www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 8, 2017

အပင်ဖျက်ပိုးများအား နှိမ်နင်းနိုင်သည့် နကျယ်ကောင်များကို မွေးမြူရေးခြံ ပြုလုပ်မွေးမြူ



ပလိပ် ၈-၈-၂၀၁၇

အကျိုးရှိစေမည့် အပင်ဖျက်ပိုးများကို နှိမ်နင်းနိုင်သော နကျယ်ကောင် များအား မွေးမြူရေးခြံ ပြုလုပ်ကာ မွေးမြူထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

ထိုသို့မွေးမြူရာတွင် ဥရောပနိုင်ငံများ ၏ အထောက်အပံ့နှင့် တရုတ်နိုင်ငံ၏ နည်းပညာဆိုင်ရာ အကူအညီများဖြင့် ဆောင်ရွက်လျက် ရှိသည်။

နကျယ်ကောင်များသည် အပင်ဖျက်ပိုးများ၏ ဥများကို နှစ်သက်စွာ စားသောက်သည့်အတွက် ပိုးသတ်ဆေးမလိုဘဲ အပင်များကို ကာကွယ်နိုင်မည် ဖြစ်သည်။

''နကျယ်ကောင် တစ်ထောင်ပါတဲ့ ကတ်လေးတွေ လုပ်ပြီး ချိတ်ပေးထားလိုက်ရင် လယ်ကွင်းထဲမှာ အကောင်လေးတွေက ထွက်လာပြီး ဖျက်ပိုးတွေကို သူ့သဘာဝအတိုင်း စားသုံးမှာပါ။ သူတို့က အဲဒီအပေါ်မှာပဲ ဥပြီး စားသောက် နေတော့ ဖျက်ပိုးတွေ ရှင်သန်မလာတော့ဘူး''ဟု မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ဇီဝဓာတ်ခွဲခန်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက ပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် သီးနှံခင်းတစ်ဧကလျှင် အကောင်ရေ တစ်ထောင်စီပါသည့် ကတ် ၄ဝ ထည့်သွင်းပေးမည် ဖြစ်ပြီး သီးနှံခင်းတစ်ခင်းလျှင် နှစ်ကြိမ်ထည့်သွင်းပါက နကျယ်ကောင်ပေါင်း လေးသောင်းကို ထည့်သွင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းစနစ်သည် ပိုးသတ်ဆေး အသုံးပြုမှုကို လျှော့ချနိုင်သည့်အတွက် တောင်သူများအပြင် စားသုံးသူများ အတွက်လည်း အကျိုးရှိစေနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နကျယ်ကောင်များအား မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မိုးစပါးစိုက်ဧက ၁၂ဝ သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘတ်ဂျက်ဖြင့် လွှတ်ပေးနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားသည့် အပြင်တောင်သူများ အနေဖြင့် မိမိလယ်မြေများအတွင်း လွှတ်လိုပါကလည်း တစ်ကြိမ်လျှင် တစ်ဧက ငွေကျပ်နှစ်ထောင်နှုန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့လွှတ်ရာတွင် စိုက်ခင်းနှစ်ကြိမ်၊ ပျိုးခင်းတစ်ကြိမ်လွှတ်နိုင် ကြောင်း၊ထိုသို့ ဆောင်ရွက်လိုပါက စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကလာရောက် ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

#Themywadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger