www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 8, 2016

ဆောင်းတွင်းကာလ ဖြစ်လေ့ဖြစ်ထရှိသည့် ကျန်းမာရေးပြဿနာများ


ဆောင်းတွင်းကာလ ဖြစ်လေ့ဖြစ်ထရှိသည့် ကျန်းမာရေးပြဿနာများ

ဒေါက်တာ လွင်သန့်

မြန်မာနိုင်ငံမှာ နိုဝင်ဘာလမှ ဖေဖော်ဝါရီလ အထိ ဆောင်းရာသီ ရယ်လို့ သတ်မှတ်တဲ့ ကာလရောက်ရင်၊ ဇန်နဝါရီ အအေးဆုံး ကာလ ကျော်လွန် ဖြတ်သန်းရင် ပျိုမေတို့ အလှအပတွေ ဖြစ်တဲ့ ဗောက်ထခြင်း၊ အသားပပ်ခြင်း၊ ဆောင်းတွင်းကာလ ဖနောင့်ကွဲခြင်း၊ အသံဝင်ခြင်း တို့ကြုံ ကြရပါတယ်။

ဗောက်ထခြင်း

ဗောက်ထခြင်းဟာ နှင်းခူအပျော့စား လို့ လူသိများတယ်။ အရေပြား မှိုတစ်မျိုးကြောင့် ဖြစ်ပါတယ်။ ယင်းနှင်းခူဟာ ဦးရေပြားအပြင် အဆီအိတ်တွေ ရှိတဲ့ နဖူး၊ မျက်ခုံး၊ နှာခေါင်းဘေး တစ်ဖက်တစ်ချက်နဲ့ နားအောက် ဘက်မှာ ဖြစ်နိုင်သေးတယ်။ နောက်ကျောနဲ့ ရင်ဘတ် အပေါ်ပိုင်းမှာ တွေ့ရတယ်။ ဆံပင်မှအပ ကျန်နေရာတွေ ဖြစ်ရင် ဝါကြန့်ကြန့်၊ စေးကပ်ကပ် အကြေးခွံတွေကို သေချာကြည့်ရင် တွေ့ရတတ်တယ်။ ဦးခေါင်းမှာ ဗောက်ထရင် ကုတ်လိုက်တာနဲ့ ဗောက်ဖတ်ဖွေးဖွေး မြင်ရတယ်။ ဦးရေ အဆီပြန်သူ၊ စိတ်ဖိစီးမှု များသူမှာ ပိုဖြစ်တတ်တယ်။ မျိုးရိုး လိုက်တတ်တယ်။ ဇင့်ဓာတ် လျော့သူတွေမှာ တွေ့ရတာများပါတယ်။

ဗောက်ထလို့ ကုသနိုင်ပါတယ်။ ပျောက်လိုက်၊ ဖြစ်လိုက် နဲ့သံသရာ လည်တတ်ပါတယ်။ တစ်အိမ်လုံး တစ်ပြိုင်နက် တည်းအားလုံး ''ဗောက်သတ်'' ဖို့လိုတယ်။ ကီတိုကိုနဇော မှိုသတ်ဆေး ပါတဲ့ ခေါင်းလျှော်ရည် သုံးနိုင်တယ်။ ဗောက်ထစေတဲ့ မှိုကို ပိုမိုနှိမ်နင်း နိုင်တယ်။ ခေါင်းလျှော် လို့ အမြှုပ်ထတာနဲ့ ချက်ချင်း ရေလောင်းမချဘဲ အနည်းဆုံး သုံး၊ လေး မိနစ်လောက် ခေါင်းနဲ့ ရင်ဘတ်၊ မျက်နှာပေါ်မှာ အမြှုပ်တွေနဲ့ လိမ်းကျံပြီးမှ ရေလောင်းချသင့် ပါတယ်။

ဇင့်၊ ဆီလီနီယမ်၊ Sulphate နဲ့ သန့်စင်ထားတဲ့ ကတ္တရာဓာတ် အနည်းငယ်ပါတဲ့ ခေါင်းလျှော်ရည်၊ စတီးရွိုက် အပျော့စား လိမ်းဆေးတို့လည်း သုံးနိုင်ပါတယ်။ ဗောက်ပြန်မထဖို့ တစ်ကိုယ်ရေ သန့်ရှင်းရေး အရေးကြီးပြီး နှင်းခူအဆင့် ဖြစ်ရင် မိသားစု ဆရာဝန်၊ အရေပြား ဆရာဝန်နဲ့ ပြသသင့်တယ်။ သေလောက်တဲ့ ရောဂါမဟုတ် ပေမယ့် ဗောက်ရှင်းဖို့ လိုပါတယ်။

အသားပပ်ခြင်း

ဆောင်းရာသီမှာ အရှေ့မြောက် လေအေး တွေကြောင့် အသားပပ်ခြင်း၊ ရာသီဥတုနဲ့ မတည့်ဘဲ အင်ပျဉ်ထခြင်း ရှိတတ်ပါတယ်။ အသားပပ်ခြင်း ဆိုရာမှာ လူတစ်ဦးနဲ့ တစ်ဦး ခံနိုင်ရည်ချင်း မတူကြဘူး။ အင်ပျဉ်ထခြင်း ရှိတတ်တယ်။ အသားအရေပေါ် မျက်နှာပြင်က ရေဓာတ် ၂ဝ ရာခိုင်နှုန်း ဆုံးရှုံးတဲ့အခါ အသားပပ်တာ ဖြစ်လာတယ်။ အအေးခန်းထဲ တစ်နေကုန် အလုပ်လုပ်ခြင်း၊ ဆောင်းကာလ အအေးဒဏ် (ရာသီဥတု) ပြင်းထန်ခြင်း၊ အပြင်ဘက် ထွက်ပြီး အလုပ်လုပ် ရခြင်း၊ အပူအအေး ပြောင်းလဲမှုများရင် အသားပပ် လာလေ့ရှိတယ်။ အရေပြား ဓာတ်မတည့် တာ ပါလာနိုင်ပါတယ်။ အစာ အာဟာရ မှာ အရည်ရွှမ်းတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက် ပိုမို စားပေးသင့် ပါတယ်။

အရက်၊ဘီယာ တို့ဟာ ခန္ဓာကိုယ်နွေးထွေး စေတာမှန် ပေမယ့် ရေဓာတ်ဆုံးရှုံးမှုများ စေလို့ အသားပပ် စေတယ်။ ရေများများ သောက်ဖို့ လိုပါတယ်။ ရေဆာရင် ရေပဲသောက် ရမယ်။ အချိုရည်၊ ဘီယာ မသောက်သင့် ပါဘူး။ ရေ သောက်ခြင်းက ဆီးဝမ်းမှန် စေတဲ့အပြင် အရေပြားမှာ ရှိသင့်တဲ့ ရေပမာဏ၂ဝ ရာခိုင်နှုန်း ဖြည့်ဆည်းပေး ပါတယ်။ အသားပပ်တာ ကာကွယ်ဖို့ အလှဆီ၊ သံလွင်ဆီလိမ်း နိုင်ပါတယ်။ နေ့လယ် နေပူထဲ ထွက်မယ်ဆိုရင် နေရောင်ခံ မိတ်ကပ်၊ ခရင်မ် လိမ်းပေးသင့် ပါတယ်။ နှစ်နာရီ ပြည့်တိုင်း တစ်ကြိမ်လိမ်း သို့မဟုတ် သနပ်ခါး လိမ်းပေးသင့် ပါတယ်။ ဗီတာမင်အီး ပါတဲ့လိမ်းဆေးက အသားပပ်တာ ကာကွယ်နိုင်တယ်။ ဗီတာမင်အီး သောက်ဆေး သောက်ပေးနိုင်တယ်။ အရေပြား အသားမပပ်အောင် ကာကွယ်ပေးတယ်။

ဖနောင့်ကွဲခြင်း

ဆောင်းတွင်းကာလမှာ အစိုဓာတ် ၂ဝ ရာခိုင်နှုန်း အရေပြား အပေါ်ယံလွှာမှာရှိပြီး ယင်းအလွှာက ရေဓာတ် ဆုံးရှုံးမှု အများဆုံးဖြစ်တယ်။ ဆောင်းရာသီမှာ မြောက်ဘက်လေအေး တွေက အသားပပ် စေတယ်။ ဖနောင့်ကွဲခြင်းဟာ  ဆောင်းရာသီမှာ အတွေ့ရများပြီး အလှအပ ပြဿနာသာမက ပိုးဝင်လို့ အလုပ်မဆင်းနိုင် အခန်းအောင်း ကုသလို့မနိုင်ဘဲ မိသားစုဆရာဝန်နဲ့ ပြသတဲ့အခါ ပြသသင့်တဲ့ရောဂါ ဖြစ်တယ်။

ပုံမှန်အားဖြင့် လက်နဲ့ခြေဖဝါးမှာ လက်ဆီ၊ ခြေဆီ ထွက်လေ့ရှိတယ်။ ယင်းအဆီ မထွက်ရင်၊ အထွက်နည်းရင် ဖနောင့်ကွဲတာမျိုး၊ လက်အရေပြား ကွာသလိုမျိုး ဖြစ်တတ်တယ်။ အထူးသဖြင့် လေအေးခန်း တွေမှာ အလုပ်လုပ် နေတဲ့သူတွေမှာ အပေါ်ယံအရေပြား အစိုဓာတ် ၂ဝ ရာခိုင်နှုန်း လျော့နည်းစေတဲ့ အပြင် ဆောင်းတွင်း ကာလ လက်ဆီ၊ ခြေဆီမထွက်ဘဲ ဖနောင့်ကွဲခြင်း၊ လက်အရေပြား ကွာခြင်းဖြစ်တယ်။

ဖနောင့်ကွဲ၊ လက်အရေပြား ကွာခြင်းဆိုးလာရင် ဒုတိယ ကူးစက်ရောဂါ ဝင်ရောက်လာလို့ ပဋိဇီဝဆေး၊ အနာ သက်သာဆေးများ ပေးပြီး တစ်ရက်သုံးကြိမ် တိုက်ကျွေး ကုသနိုင်ပါတယ်။ သာမန် ဖနောင့်ကွဲတာ၊ အရေပြားကွာတာ ဆိုရင် အလှဆီ၊ သံလွင်ဆီ လိမ်းပေးသင့်တယ်။ အဆီ တစ်ခုခုကြားခံနေရင် ဒီ့ထက်ကွဲတာ မဖြစ်နိုင်တော့ဘူး။ မျိုးရိုးလည်း လိုက်တတ်ပါတယ်။ သာမန်ဖနောင့်ကွဲရင် အင်တီအောက်စီဒင့် လိမ်းဆေး လိမ်းနိုင်ပါတယ်။ 

ဗီတာမင်အေ နဲ့ ဗီတာမင်အီး ပါတဲ့ ခရင်မ်လိမ်းသင့်တယ်။ ရေဓာတ်ဖြည့်ပေးရမယ်။ ရေခဲရေ၊ အအေးမသောက် သင့်ဘူး။ ရေဆာရင် ရေပဲသောက်သင့်ပြီး အချိုရည် မသောက်သင့်ပါဘူး။ အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းဖြတ်ရ ပါမယ်။ နေရောင်ထဲသွားရင် နေရောင်ခံခရင်မ် လိမ်းသွားရမယ်။ နှစ်နာရီမှာ တစ်ခါလိမ်းရမယ် သို့မဟုတ် သနပ်ခါးလိမ်းရမယ်။ အအေးခန်းမှာ အချိန်ပြည့် မနေသင့်ဘူး။ အရေပြားမှာ ရေဓာတ်ဆုံးရှုံးလို့ ဖနောင့်ကွဲတာမျိုးမှာ အသားအရေ ခြောက်သွေ့လို့ အများဆုံးဖြစ်ရ ပါတယ်။ ကိုယ့်ဖနောင့်နဲ့ သင့်လျော်မယ့် အန္တရာယ်မရှိတဲ့ ဖိနပ်မျိုးစီးရမယ်။ ဒေါက်ပါတဲ့ဖိနပ် မစီးရပါ။ ညဘက် ရေဆေးရင် ဖနောင့်ကွဲခြင်း၊ အသားကွာခြင်း ရှိ၊ မရှိ စစ်ဆေးရမယ်။ ရှိရင်ဆေးထည့် ရပါမယ်။

အသံဝင်ခြင်း

ဆောင်းရာသီမှာ အသံဝင်ခြင်းကို လူတိုင်းကြုံတွေ့ ရနိုင်တယ်။ အသံဝင်ခြင်းဟာ အတိုင်းအတာ ထက်ပိုပြီး စကားပြောရဖန် များလို့ စကားကျယ်ကျယ် လောင်လောင် ပြောဆိုခြင်းကြောင့် ဖြစ်ရတယ်။ ဝက်ဆီစတဲ့ ပြည့်ဝဆီ၊ အဆီအနှစ်စားခြင်း၊ ရေချိုးများခြင်း၊ ရေခဲရေ၊ အအေး အသောက်များ ခြင်းကြောင့် ဖြစ်နိုင်တယ်။ အသံဝင်ခြင်း၊ အသံပျက်ခြင်းဟာ အသံအိုးနဲ့ ဆိုင်တဲ့ ရောဂါတစ်မျိုးမျိုး ကြောင့် ဖြစ်ပါတယ်။ အသံအိုး ရောင်ခြင်းကို အဆုတ်တီဘီ ရောဂါ၊ အဆုတ်ရောဂါ အမျိုးမျိုးမှာ တွေ့နိုင်ပါတယ်။ ကာလသား ရောဂါကြောင့် အသံအိုး အတွင်း အနာဖြစ်ခြင်း၊ ကလေးဘဝ ဝက်သက်၊ ဆုံဆို့၊ ကြက်ညှာ၊ ချောင်းဆိုးတို့ ဖြစ်ခြင်း၊ အသံအိုးမှာ အသားပို၊ အကျိတ်လုံး၊ ကင်ဆာရောဂါ ဖြစ်ခြင်းကြောင့် အသံဝင်ခြင်း၊ အသံပျက်ခြင်း ဖြစ်နိုင်ပါတယ်။

အသံအိုး ထိခိုက်မိရင် အသံဝင်နိုင်တဲ့ အပြင် တခြားရောဂါ အမျိုးမျိုးကြောင့် အသံဝင်လေ့ ရှိတယ်။ သိုင်းရွိုက်ဂလင်း ချို့ယွင်းခြင်း၊ ခန္ဓာကိုယ် တစ်ခုလုံးရှိ ကြွက်သား အားနည်းခြင်း၊ အရက်စွဲခြင်း၊ မေးခိုင်ရောဂါ ကြောင့် ကြွက်တက်ခြင်း ကြောင့် အသံဝင်နိုင်ပါတယ်။ ကလေးဘဝ ကာကွယ်ဆေး ငါးမျိုး (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်ဘီ၊ ဦးနှောက် အမြှေးရောင်) ကာကွယ်ဆေးများ အသက် နှစ်လ၊ လေးလနှင့် ခြောက်လမှာ ထိုးပေးဖို့လိုပြီး ပိုလီယို အစက်ချ တိုက်ကျွေးရမယ်။ နှစ်လသားမှာ တီဘီ ကာကွယ်ဆေး (BCG) ထိုးနှံရမယ်။ အသက်ကိုးလမှာ ဝက်သက် ကာကွယ်ဆေး ထိုးနှံရပါမယ်။

အသံဝင်ခြင်းမှ ကာကွယ်ဖို့ ဟစ်အော် ပြောဆိုခြင်း၊ မရပ်မနား ကြာကြာ စကားပြောခြင်း၊ သီချင်းဟစ်အော် သီဆိုခြင်းတို့ ဆင်ခြင်သင့်တယ်။ အဆိုတော် တွေဟာ တစ်ပတ်နှစ်ရက်ခန့် အနားပေးရမယ်။ အသံကောင်း အောင် သံပရာရည်စတဲ့ သဘာဝသစ်သီး ဖျော်ရည်သောက် ပေးရမယ်။ ရေခဲ၊ အအေးရှောင်ရမယ်။

အထက်ဖော်ပြပါ အချက်များ ကတော့ ဆောင်းတွင်း ကာလမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာများပဲ ဖြစ်ပါတယ်။ သတိပြုဆင်ခြင် လိုက်နာ၍ ကာကွယ်ခြင်း၊ ကုသခြင်းဖြင့် ကျန်းမာရေး ပြဿနာများ ဖြေရှင်း နိုင်ကြပါစေ။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger