www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 26, 2017

အစွန်းရောက်ဝါဒ ပိုမိုခေါင်းထောင်လာသည့် အင်ဒိုနီးရှား



ရှိန်းထက် ၂၆-၅-၂၀၁၇

အရှေ့အလယ်ပိုင်း၌ အရှုံးများနှင့် ရင်ဆိုင်နေရသော IS တို့၏ ခြေလှမ်းများသည် ယခုအခါ အရှေ့တောင် အာရှဆီသို့ ဦးတည်ရောက်ရှိ လာပြီဖြစ်သည်။ ဖိလစ်ပိုင်၌ မာရာဝီတိုက်ခိုက်မှု စတင်သည့် အချိန်နှင့် မရှေးမနှောင်း မှာပင် အင်ဒိုနီးရှား၌ ဗုံးခွဲတိုက်ခိုက် ခံရသည်။

အရှေ့အလယ်ပိုင်း နှစ်နိုင်ငံကို တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့သည့် IS တို့၏ အင်အားပြ အသွင်ပြောင်း စစ်ပွဲတစ်ခုဖြစ်သည်။ ဖိလစ်ပိုင်၌ အဘူဆေယက် စစ်သွေးကြွ အဖွဲ့နှင့် ဖိလစ်ပိုင် အစိုးရ စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ယခုအချိန်ထိ စစ်သွေးကြွတို့ လက်ထဲမှ မာရာဝီမြို့ကို ဖိလစ်ပိုင်စစ်တပ်တို့ ပြန်လည် သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

 မာရာဝီရဲချုပ်က အဘူဆေယက် တို့၏ ခေါင်းဖြတ်သတ်မှုကို ခံရပြီး တိုက်ပွဲကြောင့် စစ်သားနှစ်ဦး ကျဆုံးခဲ့ရသည်။ ဖိလစ်ပိုင်၌ ယခု မြို့ကိုဝင်စီးသည့် အဘူဆေယက် အဖွဲ့သည် စစ်သွေးကြွများ ထဲတွင် အကြီးဆုံး အုပ်စုဖြစ်ပြီး မာရာဝီမြို့ထဲ၌ ကတ်သလစ် ဘုရားရှိခိုးကျောင်း၊ အကျဉ်းထောင်နှင့် ကျောင်းနှစ်ကျောင်းတို့ကို မီးရှို့ဖျက်ဆီး ခဲ့ပြီဖြစ်သည်။ 

မာရာဝီ၏ အဓိက လမ်းမကြီးများကို အဘူဆေယက်တို့က ထိန်းချုပ်ထားပြီး မြို့တော်ခန်းမ အပါအဝင် ဆေးရုံနှင့် တက္ကသိုလ်များ ကိုပင် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။ သမ္မတဒူတာတေက ထိုဒေသကိုရက်ပေါင်း ၆ဝ မာရှယ်လော ထုတ်ပြန်ကြေညာထားပြီး သူ၏လေးရက်ကြာ ရုရှားခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့သည်။ 

ဖိလစ်ပိုင်စစ်တပ်အတွက်  မာရာဝီမြို့ကို ပြန်လည် သိမ်းပိုက်ရန် အဓိက အခက်အခဲ များမှာ စစ်သွေးကြွတို့က လျှပ်စစ်မီးများကို ဖြတ်တောက်ထားပြီး မြို့ကို အမှောင်ချထားကာ နေရာအနှံ့၌ ၎င်းတို့၏ စနိုက်ဘာ သမားများက စောင့်ကြည့်နေသောကြောင့် ဖြစ်သည်။ 

ဖိလစ်ပိုင်၌ IS တို့အတွက် ချဉ်းကပ်ရပိုမို လွယ်ကူခြင်းမှာ မြေပေါ်စစ်သွေးကြွ အဖွဲ့အစည်းများစွာ ရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် IS တို့ မြို့တစ်မြို့ကို အချိန်တိုအတွင်း ဝင်ရောက်သိမ်းပိုက်နိုင်သည် အထိ ဖြစ်ခဲ့သည်။ 

အင်ဒိုနီးရှားက မြေပေါ်စစ်သွေးကြွ အုပ်စုများမရှိဘဲ မြေအောက်စစ်သွေးကြွ အုပ်စုများစွာ ရှိနေသည့် နေရာတစ်ခုဖြစ်သည်။ ၂ဝ၁၄ ခုနှစ်တွင် အရှေ့အလယ်ပိုင်း၌ IS တို့ ဘုရင်ဖြစ်နေချိန် အင်ဒိုနီးရှားမှ ဆီးရီးယားနှင့် အီရတ်သို့ သွားရောက်ပူးပေါင်းသည့် အင်ဒိုနီးရှား နိုင်ငံသား အရေအတွက် ရာနှင့်ချီရှိသည်။ မလေးရှားနှင့် နှစ်နိုင်ငံပေါင်း ၅ဝဝ ကျော် အထိပင် အရှေ့အလယ်ပိုင်းသို့ သွားကာ IS တို့နှင့် သွားပေါင်းခဲ့သည်။

အစ္စလာမ် လူမျိုးအများဆုံး နေထိုင်သော အင်ဒိုနီးရှားနိုင်ငံသည် ယခင်က အစွန်းရောက်မှု အားနည်းသော်လည်း ယခုအခါ အစွန်းရောက် စိတ်ဓာတ်များ တဖြည်းဖြည်း ပိုမိုများပြား လာပြီဖြစ်သည်။ မေ ၂၄ ရက် ဗုံးခွဲတိုက်ခိုက်မှု တွင်ရဲအရာရှိ သုံးဦးသေဆုံးပြီး လူပေါင်း ၁၁ ဦးအထိဒဏ်ရာ ရရှိခဲ့သည်။ 

လူအုပ်ကြီး ချီတက်လာနေစဉ် ဗုံးသုံးလုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး လိုက်ပါစောင့်ကြည့် ပေးနေသည့် ရဲသုံးဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။အဆိုပါ တိုက်ခိုက်မှုမှာ IS တို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာ ထားပြီးနိုင်ငံရေး လေ့လာသုံးသပ်သူများက အီရတ်နှင့် ဆီးရီးယားမှ ပြန်လာသော အင်ဒိုနီးရှား နိုင်ငံသားများ တိုက်ခိုက်သည်ဟု ယူဆနေသည်။

၂ဝ၁၄ ခုနှစ်ကတည်းက အီရတ်နှင့် ဆီးရီးယားသို့ ရောက်နေသည့် သူဆိုလျှင် နှစ်နှင့်ချီသည့် စစ်ဆင်ရေး အတွေ့အကြုံများနှင့် သင်တန်းများကို ရရှိထားမည်ဖြစ်သည်။ထိုသူများကပြည်တော် ပြန်ရောက်သည့် အခါအစွန်းရောက် အယူဝါဒမှိုင်းများ တိုက်ပြီး အကြမ်းဖက်မှုများ အကောင်အထည်ဖော်ရန် သင်တန်းများ ပြန်ပေးလျက်ရှိသည်။

အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုကအကြမ်းဖက်မှုကို ပြင်းထန်စွာရှုတ်ချပြီး ဒဏ်ရာရရှိသူ အားလုံးကို အကောင်းဆုံး ကုသပေးရန် ညွှန်ကြားထားသည်။ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကလည်း အကြမ်းဖက် တိုက်ခိုက်မှုကို ရှုတ်ချ ခဲ့ပြီးရွံရှာ ဖွယ်ကောင်းသော ဘာသာမရှိ၊ အသိစိတ်မရှိသည့် လုပ်ရပ်ဟု ခေါင်းစဉ်တပ်ခဲ့သည်။ယခုအခါ IS က အင်ဒိုနီးရှား၌ လူသစ်စုဆောင်းမှုများ လုပ်ဆောင်နေပြီး ဖိလစ်ပိုင်ကဲ့သို့ မြို့တစ်မြို့ကို အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်နေသည်မှာ သေချာသည်။

IS တို့က ဘင်္ဂလားဒေ့ရှ်၌ အခိုင်အမာ ခြေကုပ်ယူထားပြီး မလေးရှား၌လည်း အတော်အတန် ခရီးရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် အရှေ့တောင်အာရှ လေးနိုင်ငံစလုံးတွင် IS တို့ အောင်မြင်စွာ စိမ့်ဝင်နေပြီဟု ဆိုနိုင်သည်။ ပထမဆုံး IS တို့၏ အကြမ်းဖက် တိုက်ခိုက် ခံရသည့် နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ် ဖြစ်သည်။ ထို့နောက် မလေးရှား၊ ဖိလစ်ပိုင်နှင့် ယခုအခါ အင်ဒိုနီးရှား နိုင်ငံဖြစ်သည်။ 

IS တို့၏အဓိက ပစ်မှတ်နိုင်ငံမှာ ဖိလစ်ပိုင်ဖြစ်သည်။ ၎င်း၏သစ္စာကို ခံထားသည့် အကြီးဆုံး စစ်သွေးကြွ အဘူဆေယက်ကို အသုံးချ၍ရသည်။ ထို့ကြောင့် IS က သူ၏လက်ရွေးစင် တပ်သားများအား အဘူဆေယက်သို့ သင်တန်း များပေးရန် စေလွှတ်ခဲ့သည်။ လက်ရှိတွင် IS ခေါင်းဆောင်ပင် ဖိလစ်ပိုင်သို့ ရောက်ရှိနေသည် ဆိုသည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။ 

ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား မတိုင်မီ ဗြိတိန်နိုင်ငံ  မန်ချက်စတာမြို့ ဂီတပွဲတော်၌ ဗုံးခွဲခဲ့ရာ ၂၂ ဦးသေဆုံးပြီး လူပေါင်း ၅၉ ဦးဒဏ်ရာ ရရှိခဲ့သည်။  ဥရောပနှင့် အရှေ့တောင်အာရှကို IS တို့က အချိတ်အဆက်မိမိ အောင်မြင်စွာ အကြမ်းဖက် နိုင်ခဲ့ခြင်းဖြစ်ပြီး ဗြိတိန်၌ အမြင့်ဆုံး လုံခြုံရေး အခြေအနေကို ပြင်သစ်ကဲ့သို့ တိုးမြှင့်ထား ရသည်။ 

မန်ချက်စတာမြို့ အကြမ်းဖက် တိုက်ခိုက်ခံရမှုက ဗြိတိန်သမိုင်းတွင် အကြီးမားဆုံး လူအသေအပျောက် အများဆုံးအကြမ်းဖက် တိုက်ခိုက်ခံရမှု တစ်ခုအဖြစ် စာရင်းဝင်ကာ မကြာသေးမီကပင် ဗြိတိန်ပါလီမန်နား၌ ကားနှင့်လိုက် တိုက်ပြီးပါလီမန် အစောင့်ရဲသားအား ဓားဖြင့်ထိုးသတ်ခဲ့သည့် ဖြစ်ရပ်လည်း ဖြစ်ခဲ့သေးသည်။

အကြမ်းဖက် တိုက်ခိုက်မှုသည် ဥရောပ၌ပါ အနည်းငယ် အမြစ်တွယ်နေပြီ ဖြစ်သည်။သို့သော်လည်း အစ္စလာမ်အများစု ရှိသည့်နေရာများက IS တို့အတွက်အကောင်းဆုံး ခြေကုပ်ယူနိုင်မည့် နေရာများ ဖြစ်နေသည်။လူငယ်လူရွယ် များကိုဘာသာရေး မှိုင်းတိုက်၍ အကြမ်းဖက် အယူဝါဒများ ရိုက်သွင်းသည်။ ထို့နောက် အသေခံ ဗုံးဖောက်ခွဲသည့် လုပ်ရပ်များကို ခိုင်းစေသည်။ 

ထို့ကြောင့် အလွယ်တကူ စည်းရုံးရနိုင်သည့် အစ္စလာမ်အများစု ရှိသောအင်ဒိုနီးရှား၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်တို့ကို IS တို့ကရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံ အနေဖြင့်အရှေ့အလယ်ပိုင်း ပြည်တော်ပြန် ၎င်းနိုင်ငံသား စစ်သွေးကြွ များကို သတိထားရမည်ဖြစ်သည်။

အဆိုးရွားဆုံး တရားခံမှာ အင်ဒိုနီးရှားတို့သည် အစွန်းရောက် အယူဝါဒဘက်သို့ အနည်းငယ် ယိုင်လာခြင်း ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ စာ(၂၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger