www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 25, 2017

ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ဟိန္ဒူဘာသာဝင်များ၏ အလောင်းများရှာဖွေတွေ့ရှိ



ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်းများမြှုပ်နှံ ထားသောကျင်းကို တွေ့ရစဉ်။ 


လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ရုပ်အလောင်းများအား လိုက်ပါရှာဖွေခဲ့သည့် ဟိန္ဒူဘာသာဝင် ဦးအရှီကူမာကိုတွေ့ဆုံမေးမြန်းစဉ်။

နေပြည်တော် ၂၅-၉-၂၀၁၇

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ ရက်ရက်စက်စက် အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခံခဲ့ရသည့် ဟိန္ဒူဘာသာဝင် ရုပ်အလောင်း ၂၈ လောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် မောင်တောမြို့နယ်၊ ရဲဘော်ကျ ကျေးရွာအနီး၌ ရှာဖွေတူးဖော်ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် စစ်တွေမြို့တွင် နေရပ်စွန့်ခွာထွက်ပြေး ရောက်ရှိနေသည့် မောင်တောမြို့နယ်၊ လေးမိုင်ရွာသား ဟိန္ဒူဘာသာဝင် ဦးနီမော်လ် (ဟိန္ဒူဘာသာဝင်ကူညီရေး ခေါင်းဆောင်) ထံသို့ ရဲဘော်ကျကျေးရွာနေ မဘီနာဘာလာ(ဘ) ဦးဆွေလာမ်ကဖုန်းဖြင့် ဆက်သွယ်ပြောကြားချက်အရ သြဂုတ် ၂၅ ရက် ည ၉ နာရီခွဲတွင် ရဲဘော်ကျ ကျေးရွာသို့ လက်နက်ငယ်၊ တုတ်၊ဓား၊ လှံများကိုင်ဆောင်ထားသည့် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားအင်အား ၃၀၀ ဦးခန့် ၀င်ရောက်လာပြီး ကျေးရွာရှိ အမျိုးသား/အမျိုးသမီး ၁၀၀ ဦးခန့်ကိုဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ၊ထို့နောက် ရွာ၏အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့အရောက်၌ အကြမ်းဖက်သမားများက အမျိုးသား/အမျိုးသမီး အားလုံးနီးပါးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၈ ဦးအားအစ္စလာမ်ဘာသာသို့ ၀င်ခိုင်းခဲ့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဖမ်းဆီးခေါ်သွားခဲ့ကြောင်း သိရှိရသည်။

အထက်ပါပြောကြားချက်အား ဦးနီမော်လ်မှ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာရှိ လုံခြုံရေးတပ်ဖွဲ့ ၀င်များထံ သတင်းပေးပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဦးနီမော်လ်နှင့်အတူ ခမောင်းဆိပ်နှင့် တမန်းသားကျေးရွာ တို့မှဟိန္ဒူဘာသာဝင်အချို့ လိုက်ပါ၍ ရဲဘော်ကျကျေးရွာသို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်ရှာဖွေခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် အဆိုပါကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၂၀၀ ခန့်အကွာနေရာ၌ မသင်္ကာဖွယ်မြေ အနေအထား တွေ့ရှိရပြီး အပုပ်နံ့ရရှိသဖြင့် ရှာဖွေတူးဖော်ကြရာ အလောင်းများ မြှုပ်ထားသည်ဟု ယူဆရသော အကျယ် ၁၃ ပေပတ်လည်ကျင်းကြီး ၂ ကျင်း (၁၀ ပေခန့်အကွာ) အားစတင်တွေ့ရှိ ခဲ့သည်။

အဆိုပါကျင်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဟိန္ဒူဘာသာဝင်များက တူဖော်ခဲ့ရာမွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် ပထမကျင်းအတွင်းမှ အမျိုးသမီးရုပ်အလောင်း ၁၂ လောင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် ဒုတိယကျင်းအတွင်းမှ အသက် ၁၀ နှစ်အောက် အမျိုးသားရုပ်လောင်း ၆ လောင်း၊ အမျိုးသားရုပ်အလောင်း ၂ လောင်း၊ အမျိုးသမီး ရုပ်အလောင်း ၈ လောင်း စုစုပေါင်းရုပ်အလောင်း ၂၈ လောင်းတို့ကို ရှာဖွေတူးဖော် ရရှိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ လိုက်ပါရှာဖွေခဲ့သည့် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာအုပ်စု၊ တောင်ရွာနေ ဟိန္ဒူဘာသာဝင်ဦးအရှီကူမာနှင့် လေးမိုင်ကျေးရွာနေ ဦးနီမော်လ်တို့နှင့်အတူ အခြားဟိန္ဒူဘာသာဝင်များ၏ အတည်ပြု ပြောကြားချက်များအရ အဆိုပါတူးဖော် ရရှိခဲ့သည့် ရုပ်အလောင်းများသည် ရဲဘော်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင်များ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျန်ရှိ ဟိန္ဒူဘာသာဝင်များအား ရှာဖွေတွေ့ရှိရေး ထပ်မံရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger