နေပြည်တော် ၁၅-၉-၂၀၁၇
ယခုနှစ်အတွင်း သံပရာစိုက်ပျိုးသူ များပြားသော်လည်း ပြည်ပသို့တင်ပို့ရာတွင် အခက်အခဲရှိခြင်းကြောင့် သံပရာဈေး နှုန်းစံချိန်တင်ကျဆင်းခဲ့ရာ လာမည့်နှစ်တွင် သံပရာစိုက်ပျိုးသူ နည်းသွားပါက ဈေးကွက် ထိခိုက်နိုင်ကြောင်း သံပရာစိုက်ပျိုးသူများထံမှ သိရသည်။
ပြီးခဲ့သည့် သုံးနှစ်ခန့်မှစ၍ သံပရာဈေးနှုန်း ကျဆင်းခဲ့ရာ ယခင်က ပိဿာ ၄ဝ ဝင်သံပရာအိတ် တစ်အိတ်လျှင် ငွေကျပ် ၃ဝဝဝဝ အထိ ဈေးနှုန်းရှိခဲ့ရာမှ လတ်တလောတွင် ငွေကျပ် ၃၅ဝဝ အထိစံချိန်တင် ဈေးနှုန်းကျဆင်း လျက်ရှိကြောင်း သိရသည်။
''ဈေးကျတာက သုံးနှစ်ဆက်တိုက် ရှိနေပြီ။ ဒီနှစ်က စံချိန်တင်ကျဆင်းသွားတာပါ။ တချို့ဆိုရင် လုံးဝမခူးတော့ဘဲ ပစ်ထားလိုက်ရပြီး တချို့ဆိုရင် ခုတ်လှဲလိုက်တယ်။ ဒီလိုနဲ့ တောင်သူတွေ နောက်နှစ်မစိုက် တော့ရင် ဈေးကွက် ထိခိုက်နိုင်တယ်'' ဟု တပ်ကုန်းမြို့နယ်မှ သံပရာစိုက်တောင်သူ ဦးကျော်ဟန်ကပြောသည်။
လတ်တလောတွင် သံပရာစိုက်ပျိုးသူ တချို့မှာ အပင်များခုတ်လှဲကာ တခြားသီးနှံ များစိုက်ပျိုးရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
''မိဘ လက်ငုတ်ဖြစ်လို့ စိုက်ပျိုးမှုအပိုင်းမှာ အခက်အခဲမရှိပေမယ့် ဈေးကွက်မရှိတော့ အခက်ကြုံရတယ်။ သုံးနှစ်ဆက်တိုက် အရှုံးပေါ်နေတယ်'' ဟု ရွှေကျင်မြို့နယ်မှ သံပရာစိုက်တောင်သူ ဦးဝင်းတင်ကပြောသည်။
ပြည်တွင်း၌စိုက်ပျိုးသည့် သံပရာသီးများကို အရည်အသွေး ကောင်းမွန်ရန် ဆောင်ရွက်နေပြီး အဆင့်မြင့်ထုတ်ကုန်အဖြစ် ပြောင်းလဲကာ ပြည်ပသို့ တင်ပို့နိုင်ပါက သံပရာဈေးကွက် ကောင်းမွန်လာနိုင်သော်လည်း ခိုင်မာသည့် ဈေးကွက်မရရှိသေးကြောင်း သိရသည်။
#Themyawadydaily






No comments:
Post a Comment