ရန်ကုန် ၁၄-၆-၂၀၁၇
ပဲခူးရိုးမအတွင်း သဘာဝအခြေခံ ခရီးသွားလုပ်ငန်း (Eco-Tourism) အကောင်အထည် ဖော်နိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပဲခူးရိုးမ သစ်တောကြိုးဝိုင်းသည် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ကောင်းမွန်သည့် ခရီးစဉ်တစ်ခု ဖြစ်ပြီး ရန်ကုန်၊ပြည်၊ သရေခေတ္တရာနှင့် တောင်ငူခရီးစဉ်များတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း(Eco- Tourism)၊ ယဉ်ကျေးမှု အမွေအနှစ်များကို ပြသရသည့် ခရီးသွားလုပ်ငန်း (Cultural Touris-m) နှင့် ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်း (Community Base-Tourism) များကို တစ်ဆက်တည်း လည်ပတ်လေ့လာ နိုင်သော ခရီးစဉ်အဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားခရီးသွား ဧည့်သည်များ သဘာဝအခြေခံ ခရီးစဉ်အဖြစ် လာရောက်ရာတွင် တည်းခိုနေထိုင်ရန် BagoYoma Eco-Resort ကို ဇူလိုင်လကုန်ပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ပြီး Eco-Tourism ဆောင်ရွက်ခြင်း ကြောင့် ဒေသခံများ အတွက်အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေကာ လူမှုစီးပွားရေး အကျိုးအမြတ်များ ရရှိစေနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ၌ သဘာဝအခြေခံခရီးစဉ် ဒေသများကို ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ချင်းပြည်နယ်တို့၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Themyawadydaily






No comments:
Post a Comment