www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 3, 2017

တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းတိုင်ပင် လုပ်ဆောင်ခြင်း၊ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်လေးစားမှု ရှိခြင်းတို့ဖြင့် လုပ်ငန်းများအောင်မြင်ပြီး တိုင်းပြည်အောင်မြင်မည် ဟုယုံကြည်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E.Mr.Robert Chua အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၃-၅-၂၀၁၇

ဒီမိုကရေစီ စနစ်တွင် လက်နက်ကိုင် ပဋိပက္ခ မရှိစေရန် ခံယူချက်ဖြင့် ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစားဆောင်ရွက် နေကြောင်း၊ တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းတိုင်ပင် လုပ်ဆောင်ခြင်း၊ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်လေးစားမှု ရှိခြင်းတို့ဖြင့် လုပ်ငန်းများ အောင်မြင်ပြီး တိုင်းပြည် အောင်မြင်မည်ဟု ယုံကြည်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E.Mr. Robert Chua အား လက်ခံ တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြာသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ တက်ရောက် ကြပြီး မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာ ဧည့်သည်တော် သံအမတ်ကြီးက စင်ကာပူသမ္မတ နိုင်ငံဂုဏ်ထူးဆောင် ၀ါရင့်ဝန်ကြီး Mr. Goh Chok Tong မြန်မာနိုင်ငံသို့ လာရောက်စဉ်က မြန်မာနိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ နှင့်ပတ်သက်၍ ဆွေးနွေး သုံးသပ်ခဲ့မှု အခြေအနေများ၊ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်နှင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှုတို့အတွက် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံး အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အောင်မြင်နိုင်ကြောင်း တိုက်တွန်း ပြောကြားမှု အခြေအနေများ၊ မိမိအနေဖြင့် မြန်မာနိုင်ငံ အတွင်း နေရာအနှံ့ရောက်ရှိခဲ့ပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လူမျိုးတိုင်း ရင်ထဲတွင် လိုလားကြကြောင်း၊ အားလုံးက မြန်မာစိတ်မွေး၍ အချင်းချင်း တိုင်ပင် ဆွေးနွေးမှု၊ ခွင့်လွှတ်နားလည်မှု များဖြင့် လုပ်ဆောင်ခြင်းဖြင့် အောင်မြင်နိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် တပ်မတော်၏ အရေးပါမှု အခန်းကဏ္ဍကိုလည်း သိရှိပါကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ် ရှုပ်ထွေးသည် သာမက ပြည်ပမှ အကြမ်းဖက် ခြိမ်းခြောက်မှု အန္တရာယ်များ လည်းရှိနေခြင်းကြောင့် ပြည်တွင်းရှိ အင်အားစုများအနေ ဖြင့် စည်းလုံး ညီညွတ်မှု ရှိရန်လိုအပ် ကြောင်းတို့အား အကြံပြုဆွေးနွေးသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က Mr. Goh Chok Tong နှင့် တွေ့ဆုံစဉ်က အကြံပြု ဆွေးနွေးမှုများ ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူရွေးချယ်သည့် ဒီမိုကရေစီစနစ် အောင်မြင်လိုကြောင်း၊ 

ဖြစ်နိုင်သည်များကို အားလုံးပူးပေါင်း ဆောင်ရွက်နေကြောင်း၊ သံအမတ်ကြီး အနေဖြင့် မြန်မာနိုင်ငံ တွင် ၁၁ နှစ်ခန့် တာဝန် ထမ်းဆောင်ခဲ့ပြီး ဖြစ်၍ မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို သုံးသပ်နိုင်မည်ဖြစ် ကြောင်း၊ 
မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ဖြတ်သန်းခဲ့ရသည့် နိုင်ငံသမိုင်း၊ တိုင်းရင်းသားများ ၏အခြေအနေ၊ နိုင်ငံ၏ပထ၀ီအနေအထား တည်ရှိမှု စသည်တို့အပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်အောင် ရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ ပြီးပြည့်စုံသည်ဟု မဆိုနိုင်ဘဲ ပြင်သင့်သည်များကို ပြင်ရမည်ဖြစ်သော်လည်း ဆန္ဒစော၍မရကြောင်း၊ တိုင်းပြည်တွင် မရှိမဖြစ်လိုအပ်သည့် နိုင်ငံရေးတည် ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေး တည်ငြိမ်အေးချမ်းမှု တို့အပေါ် မူတည်လုပ်ဆောင်ရ မည်ဖြစ်ကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပတ်သက်၍ တိုင်းရင်းသားများ၏ လိုအပ်ချက်ကို ဦးစားပေးပြီး လုပ်ဆောင်ပေးရမည် ဖြစ်သကဲ့သို့ တစ်ဖက်မှလည်း နိုင်ငံတော်အပေါ် ဆန့်ကျင်သည့်အမြင်များ၊ အထင်အမြင်လွဲမှားစေရန် ပြောဆိုမှုများကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တိုင်းရင်းသားများသည် မိမိတို့လိုလားချက်ကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လက်နက်ကိုင်မှ လုံခြုံမည်ဆိုသည့် စိတ်များကိုလည်း ပယ်ဖျောက်ရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသား အခွင့်အရေးကို အကြောင်းပြ၍ သွေးထိုးမြှောက်ပင့်မှု များသည် တိုင်းရင်းသား စည်းလုံးညီညွတ် ရေးကို များစွာထိခိုက် စေကြောင်း ပြန်လည်ဆွေးနွေး ပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များ၊ စစ်ရေယာဉ်များ အပြန်အလှန်ချစ်ကြည်ရေး ခရီးစေလွှတ်ရေး၊ စင်ကာပူနိုင်ငံရှိ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး မဟာဘွဲ့သင်တန်းများ၊ အခြားကာလတို သင်တန်းများတွင် သင်တန်းသားများ စေလွှတ်တက် ရောက်ရေး၊ စင်ကာပူနိုင်ငံတွင် ပြုလုပ်မည့် Shangri-La Dialogue တွင် ပါဝင်တက်ရောက် ဆွေးနွေးရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိပါသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger