www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 4, 2017

တပ်မတော် (လေ) မှ သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8 (၅၈၂၀) ပျက်ကျမှုနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ ညှိနှိုင်းအစည်းအဝေးပြုလုပ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော် (လေ) မှ သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8 (၅၈၂ဝ) ပျက်ကျမှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ ညှိနှိုင်းအစည်းအဝေးတွင် အမှာစကားပြောကြားစဉ်။

စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်ချုပ်မောင်မောင်ကျော် Y-8 လေယာဉ်ပျက်ကျမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြစဉ်။

နေပြည်တော် ၄-၇-၂၀၁၇

တပ်မတော် (လေ) မှ သယ်ယူပို့ဆောင်ရေး လေယာဉ် Y-8 (၅၈၂၀) ပျက်ကျခဲ့မှုနှင့် ပတ်သက်၍ ဆောင်ရွက် ထားရှိမှုအခြေအနေများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်သည်။

အဆိုပါအစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုဖြစ်စဉ်သည် နိုင်ငံတော်နှင့် တပ်မတော်အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ကြောင်း၊ အချိန်ကာလတိုအတွင်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမှာ အားလုံး၏ တက်ညီလက်ညီ ၀ိုင်းဝန်းဆောင်ရွက်မှု ကြောင့်ဖြစ်ကြောင်း၊ တနင်္သာရီဒေသရှိ ငါးဖမ်းစက်လှေများ အပါအ၀င် ဒေသခံပြည်သူများက အင်တိုက်အားတိုက် ၀ိုင်းဝန်းကူညီကြ သကဲ့သို့ နိုင်ငံတစ်ဝန်းရှိ စေတနာရှင်ပြည်သူများနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများကလည်း လှူဒါန်းငွေများစွာ ပေးအပ်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် အသက်ဆုံးရှုံးသွားရသူ အားလုံးအား လူတစ်ယောက်ချင်းကို အသက်တစ်ချောင်း ဆုံးရှုံးမှုဟု ယူဆပါကြောင်း၊ ၀ိုင်းဝန်းကူညီ၍ ရေငုပ်ရှာဖွေရာတွင် သေဆုံးခဲ့ရသည့် ဦးစောနောင်ကိုပါ ထည့်သွင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ရာသီဥတု အခြေအနေ ပေးသည်နှင့်အမျှရှာဖွေကယ်ဆယ် ရေး လုပ်ငန်းများဆက်လက် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်းတို့အား မှာကြားသည်။

ယင်းနောက် စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်ချုပ်မိုးအောင်က ဇွန် ၇ ရက်မှ ဇူလိုင် ၂ ရက်အထိ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများရက်အလိုက် ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ တပ်မတော် (ရေ) မှ စစ်ရေယာဉ်စုစုပေါင်း ၁၃ စီး၊ ထူးထူးတိုးကုမ္ပဏီ၊ ပြည့်ဖြိုးထွန်းကုမ္ပဏီ၊ ခိုင်ဇင်ယော်ကုမ္ပဏီနှင့် ဦးမင်းဦး ကုမ္ပဏီများမှ ဒေသခံငါးဖမ်းစက်လှေ ၂၆ စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ တပ်မတော် (ရေ) မှ ရေငုပ်စစ်သည်များနှင့် အရပ်ဘက်ရေငုပ် အဖွဲ့များ၏ ပူးပေါင်းလုပ်ဆောင်ခဲ့မှု အခြေအနေများ၊ ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေး ဧရိယာအတွင်း ရာသီဥတုဆိုးရွားနေသည့် ကြားမှ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ စွန့်စား စွာလုပ်ဆောင်ခဲ့မှုများ၊ ပျက်ကျလေယာဉ်၏ အစိတ်အပိုင်းများနှင့် ရုပ်အလောင်းများ ရှာဖွေတွေ့ရှိမှု၊ ဆယ်ယူပို့ဆောင်ပေးမှု အခြေအနေများ၊ လက်ရှိစစ်ရေယာဉ် ၉ စီး၊ ဒေသခံငါးဖမ်းစက်လှေ ၈ စီး၊ ကျွမ်းကျင်ရေငုပ် အရာရှိ၊ စစ်သည် ၃၃ ဦးတို့ဖြင့် ရှာဖွေဆယ်ယူရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည့် အစီအမံများအား ရှင်းလင်း တင်ပြသည်။

ယင်းနောက် စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်ချုပ်မောင်မောင်ကျော်က တပ်မတော်လေယာဉ် Y-8 (၅၈၂၀) ၏သမိုင်းကြောင်းနှင့် ပျံသန်းအသုံးပြုမှု အခြေအနေများ၊ လေယာဉ်ပျက်ကျမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ရေဒါများမှ ဖမ်းယူရရှိခဲ့သည့် မှတ်တမ်းများ၊ ဖြစ်စဉ်ဖြစ်ပွား ချိန်တွင်ရှိသည့် မိုးလေ၀သဂြိုလ်တုနှင့် မိုးလေ၀သရေဒါများက ဖမ်းယူရရှိသည့် မိုးလေ၀သ အခြေအနေများ၊ မိုးတိမ်တောင်များ အနီးတွင် ဖြစ်ပေါ်လေ့ရှိသည့် Downdraft ၏ သက်ရောက်မှု ပုံစံများ၊ တပ်မတော် (လေ) မှလေယာဉ် ၃ စီး၊ ရဟတ်ယာဉ် ၂ စီးဖြင့် ပျံသန်းမှုခေါက်ရေ ၃၅ ခေါက်၊ ပျံသန်းချိန် ၅၅ နာရီကျော် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ဇွန် ၁၈ ရက်တွင် Flight Data Recoder-FDR နှင့် Cockpit Voice Recoder – CVR တို့အား ဆယ်ယူရရှိခဲ့သည့် အခြေအနေများ၊ ဇွန် ၈ ရက်မှ ဇူလိုင် ၂ ရက်အထိ ဆယ်ယူရရှိခဲ့သည့် လေယာဉ်အစိတ်အပိုင်း ၂၆၁ ခုအား လေယာဉ်ဦးပိုင်း (Nose Section) လေယာဉ်ကိုယ်ထည်ပိုင်း (Middle Fuselage) နှင့် လေယာဉ်အမြီးပိုင်း (Rear Section) ခွဲခြား၍ စိစစ်မှတ်တမ်းထားရှိမှု အခြေအနေများ၊ လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ တတိယအဖွဲ့အစည်း ပါဝင်သည့် ပူးပေါင်းစုံစမ်း စစ်ဆေးရေး အဖွဲ့ဖွဲ့စည်း၍ စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက ပျက်ကျလေယာဉ်တွင် ပါရှိသွားသည့်အရာရှိ၊ စစ်သည်မိသားစု များအတွက် လှူဒါန်းငွေများရရှိမှု၊ အမွေစားအမွေခံ ကိစ္စရပ်များနှင့် အကျိုးခံစားခွင့်များ မှန်ကန် မြန်ဆန် စွာရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ကျန်ရစ်သူ မိသားစုဝင်များ၏ နေရာချထားရေးနှင့် အလုပ်အကိုင် ရရှိရေးအတွက် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြမှု အပေါ်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကယခုကဲ့သို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ အောင်မြင်စွာ လုပ်ဆောင်နိုင်ခြင်း မှာပါဝင် ဆောင်ရွက်ကြသူ အားလုံး၏ စိတ်အားထက်သန်မှု ကြောင့်ပင် ဖြစ်ကြောင်း၊ လေယာဉ်ပျက်ကျမှု ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များကိုလည်း မှန်မှန်ကန်ကန် လုပ်ဆောင်ကြရမည် ဖြစ်ပြီးအမှန်အတိုင်းသတင်း ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း၊ နောင်အလားတူမဖြစ် စေရန်လည်း လေယာဉ်ပိုင်းဆိုင်ရာ၊ ခရီးသည်ပိုင်းဆိုင်ရာ လုံခြုံမှု ပိုမိုရရှိအောင်လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ယခုရရှိပြီးသည့် လှူဒါန်းငွေများကိုလည်း သက်ဆိုင်သူများထံသို့ မှန်မှန်ကန်ကန်နှင့် အမြန်ရောက်ရှိအောင် စနစ်တကျ ခွဲဝေ ပေးရန်လိုကြောင်း၊ နောင်ထပ်မံလှူဒါန်းပါက သီးခြားခွဲဝေ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း၊ ကျန်ရစ်သူ မိသားစုဝင်များကို ရသင့်သည့် ခံစားခွင့်များ အပြည့်အ၀ ဆောင်ရွက်ပေးရေးနှင့် ထောက်ပံ့ပေးမှုများအား နေထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးအပါအ၀င် ပြည့်စုံစွာ လုပ်ဆောင်ပေးရမည် ဖြစ်ကြောင်း၊ မှန်ကန်သည့် ပင်လယ်ပြင်ရာသီဥတု သတင်းဖော်ပြချက်များကို ရယူ၍ယင်း အချက်အလက်များ အပေါ်အလေးထား လိုက်နာဆောင်ရွက်ရန် လိုကြောင်း၊ အန္တရာယ်ကင်းရှင်းစွာဖြင့် ဖြစ်နိုင်သည့် နောက်ဆုံး အခြေအနေအထိ ရှာဖွေဆယ်ယူရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger