www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 27, 2017

ရခိုင်ပြည်နယ် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး မေလတွင် ပညာရှင်အဖွဲ့ ကွင်းဆင်းဆောင်ရွက်မည်


မြောက်ဦးဒေသရှိ ရှေးဟောင်း သမိုင်းဝင်စေတီပုထိုးများကို  တွေ့ရစဉ်။

ရန်ကုန် ၂၇-၄-၂၀၁၇

ရခိုင်တိုင်းရင်းသား တို့၏မျှော်မှန်း ချက်ဖြစ်သော ရခိုင်ပြည်နယ် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ မြောက်ဦးဒေသကို ကမ္ဘာ့အမွေ အနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် လာမည့်မေလတွင် သက်ဆိုင်ရာပညာရှင်အဖွဲ့ သွားရောက်ကာ ကွင်းဆင်းဆောင် ရွက်တော့မည် ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

၂ဝ၁၇ ခုနှစ် အောက်တိုဘာတွင် ပုဂံဒေသအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပညာရှင်အဖွဲ့မှ လိုအပ်သည့် စီမံချက်ရေးဆွဲ ဆောင်ရွက်ခဲ့ကြောင်း၊ယင်းကာလတွင် ရခိုင်တိုင်းရင်းသားများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ဝိုင်းဝန်းတောင်းဆိုမှု များကြောင့် ရခိုင်ပြည်နယ် မြောက်ဦးဒေသအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှသိရသည်။

ယခုအခါတွင် ရခိုင်ပြည်နယ် မြောက်ဦး ဒေသကို ၂ဝ၁၈ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်း နိုင်ရေးအတွက် ပဏာမအဆိုပြု အမည်စာရင်း (Tentative List) ထည့်သွင်းရန် စီမံဆောင်ရွက် နေပြီဖြစ်သည်။ ထို့ပြင် လာမည့် မေလတွင် ရှေးဟောင်းသမိုင်း ဗိသုကာအဖွဲ့များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအဖွဲ့များ၊ မြန်မာနိုင်ငံအခြေစိုက် ယူနက်စကိုရုံးမှ ပညာရှင်များနှင့် ကိုယ်စားလှယ်များ ပါဝင်ကာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ မြောက်ဦးဒေသရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများ၊ သာသနိက အဆောက်အအုံများနှင့် အခြားအထင်ကရ သမိုင်းဝင်နေရာများအား သွားရောက်ကွင်းဆင်း စစ်ဆေးခြင်း၊ ဧရိယာသတ်မှတ်ခြင်း၊ တိုင်းထွာချက်များ ရယူခြင်းနှင့် အခြားကမ္ဘာ့ စံသတ်မှတ်ချက်များအား ရယူခြင်းကိုဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယင်းဆောင် ရွက်မှုများကို၂ဝ၁၈ ခုနှစ်ထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှသိရသည်။

ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းမည်ဆိုလျှင် ကနဦးပဏာမ အဆိုပြုအမည်စာရင်း (Tentative List) အားထည့်သွင်း ရမည်ဖြစ်သည်။ ယင်းအတွက် ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ယူနက်စကို (ကမ္ဘာ့ကုလသမဂ္ဂ ဆိုင်ရာပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့အစည်း) ၏ ကမ္ဘာ့စံသတ်မှတ် ချက်များအတိုင်း တင်သွင်းရ မည်ဖြစ်သည်။

''ယဉ်ကျေးမှုအမွေအနှစ် (Tentative List) ပဲဖြစ်ဖြစ် သဘာဝအမွေအနှစ်(Nature Heritage) ပဲဖြစ်ဖြစ်ပျက်စီး ဆုံးရှုံးသွားရင် ဘယ်တော့မှ ပြန်မရနိုင် တော့ပါဘူး။ ဒီအတွက် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်သွား
ပြီဆိုရင် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အမြင့်ဆုံး ကာကွယ်စောင့်ရှောက် မှုတွေရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားခရီးသွားတွေရဲ့ အသိအမှတ်ပြု လေ့လာမှုတွေ များစွာရရှိမှာဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံ အခြေစိုက် ယူနက်စကို ရန်ကုန်ရုံးမှ ယဉ်ကျေးမှုအစီအစဉ် Programme Officer ဒေါ်ဥမ္မာမျိုးက ပြောသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger