www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 22, 2017

စစ်မျက်နှာပြောင်းလာသည့် ဆီးရီးယားပဋိပက္ခ



ဘာသာပြန်ဆောင်းပါး

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အမေရိကန် လေယာဉ်တစ်စင်းက ဆီးရီးယား Su-22 လေယာဉ်တစ်စင်းကို ပစ်ချခဲ့သလို အီရန်ကလဲ IS ပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာဟာ IS တွေရဲ့နောက်ဆုံး ခြေကုပ်ယူထားရာ ဆီးရီးယား အရှေ့ပိုင်းမှာ စစ်မျက်နှာ ပြောင်းလာပြီဆိုတဲ့ အထောက်အထားတွေ ဖြစ်လာပါတယ်။

ဆီးရီးယား IS အရေးကိုကိုင်တွယ်ဖို့ ပြင်ပအင်အားစုတွေရဲ့ ပါဝင်ပတ်သက်မှု ခြေလှမ်းအရှိန် မြှင့်လာတဲ့သဘောဖြစ်ပြီး ၂ဝ၁၇ခုနှစ် အစောပိုင်းကတည်းက အခြေအနေရှုပ်ထွေးစပြုလာတဲ့ ဆီးရီးယားအရှေ့ပိုင်းဟာ အခုဆိုရင်အန္တရာယ်စစ်မျက်နှာ အသစ်အဖြစ် အသွင်ကူးပြောင်း နေပါတယ်။ ထရန့်အစိုးရ တက်လာပြီးတဲ့နောက် အမေရိကန်က ဆီးရီးယားစစ်လေယာဉ် တစ်စင်းကို ပထမဆုံးအကြိမ်ပစ်ချခဲ့တာ ဖြစ်ပေမယ့် ဆီးရီးယားအစိုးရနဲ့ သူ့ကို ထောက်ခံတဲ့တပ်တွေကို အမေရိကန်က ပစ်မှတ်ထား တိုက်ခိုက်တာကတော့ ပဉ္စမအကြိမ်မြောက်ပါပြီ။

အမေရိကန်လိုပဲ ဆီးရီးယားအရှေ့ပိုင်းကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ချိန်ရွယ်နေတဲ့ အင်အားစုတွေကလဲ အများကြီးရှိနေပါတယ်။ အမေရိကန်က ဆီးရီးယားသူပုန် မဟာမိတ်အဖွဲ့ SDF ကို ခပ်ရဲရဲလေး ထောက်ပံ့နေပါတယ်။ SDF က ဆီးရီးယားအရှေ့ပိုင်းမှာ ISIS ကို ပြီးခဲ့တဲ့ သုံးနှစ်လုံးလုံး တိုက်ခိုက် နေခဲ့တာဖြစ်ပြီး အခုလဲ ISIS ရဲ့ နောက်ဆုံးခြေကုပ် Raqqa မြို့ကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေခြင်း ဖြစ်ပါတယ်။ Raqqa ရှေ့တန်းစီကို ရောက်အောင် အမေရိကန်စစ်ဘက် အကြံပေး ရာပေါင်းများစွာဟာ ချီတက်လျက်ရှိပြီး သူတို့ကို မဟာမိတ်တပ်ပေါင်းစုက လေကြောင်းကနေ ကာပစ်ပေးပြီး စောင့်ရှောက် ပေးလျက်ရှိပါတယ်။

တစ်ချိန်ထဲမှာ ဆီးရီးယားစစ်တပ်နဲ့ သူ့ မဟာမိတ်တပ်ဖွဲ့တွေကလဲ Raqqa စစ်မျက်နှာကို ချီတက်နေကြပါတယ်။ အီရန်၊ အီရတ်၊ လက်ဘနွန်၊ ရှီယားအများစုနဲ့ ဖွဲ့စည်းထားတဲ့ ဒီမဟာမိတ်တပ်ဖွဲ့တွေကလဲ Raqqa ကို သိမ်းပိုက်ဖို့ ချီတက် နေကြတာပါပဲ။ အရင်အပတ်က ဆီးရီးယားစစ်တပ်က SDF ထိန်းချုပ်တဲ့နယ်မြေတွေ ဆီရောက်ခဲ့ပါတယ်။ ဒီတော့ SDF နဲ့ ဆီးရီးယားစစ်တပ်က Raqqa ရည်မှန်းချက် ချင်းတူပေမယ့် အချင်းချင်းဆုံလို့ကတော့ မလွဲမသွေ တိုက်ခိုက်ကြမယ့် အဖွဲ့နှစ်ဖွဲ့ပါ။ ဒါကြောင့်လဲ ဆီးရီးယားလေတပ်က SDF တပ်စွဲထားတဲ့ နေရာတွေကို ဇွန် ၁၈ ရက်က ဗုံးကြဲတိုက်ခိုက်တော့ အမေရိကန် တိုက်လေယာဉ်က ပစ်ချလိုက်တာပါ။ ဆီးရီးယားမှာ Su-22 တစ်စင်းလျော့သွားပါပြီ။ တစ်ချိန်ထဲမှာ SDF နဲ့ အမေရိကန်တို့ အပေါ်မှာလဲ အငြိုးအတေးပို ကြီးသွားပါပြီ။

ပင်တဂွန်ကတော့ မဟာမိတ် တပ်ဖွဲ့တွေရဲ့ မိမိကိုယ်ကို ကာကွယ်မှုအတွက် အခုလိုတိုက်ခိုက် ခဲ့တာဟာ ကြောင်းကျိုးဆီလျော်မှု ရှိတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ရုရှားကတော့ အမြင်မတူခဲ့ပြန်ပါဘူး။ ရုရှားဟာ ဆီးရီးယား မှာ အမေရိကန်နဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက် ခြင်းကို ယာယီရပ်ဆိုင်းတယ်လို့ ဒီတစ်နှစ်ထဲမှာ ဒုတိယအကြိမ်အဖြစ် ထပ်မံထုတ်ပြန် ကြေညာခဲ့ပါတယ်။ တကယ်တော့ ဆီးရီးယားကို လေကြောင်းကနေ တိုက်ခိုက်ရင် အိမ်နီးချင်းဖြစ်တဲ့ ရုရှားဝေဟင်ကို အသုံးပြုရမှာမို့ အမေရိကန်က အဲဒီသဘောတူညီချက် ရယူခဲ့တာ ဖြစ်ပါတယ်။ အခု ရုရှားက အဲဒီသဘောတူညီ ချက်ကို ပြန်ရုပ်သိမ်း လိုက်တဲ့အပြင် ယူဖရိတ်မြစ်ရဲ့ အနောက်ဘက်ခြမ်း ကစပြီးအမေရိကန် မဟာမိတ်တွေရဲ့ လေယာဉ်တွေ ဝင်ရင်ပစ်ချမယ်လို့လဲ ကြေညာလိုက်ပါတယ်။ အကျိုးဆက်အားဖြင့် အမေရိကန်မဟာမိတ် ထဲပါတဲ့ သြစတြေးလျက ဒီကနေ့ပဲ ဆီးရီးယားနိုင်ငံပေါ် ပြုလုပ်နေတဲ့ လေကြောင်းစစ်ဆင်ရေးတွေအားလုံးကို ယာယီရပ်စဲလိုက်ပြီလို့ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးက အမေရိကန်နဲ့ သူ့မဟာမိတ်တွေက ISIS တွေ Raqqa ကနေထွက်ပြေး ခွင့်ရအောင် လုပ်ပေးနေတယ်လို့ ပြစ်တင်ပြောဆိုလိုက်ပြီး Raqqa ရဲ့ တောင်ဘက်သဲကန္တာရက ISIS ရဲ့ ယာဉ်တန်းတွေလှုပ်ရှားမှု၊ စခန်းချရပ်နား မှုတွေကိုလဲ ပြီးခဲ့တဲ့လကနေ လေကြောင်းတိုက်ခိုက်မှု တွေရော၊ ခရုစ်ဒုံးကျည်နဲ့ ပစ်ခတ်မှုတွေကိုပါ ရုရှားက ခပ်စိပ်စိပ်လေး လုပ်လာခဲ့ပါတယ်။ ဒါပေမဲ့ဆီးရီးယား Su-22 ကို အမေရိကန် ပစ်ချခဲ့တာ ကိုတော့ ရန်စတာပဲလို့ ရုရှားက ပုံဖော်ခဲ့ပါတယ်။

ဒီတော့ ဆီးရီးယားအရှေ့ပိုင်း Raqqa စစ်မျက်နှာဟာ အန္တရာယ်အလွန်ကြီးတဲ့ ကန့်သတ်ချက်ကြီးမားတဲ့ စစ်မျက်နှာပြင်အသစ် ဖြစ်လာပါပြီ။ Raqqa ကို သိမ်းပိုက်ဖို့ ဆီးရီးယားတပ်နဲ့ မဟာမိတ်တွေ ချီတက်နေသလို သူတို့နဲ့ မတည့်တဲ့ SDF တပ်ပေါင်းကလဲချီတက် နေပါတယ်။ Raqqa ISIS နဲ့ မတိုက်ခင် SDF နဲ့  ဆီးရီးယားတပ်တွေ တိုက်ပွဲဖြစ်နိုင်ပါတယ်။ ဖြစ်ရင် အမေရိကန်က SDF ကိုကူပါလိမ့်မယ်။ ဆီးရီးယားကို ရုရှားက ကူပါလိမ့်မယ်။တစ်ချိန် ထဲမှာ ISIS အတွက် အရာရာအားလုံးဟာ ပုံသေပစ်မှတ်ဖြစ်သွားပါလိမ့်မယ်။ ရှုပ်ထွေးသည်ထက် ရှုပ်ထွေးလာနေပြီ ဖြစ်တဲ့ Raqqa စစ်မျက်နှာအကြောင်းကို လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

ရတနာပုံနေ့စဉ်သတင်းစာ စာ (၃၁)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger