www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 12, 2017

ရိုဟင်ဂျာဟုသတ်မှတ်၍ အခြေအနေဖန်တီးနိုင်ခွင့်ကြိုးစားလာမှုကို ဒေသခံတိုင်းရင်းသားများ၊ မြန်မာပြည်သူ များကလက်မခံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗြိတိန်နိုင်ငံ Inter Mediate အဖွဲ့မှ Mr.Jonathan Powell အားလက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၁၂-၅-၂၀၁၇

မြန်မာနိုင်ငံတွင် ဘာသာရေးအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပြီး ရှေးနှစ်ပေါင်း များစွာကတည်းကပင် အစ္စလာမ် ဘာသာကိုလည်း အသိအမှတ်ပြုခဲ့ကြောင်း၊ သို့သော် ရိုဟင်ဂျာလူမျိုးကို အသိအမှတ်မပြုဘဲ ဘင်္ဂလားဒေသမှ လာသည့်အတွက် ဘင်္ဂါလီဟုသာ အသိအမှတ်ပြုကြောင်း၊ မိမိနိုင်ငံတွင် ဘင်္ဂါလီများအပါအ၀င် အစ္စလာမ် ဘာသာကိုးကွယ်သူများ အများအပြားရှိကြောင်း၊ အစ္စလာမ်ဘာသာကိုးကွယ်မှုကို ဥပဒေအရလည်း အသိအမှတ်ပြု ထားကြောင်း၊ ဘင်္ဂါလီများက ကိုယ့်ကိုကိုယ် ရိုဟင်ဂျာဟုသတ်မှတ်၍ အခြေအနေဖန်တီးခွင့် ကြိုးစားလာမှုကို ဒေသခံတိုင်းရင်းသားများက လက်မခံသကဲ့သို့ မြန်မာပြည်သူများ ကလည်း လက်မခံ ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗြိတိန်နိုင်ငံ၊ Inter Mediate အဖွဲ့မှ Mr. Jonathan Powell ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ တွင်ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့တက်ရောက်ကြပြီး Mr. Jonathan Powell နှင့်အတူ အငြိမ်းစား ဗိုလ်ချုပ်ကြီး Sir Rupert Smith ၊ Sir Hugh Orde ၊ စစ်သံမှူး Colonel Nigel Goodwin နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် Mr. Jonathan Powell နှင့်အဖွဲ့ဝင်များက Inter Mediate အဖွဲ့၏ မြောက်အိုင်ယာ လန်၊ အာဖရိကတိုက်နှင့် ကိုလံဘီယာတို့တွင် တွေ့ကြုံခဲ့ရသည့် ပဋိပက္ခဖြေရှင်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းဆိုင်ရာ အတွေ့အကြုံများအား မျှဝေလုပ်ဆောင်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ရခိုင်ပြည်နယ်အရေးကိစ္စများတွင် ကူညီဆောင်ရွက်ရေးကိစ္စရပ်များကို ဦးစွာရှင်းလင်း ဆွေးနွေးသည်။

ယင်းဆွေးနွေးမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ လက်နက် ကိုင်ပဋိပက္ခကို ဖန်တီးနေသူများအနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုစိတ်ရှိရန်နှင့် လက်ရှိ လျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို အမှန်တကယ်လိုလားရန် အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေးကိုလိုလားပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းမည်ဆိုပါက လက်နက်ကိုင် လမ်းစဉ်၏ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရမည် ဖြစ်ကြောင်း ပြောကြား၍ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိချိန်မှ ယနေ့ပါတီစုံဒီမို ကရေစီစနစ်ကျင့်သုံးသည့် ကာလတိုင်အောင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်များ၊ ပြုပြင် ပြောင်းလဲမှု လုပ်ဆောင်ခဲ့သည့် အခြေအနေများနှင့် လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်များအား ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး Inter Mediate အဖွဲ့ဝင်များက လက်ရှိမြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် သဘောထားအမြင်များ၊ အကြံပြုချက်များကို ပြန်လည်ဆွေးနွေးပြီး ရခိုင်ပြည်နယ်အရေး ကိစ္စနှင့်ပတ်သက်၍ မြောက်အိုင်ယာလန်တွင် တာဝန်ထမ်းဆောင်ခဲ့မှု အတွေ့အကြုံများ အပေါ်မူတည်၍ အခြားငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် မတူဘဲ သီးသန့်ပုံစံဖြင့် ဖြေရှင်းဆောင်ရွက်ရမည့် အခြေအနေများအား အကြံပြုဆွေးနွေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က NCA တွင် လက်မှတ်ရေးထိုး ထားပြီး NCA လမ်းကြောင်း ပေါ်တွင် ဆက်လက်လျှောက်လှမ်း လျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် NCA လက်မှတ် ရေးထိုးရခြင်း မရှိသေးသည့် အဖွဲ့များအနေဖြင့် တစ်ဖွဲ့ချင်း၏သဘော သဘာဝကွဲပြား ခြားနားမှုများ၊ ယင်း သဘောသဘာဝများ အပေါ်မူတည်၍ ငြိမ်းချမ်းရေး ဆောင်ရွက်ရသည့် အခြေအနေများ၊ အချို့အဖွဲ့၏ နိုင်ငံရေး အခြေခံစိတ်ဓာတ်များသည် မိမိတို့လက်ရှိ လျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေ စီလမ်းကြောင်းနှင့် များစွာကွဲလွဲနေ၍ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် ခက်ခဲစွာညှိနှိုင်း ရမည့်အခြေအနေများ၊ အချို့အဖွဲ့ အနေဖြင့် လူမျိုးရေး အစွန်းရောက်မှုနှင့် ပြည်သူလူထုအပေါ် အကြောက်တရားဖြင့် ဖိနှိပ်ဆက်ဆံခဲ့သည့် အခြေအနေများကြောင့် ယင်းလုပ်ရပ်များ အပေါ်တွင် စိုးရိမ်ပူပန်မှုများ ရှိနေသည့်အခြေအနေများ၊ ယင်းအချက် များအပေါ် တစ်ဖက်နှင့်တစ်ဖက် အာမခံပေးမှုနှင့် အပြန်အလှန် ယုံကြည်မှုတို့ဖြင့် ဆွေးနွေးညှိနှိုင်းဖြေရှင်းရန် လိုအပ်သည့် အခြေအနေများကို ပြန်လည်ဆွေးနွေးသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်အရေး ကိစ္စနှင့်ပတ်သက်၍ ပြောကြားရာတွင် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ ၏အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ယင်းနယ်မြေတွင် ရောက်ရှိနေသည့် ဘင်္ဂါလီများသည် ဘင်္ဂလားဒေသမှ လာရောက်နေထိုင် ကြခြင်းဖြစ်ကြောင်း၊ ယခင်က ဘင်္ဂါလီများမှာ လူနည်းစုဖြစ်ပြီး ဒေသခံရခိုင်တိုင်းရင်း သားများမှာ လူများစုဖြစ်သော်လည်း တစ်ဖြည်းဖြည်းနှင့် ရခိုင်တိုင်းရင်းသားများက လူနည်းစုဖြစ်လာပြီး ဘင်္ဂါလီများက လူများစုဖြစ်လာ သောကြောင့် မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေနှင့် စပ်လျဉ်း၍ စိတ်ချရစေရန် လုံခြုံရေးအရ ထိထိရောက်ရောက် လုပ်ဆောင်ခဲ့ရကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ ယင်းဒေသ၌ ယခင်က တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ လုံခြုံရေး ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အစိုးရ လက်ထက်၌ နယ်စပ်ဒေသလူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်ကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ၊ အကောက်ခွန် ဌာနတို့ဖြင့် ပူးပေါင်းဖွဲ့စည်းဆောင် ရွက်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် တောင်းဆိုချက် အရ ဖျက်သိမ်းခဲ့ရပြီး ရဲတပ်ဖွဲ့မှ တာဝန်ယူခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်နှင့် စခန်းများကို အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပေါ်လာသဖြင့် တပ်မတော်က ၀င်ရောက်အကူအညီ ပေးခဲ့ရကြောင်း၊ ယခုရဲတပ်ဖွဲ့များက တာဝန်ယူ ဆောင်ရွက်နေကြောင်း၊ ယင်းသည် မြောက်ပိုင်း အိုင်ယာလန်ဖြစ်စဉ် သဘောမျိုး နှင့် တူပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများက ရိုဟင်ဂျာဟု ပြောဆိုခြင်းကို ဒေသခံတိုင်းရင်းသားများ၊ မြန်မာပြည်သူများက လက်မခံကြောင်း၊ ၎င်းတို့အနေဖြင့် ရိုဟင်ဂျာ မဟုတ်ဘင်္ဂါလီများသာ ဖြစ်သည်ကို ဦးစွာ လက်ခံရမည်ဖြစ်ကြောင်း၊ ယင်းကိုလက်ခံခြင်းဖြင့် နှစ်ဖက်ဖိအားများ လျော့နည်းသွားမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး ယင်းဒေသအတွင်း ရှိနေသူများကို စာရင်းပြုစုမှတ်ပုံတင်မှု၊ ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်မှု များကိုခံယူရမည် ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံတွင်မဆို နိုင်ငံအတွင်းရောက်ရှိသူများကို စစ်ဆေးပိုင်ခွင့် ရှိကြောင်း၊ စိစစ်မှုကိုခံယူပြီး နိုင်ငံသားအဖြစ် အသိအမှတ်ပြု သူများအနေဖြင့် ဥပဒေအရ ရရှိမည့် အခွင့်အရေးနှင့် ရပိုင်ခွင့်များကိုရယူခံစားနိုင်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗြိတိန်နိုင်ငံ၊ Inter Mediate အဖွဲ့မှ Mr. Jonathan Powell ထံ အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ ကြောင်းသတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger