www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 15, 2017

ဝါးကို အနုပညာနှင့် ပေါင်းစပ်၍ နိုင်ငံခြားဈေးကွက်သို့ ထိုးဖောက်နိုင်ရန် စီစဉ်နေ




မန္တလေး ၊ ၁၅-၃-၂၀၁၇

မြန်မာ့လက်မှုလုပ်ငန်းဖြင့် ပေါင်းဖက်၍ ဝါးပေါ်တွင် ဓာတ်ပုံ၊ ရုပ်ပြောင်ရေးဆွဲခြင်း၊ ပန်းချီပုံတင်ခြင်း၊ ဝါးဖြင့်လူသုံး ကုန်ပစ္စည်းများ စွန်ဦးတီထွင် ပုံဖော်ခြင်းကို နိုင်ငံခြားဈေးကွက်သို့ ထိုးဖောက်နိုင်ရန် စီစဉ်နေကြောင်း ဘိုးသိကြားမင်း အနုပညာဖန်တီး ထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးဝင်းမော်ငြိမ်း က ပြောဆိုလိုက်သည်။ 

၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ဝါးဖြင့်ပြုလုပ်သော မီးအိမ်များကို ဈေးကွက်သို့ စတင်ရောင်းချခဲ့ရာ မော်လမြိုင်၊ ရန်ကုန်၊ နေပြည်တော် စသည်မြို့များမှ မှာယူခြင်းများ ရှိနေပြီှး ထိုင်း၊ တရုတ်နိုင်ငံ ကူမင်းမြို့ များမှလည်း လာရောက်ချိတ် ဆက်မှုများလည်း ရှိနေကြောင်း သိရသည်။

“အတွေ့အကြုံကတော့ အနှစ်(၂၀) ဓာတ်ပုံပညာ၊ ပန်းချီပညာ၊ ပုံနိုပ်ပညာ ဒါတွေနဲ့ရင်းလိုက် တာပါ။ အခုတော့ စွန့်ဦးတီထွင် အောင်မြင်သွားပြီ။ ဝါးပေါ်မှာ ဓာတ်ပုံတွေကိုတင်တာ။ တခြားပုံနိုပ်လုပ်ငန်း တွေနဲ့ မတူဘူး။ ဆေးအသစ် တွေနဲ့ အမျိုးမျိုး စမ်းသပ်ပြီးတော့ အဆင့်တွေ တော်တော်များများ လုပ်ရတယ်။ အောင်မြင်သွားတော့ ဝမ်းသာစရာ ကောင်းပါတယ်။ မအောင်မြင်ခင်တော့ စိတ်ညစ်ပြီး တော်တော်တောင် လက်လျှော့ချင် စိတ်ပေါက်တယ်။” ဟု ဘိုးသိကြားမင်း အနုပညာဖန်တီး ထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးဝင်းမော်ငြိမ်း က ပြောသည်။

မန္တလေးမြို့၊ အမရပူရမြို့နယ် ဘက်တွင် အရောင်းပြခန်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီး အရောင်းပြခန်း အဆောက်အဦးကို ဝါးဖြင့် မြန်မာ့ရိုးရာ ရှေးဟောင်းပညာများနှင့် ခေတ်မီနည်းပညာများ ပေါင်းစပ်ကာ ၎င်း စွန်ဦးတီထွင် ထားသော ဝါးဖြင့်ပြုလုပ်သည့် ပစ္စည်းအမျိုးအစား (၁၅)မျိုးကို ပြသမည် ဖြစ်သည့်အပြင် နေ့စဉ်လူမှု အသုံးအဆောင် ဖြစ်သော အခန်းအတွင်း အလှဆင်ပစ္စည်းများ၊ ခုံ၊ ဆက်တီ၊ ဘီဒို၊ ကုတင်နှင့် အနုပညာပစ္စည်း များကို ခင်းကျင်း ရောင်းချပြသ သွားနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

“ဝါးပေါ်မှာ ဓာတ်ပုံတစ်ပုံချင်းစီ တင်ရင် ကုန်ကျစရိတ်က များတယ်။  (၁၀)ခုနဲ့အထက် ဆိုရင်တော့ တစ်ခုကို ၃၅၀၀ ကျပ်လောက်နဲ့ သင့်လျော်အောင် လုပ်ပေးမယ်လို့ စိတ်ကူးထားပါတယ်။ ကုန်ကျစရိတ် များသွားရင် လည်း လူတွေ အဆင်မပြေမှာ စိုးလို့ တစ်ပုံတည်း ဝါးပေါ်မှာတင်ရင် ကုန်ကျစရိတ် တစ်သောင်းနီးနီး ကပ်သွားမှာ။ ဒါကြောင့် စဉ်းစားဦးမှာပါ။” ဟု ဦးဝင်းမော်ငြိမ်း က ပြောသည်။

ဝါးမီးအိမ်များသည် အမြင်တွင် ရိုးရိုးရှင်းရှင်းဖြစ်ပြီး မီးအိမ်ရရှိလာရန် အတွက် ဝါးများကို ပထမဦးဆုံး ပိုးမစား၊ ခြမစားနိုင်စေရန် ၇ ရက်အကြာ ဆေးရေစိမ်ရခြင်း၊ နေလှန်းကာ အသားသေအောင် ပြုလုပ်ရခြင်း စသည်ဖြင့် လုပ်နည်းအဆင့်ဆင့် ပြုလုပ်ရပြီး အသုံးပြုနိုင်သည့် မီးအိမ်အဆင့်သို့ ရောက်ရှိသည့်အခါ အနည်းဆုံး(၃)နှစ် အာမခံပေးပြီး ယင်းမီးအိမ်များသည် အနည်းဆုံး ၅ နှစ်ကျော် အသုံးပြုနိုင်ကြောင်း သိရသည်။ မီးအိမ်ပြုလုပ်သည့် ဝါးအမျိုးအစားမှာ ဝါးပိုးသက်ရင့်ဝါး ဖြစ်ပြီး ကျသောင်းဝါးကို ကြားညှပ်အသုံးပြုကာ မီးအိမ် တစ်ခုဖြစ်ရန် အဆင့် ၇ ဆင့်၊ ဝါးပေါ်တွင် အရုပ်တင်ခြင်းမှာ ၁၂ ဆင့်ရှိ၍ ယင်းပစ္စည်းများသည် အတော်အသင့် ရေဒဏ်၊ မိုးဒဏ်၊ အပူ၊ အအေးကို ခံနိုင်ရည်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

ဝါးကုန်ကြမ်းများကို သပိတ်ကျင်းမြို့၊ မေမြို့၊ တပ်ကုန်း၊ ပင်လောင်း စသည့်ဘက်မှရရှိပြီး မြန်မာနိုင်ငံတွင် ဝါးအမျိုးအစားမှာ မျိုးစိတ်အားဖြင့် ၁၅၀၀ ကျော်ရှိကာ လက်ရှိတွင် အသုံးတည့်သည့် ဝါးအမျိုးအစားမှာ ၁၅ မျိုးရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger