။

ရွှေတောင်-၈ နှင့် ငွေချည်-၉ ချည်မျှင်ရှည်ဝါမျိုးသစ်သည် တစ်ဧကလျှင် ပိဿာတစ်ထောင်ကျော်ထွက်ရှိပြီး ငွေချည်-၆ချည်မျှင်ရှည် ဝါမျိုးသည် တစ်ဧကလျှင် ပိဿာတစ်ထောင်ထိထွက်ရှိကြောင်း ၊စိုက်ပျိုးရာတွင် ကုန်ကျစရိတ်အနေဖြင့် စုစုပေါင်းကုန်ကျစရိတ်မှာ တစ်ဧကလျှင် ငွေကျပ် ခြောက်သိန်းကျော်ဖြစ်ပြီး အနည်းဆုံးပိဿာ ၁ဝဝဝထွက်ရှိပါက တစ်ပိဿာ ငွေကျပ် ၁ဝဝဝနှုန်းဖြင့်ရောင်းချပါက ငွေကျပ်၁ဝ သိန်းရရှိမည်ဖြစ်ကာ တစ်ဧကအသားတင် အမြတ်ငွေမှာ ငွေကျပ်သုံးသိန်းကျော် ရရှိမည်ဖြစ်ကြောင်း၊ငွေချည်-၆ ချည်မျှင်ရှည်ဝါမျိုး၌ တစ်ဧကလျှင် ကုန်ကျငွေကျပ် သုံးသိန်းကျော်ဖြစ်ပြီး ပိဿာ၁ဝဝဝ ထိထွက်ရှိပါက တစ်ပိဿာ ၁ဝဝဝနှုန်းဖြင့် ရောင်းချလျှင် ငွေကျပ်၁ဝသိန်း ရရှိမည်ဖြစ်ကာ တစ်ဧကအသား တင်အမြတ်ငွေမှာ ငွေကျပ်ခြောက်သိန်း ကျော်ရရှိမည်ဖြစ်သည့် အတွက်တောင်သူများအနေဖြင့် ချည်မျှင်ရှည်ဝါမှာ စိုက်ပျိုးသင့်သည့် သီးနှံတစ်ခုဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger