www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 13, 2017

မြန်မာနိုင်ငံတွင် ၀ါးဖြင့်တည်ဆောက်မည့် ကမ္ဘာ့အကြီးဆုံး ဖြစ်နိုင်သည့် အရောင်းစင်တာ ၅ လုံးခန့် ဆောက်လုပ်ရန်စီစဉ်


ဝါးဖြင့်တည်ဆောက်မည့် အရောင်းစင်တာ ပုံစံငယ်ကို တွေ့ရစဉ်

မန္တလေး ၊ ၁၃-၂-၂၀၁၇

မြန်မာနိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး ဖြစ်နိုင်သည့် ဝါးဖြင့် ဆောက်လုပ်သော အရောင်းစင်တာ ငါးလုံးခန့် ဆောက်လုပ်ရန် စီစဉ်လျက် ရှိကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း (မန္တလေး)မှ သိရသည်။

အဆိုပါ အဆောက်အအုံ များကို ကုမ္ပဏီကြီး တစ်ခုက ဆောက်လုပ်ရန် ကမ်းလှမ်းထားခြင်း ဖြစ်ပြီး မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင်၊ ပူတာအို မြို့တို့၌ စုစုပေါင်း ငါးလုံးခန့် ဆောက်လုပ်သွားရန် စီစဉ်လျက် ရှိကြောင်း အဆိုပါ အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း က ပြောပြသည်။

''ငွေကြေး Payment တစ်ခုပဲ ကျန်ပါတယ်။ ပြီးရင် စာချုပ်ချုပ်၊ စရန်ပေးပေါ့။ ဒီနှစ်ထဲ ဆောက်ဖြစ်ဖို့များ ပါတယ်။ မန္တလေးမှာ ဆောက်ဖြစ်သွားရင် ကျန်တဲ့နေရာတွေ ဆက်ဆောက်ဖို့ ကမ်းလှမ်း ထားတယ်''ဟု ၄င်းက ပြောပြသည်။ 

အဆောက်အအုံများကို ဝါးများဖြင့်သာ သီးသန့်သုံးစွဲ၍ ဆောက်လုပ်မည် ဖြစ်ပြီး ဒီဇိုင်း အနေအထားအရ ပေ ၁၅ဝ ပတ်လည် ရှိသည့် အဆောက်အအုံ များ ဆောက်လုပ်ရန် လျာထားကြောင်း သိရသည်။

အဆောက်အအုံ များမှာ အဆင့်အတန်း မမြင့်လွန်း မနိမ့်လွန်းသည့် ပုံစံဖြင့် ဆောက်လုပ်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ထွက်ရှိသည့် အသင့်လျော်ဆုံး ဝါးမျိုးများကို ရွေးချယ် သုံးစွဲ၍ ဆောက်လုပ် သွားမည်ဖြစ်ကာ နိုင်ငံတကာမှ ပညာရှင် များလည်း ပါဝင်ရန် ရှိကြောင်း သိရသည်။

အဆောက်အအုံ များကို အရောင်းစင်တာ သဘောမျိုး ဖွင့်လှစ်ရန် စီစဉ်ထားပြီး သစ်ခွမျိုးစုံ၊ ကော်ဖီဆိုင် စသည့်ဆိုင်များ ဖွင့်လှစ်ရန် ရည်ရွယ်၍ ဆောက်လုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုအဆောက်အအုံ များအပြင် ရှမ်းပြည်နယ်ရှိ အင်းလေးကန် ကိုပတ်၍ ကမ္ဘာပေါ်တွင် အရှည်ဆုံး ဖြစ်နိုင်သည့် ၀ါးတံတားနှင့် Shopping Centre ကို လုပ်ငန်းရှင် တစ်ဦးက ဆောက်လုပ်ရန် အစီအစဉ် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တတိယဝါးအများ ဆုံးထွက်သည့် နိုင်ငံဖြစ်သော်လည်း ဝါးမှရရှိသည့် နှစ်စဉ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ သုည ဒသမ ၅ သန်းသာ ရှိကြောင်း အဆိုပါအသင်း ထံမှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger