www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 5, 2017

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သိမ်ဇရပ်-မော်လမြိုင် လမ်းပိုင်းစစ်ဆေးခြင်းနှင့် မော်လမြိုင်မြို့ရှိဌာနဆိုင်ရာ များနှင့်တွေ့ဆုံ


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် သံမဏိသံပေါင်ပေါ်တွင် သစ်မာဇလီဖားတုံးအစားသံမဏိဇလီဖားတုံးဖြင့် ပြောင်းလဲတပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးစဉ်။

မော်လမြိုင် ၅-၆-၂၀၁၇

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက သိမ်ဇရပ်- မော်လမြိုင် လမ်းပိုင်းအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘိုရားကြီးဘူတာနှင့် ကျိုက်ထိုဘူတာကြား တာပေါင်မြှင့်၍ ကျဉ်းသောနေရာများတွင် မြေဖို့ခြင်းနှင့် တူးမြေတောင်ကြားများတွင် ဘေးနံရံအားချဲ့၍ ရေမြောင်းတူးခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ ကျိုက်ထိုဘူတာ သန့်ရှင်းသပ်ရပ်စေရန် ပြုပြင်ထားရှိမှုနှင့် ကျိုက်ထိုဘူတာ သံလမ်းခုံးကျော် တံတားပြုပြင်ထားမှု တို့ကိုလည်းကောင်း၊ ကျိုက်ထိုဘူတာနှင့် မရမ်းကုန်းဘူတာကြား တံတား အမှတ် (၅၁) တွင် တပ်ဆင်အသုံးပြုမည့် သံမဏိသံပေါင်ပေါ်တွင် သစ်မာဇလီဖားတုံး အစားသံမဏိ ဇလီဖားတုံးဖြင့် ပြောင်းလဲတပ်ဆင်နေမှုကို လည်းကောင်း၊ ပေါင်ဘူတာယာဒ်ဝန်းတွင် ကိုးချောင်းဆက်သံလမ်း ပြုလုပ်နေမှု ကိုလည်းကောင်း၊ သံလမ်းခံနိုင်ဝန် တိုင်းတာခြင်း လုပ်ငန်းများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလ အမီပြီးစီးရေး၊ ပစ္စည်းများ လေလွင့်မှု မရှိစေရေး တို့ကို တာဝန်ရှိသူများအား မှာကြားသည်။

ကိုးချောင်းဆက် သံလမ်းများကို ပဲခူးမှတောင်စွန်းအထိ ၆၂ဒသမ ၅မိုင်အား ဝေါဘူတာတွင် အခြေပြု၍ လမ်းခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ယခုပေါင်ဘူတာ ယာဒ်ဝန်းတွင် အခြေပြုဆောင်ရွက် နေသောကိုးချောင်း ဆက်သံလမ်းများအား တောင်စွန်း- မော်လမြိုင် လမ်းပိုင်း ၆၇မိုင်အား လဲလှယ်အသုံးပြု သွားမည်ဖြစ်သည်။ သံလမ်းများ တပ်ဆင်ပြီးပါက ရထားပြေးဆွဲမှုမှာ ပိုမိုငြိမ့်ညောင်းစွာ သွားလာနိုင်မည့်အပြင် အဆက်များတွင်ခုန်ဆောင့် ခြင်းများသက်သာ သွားမည်ဖြစ်ပြီး သံလမ်းဆက်များအား မကြာခဏ ပြုပြင်နေရမှု များလည်း သက်သာသွားမည် ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မော်လမြိုင်လေဆိပ်သို့ ရောက်ရှိပြီး လေယာဉ်ပြေးလမ်း အားအဆင့်မြှင့် တိုးချဲ့ခြင်း လုပ်ငန်း၊လေဆိပ် အဆောက်အအုံနှင့် လေကြောင်းထိန်းမျှော်စင် ပြုပြင်မွမ်းမံတည် ဆောက်မည့် နေရာများကို လိုက်လံကြည့်ရှုပြီး လေဆိပ်ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မော်လမြိုင်မြို့ မုပွန်ရပ်ကွက် ကျောက်ဝဲဂူ ဘုန်းကြီးကျောင်း အနီးရှိ ပြည်နယ်ရန်ပုံ ငွေဖြင့်ဆောင်ရွက် ပြီးစီးသော အလျားပေ ၁၅ဝ ကမ်းပါးပြို ကာကွယ်ရေး လုပ်ငန်းဖြစ်သည့် ဘိုးပိုင်အခြေပြု ကျောက်စီနံရံ ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရုံးသို့လည်းကောင်း၊ ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးသို့ လည်းကောင်း သွားရောက်၍ ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဝန်ထမ်း များအားတွေ့ဆုံပြီး ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ယဉ်ကျေးပြေပြစ်စေရန်၊ ပြည်သူလူထုအား ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများအား နိုးကြားတက်ကြွခြင်း၊ ယဉ်ကျေး သိမ်မွေ့ခြင်း၊ အများအကျိုးကို သယ်ပိုးခြင်း စသည်ဖြင့် ဝန်ထမ်းတို့၏ အမူအကျင့်အဖြစ် မှတ်သားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger