www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 10, 2017

ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာအပေါ် သတင်းထုတ်ပြန်ချက်


နေပြည်တော် ၊ ၁၀-၂-၂၀၁၇

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) မှ ကိုယ်စားလှယ် အဖွဲ့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စေလွှတ်စုံစမ်း၍ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် Interviews with Rohingyas fleeing from myanmar since 9 october 2016 အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနက ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါကြေညာချက်တွင် နိုင်ငံတော်အစိုးရ သည် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ယင်းစွပ်စွဲချက် များကို စစ်ဆေးလျက် ရှိကြောင်း ရခိုင်ပြည်နယ် အခြားကိစ္စများနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ များကို တရားဥပဒေ စိုးမိုးရေး ဘောင်အတွင်းမှ လူ့အခွင့်အရေးနှင့် ညီညွတ်စွာ ဆောင်ရွက်ရန်နှင့် အင်အား အလွန်အကျွံ သုံးခြင်းမပြုရန် ညွှန်ကြား ထားကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ကြောင်း ခိုင်လုံသော အထောက်အထားများ တွေ့ရှိပါက ဖောက်ဖျက် ကျူးလွန်သည့် မည်သူကိုမဆို အစိုးရက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေး ကော်မရှင် အနေဖြင့် လည်း အဆိုပါနယ်မြေ ရှင်းလင်းရေးနှင့် ပတ်သက်သည့် စွပ်စွဲမှုများ အပါအဝင် စွပ်စွဲချက် အားလုံးကို မှန်ကန်မှု ရှိ၊ မရှိ စိစစ်သွားမည် ဖြစ်ကြောင်း ပါရှိပါသည်။

၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့် ရဲစခန်းသုံးခုကို နိုင်ငံရပ်ခြားမှ ရန်ပုံငွေပံ့ပိုးလှုံ့ဆော် ပေးထားသော အကြမ်းဖက် အင်အားစု များက အင်အားသုံး အလစ်အငိုက် ဝင်ရောက်တိုက်ခိုက် ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁ဝ ဦး အသက်ဆုံးရှုံးခဲ့ ရကာ လက်နက် ၆၅ လက်နှင့် ခဲယမ်းများယူဆောင် သွားသည့် ဖြစ်စဉ်ဖြစ်ပွား ခဲ့ပါသည်။ ယင်းဖြစ်စဉ်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ကို ထိပါးသည် သာမက နယ်မြေဒေသလုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ် များစွာထိခိုက်ခြင်း၊ အန္တရာယ်လွန်စွာ ရှိခြင်းတို့ကြောင့် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းလုံခြုံရေး တပ်ဖွဲ့များက အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများကို ဖော်ထုတ်၍ ယူဆောင်သွားသည့် လက်နက်ခဲယမ်းများ အမြန်ဆုံးပြန်လည် ရရှိရေးအတွက် နယ်မြေ ရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ ပါသည်။

ထိုသို့ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် အင်အားအလွန်အကျွံ သုံးစွဲခြင်း မရှိစေရေး၊ လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်မှုများ မရှိစေရေး၊ ဥပဒေနှင့်အညီသာ လိုက်နာ လုပ်ဆောင်ရေး တို့အား တာဝန်ရှိသူ အဆင့်ဆင့်တို့မှ ညွှန်ကြားကြပ်မတ် ဆောင်ရွက်လျက် ရှိပါသည်။ အကယ်၍ ညွှန်ကြားချက်များ အပေါ် ဖောက်ဖျက် ကျူးလွန်မှုများ ရှိပါက မည်သူ့ကိုမဆို ဥပဒေကြောင်း အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုသည် လူ့အခွင့်အရေး ချိုးဖောက်မှု အပါအဝင် ဥပဒေနှင့်မညီသော ဖြစ်စဉ်ဖြစ်ရပ်များ ရှိ၊ မရှိအား စစ်ဆေးနိုင်ရန် တပ်မတော် အနေဖြင့်လည်း အောက်ပါစုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက် သွားမည်ဖြစ်ပါသည်-

  • ( က ) ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ၊ ဥက္ကဋ္ဌ
  • ( ခ ) ဗိုလ်မှူးချုပ် ခွန်သန့်ဇော်ထူး တွဲဖက်စစ်ရေးချုပ် ၊ စစ်ရေးချုပ်ရုံး ၊ အဖွဲ့ဝင်
  • ( ဂ ) ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး  အမှတ်(၉) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း ၊ ကျောင်းအုပ်ကြီး ၊ အဖွဲ့ဝင်
  • ( ဃ ) ဗိုလ်မှူး လှမျိုးကျော် ဒုတိယလက်ထောက်စစ်ဥပဒေချုပ် ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ အဖွဲ့ဝင်
  • ( င ) ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းအောင် လက်ထောက် စစ်ဥပဒေချုပ် ၊ စစ်ဥပဒေချုပ်ရုံး ၊ အတွင်းရေးမှူး


တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger