www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 5, 2016

မုံးကိုးမြို့သို့ တပ်မတော်စစ်ကူစစ်ကြောင်းများ ရောက်ရှိပူးပေါင်း ၊ မြို့အားထိန်းချုပ်နိုင်ပြီဖြစ် ၊ မုံးကိုးမြို့ ပတ်ဝန်းကျင်တစ်ဝိုက်အား နယ်မြေရှင်းလင်းလျက်ရှိ


အကြမ်းဖက်သောင်းကျန်းသူများက လမ်းများအား ကန့်လန့်ဖြတ်မြေဖြတ်ကျင်းများ တူးကာ 
ဖျက်ဆီးထားသည်ကို တွေ့ရစဉ်

နေပြည်တော် ၊ ၅-၁၂-၂၀၁၆

၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက်မှစ၍ မုံးကိုး-ဖောင်းဆိုင်- ကြူကုတ်- မူဆယ်နှင့် ကွတ်ခိုင်နယ်မြေများ အတွင်းရှိ တပ်မတော်စခန်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စခန်းများ၊ ပြည်သူ့စစ် လုံခြုံရေးစခန်း များနှင့် အပြစ်မဲ့
အရပ်သားများအား သတ်ဖြတ် တိုက်ခိုက်ခဲ့သော KIA/ TNLA/ MNDAA/ AA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ များသည် ဒီဇင်ဘာ ၁ ရက်မှစ၍ မုံးကိုးမြို့ရှိ တပ်မတော် စခန်း၊ ပြည်သူ့စစ်စခန်း နှင့် ဟေမိုးလုံ တောင်ဘက်ခြမ်း နေရာများအား သာလွန် အင်အားများဖြင့် စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲရန် အကြိမ်ကြိမ် အနီးကပ် ကျားထိုးခြင်း၊ နှောင့်ယှက် ပစ်ခတ်ခြင်းများ ဆောင်ရွက်ခဲ့ သဖြင့် တပ်မတော်မှ လေကြောင်းပစ်ကူများ၊ အမြောက်ပစ်ကူများ၊ လက်နက်ကြီး ပစ်ကူများ ပစ်ကူပေး၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များက နေ့ညမပြတ် မဆုတ်မနစ်သော ဇွဲလုံ့လ၊ လှေခွက်ချည်းကျန် အလံမလှဲ ဆိုသည့် စိတ်ဓာတ်များဖြင့် ရွပ်ရွပ်ချွံချွံ ရင်ဆိုင်ပြန်လည် တိုက်ပွဲဝင်လျက် ရှိကြောင်းကို အချိန်နှင့် တစ်ပြေးညီ မြဝတီ ရုပ်မြင်သံကြား နှင့် မြဝတီသတင်းစာ တို့မှ သတင်းထုတ်ပြန် ဖော်ပြလျက် ရှိသည်။

ထပ်မံရရှိသော မုံးကိုးစခန်း အခြေအနေ သတင်းများအရ ဒီဇင်ဘာ ၃ ရက် ည ၉ နာရီခန့်တွင် KIA/ TNLA/ MNDAA/ AA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က သာလွန် အင်အားဖြင့် ချဉ်းကပ်ကာ စခန်းသိမ်း တိုက်ပွဲဆင်နွှဲ လာသဖြင့် စခန်းရှိ တပ်မတော်သား များက မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ရဲရဲဝံ့ဝံ့ ရွပ်ရွပ်ချွံချွံ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ည ၁၁ နာရီခွဲခန့်တွင် ရန်သူ၏ ချဉ်းကပ်မှု ရပ်တန့် သွားကြောင်း သိရှိရသည်။

ယနေ့မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့်တွင် မုံးကိုးစခန်းအား အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က ထပ်မံချဉ်းကပ် တိုက်ခိုက်လာ သဖြင့် တပ်မတော်မှ လေကြောင်းပစ်ကူများ၊ အမြောက်ပစ်ကူများ၊ လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ကူပေး၍ စခန်းရှိ တပ်မတော်သား များကလည်း ကျားကုတ်ကျားခဲ ရဲရဲဝံ့ဝံ့ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ရာ ရန်သူ့ချဉ်းကပ်မှု မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရပ်တန့်သွား ခဲ့သည်။

ဆက်လက်ပြီး တပ်မတော် စစ်ကြောင်းများက နယ်မြေများ ရှင်းလင်းလျက် ရှိရာ မွန်းလွဲ ၁ နာရီခန့်တွင်လည်း မုံးကိုးမြို့အနီး မန်ကန်ကျေး ရွာ၏ အရှေ့တောင်ဘက် ၌လည်းကောင်း၊ မွန်းလွဲ ၂ နာရီ မိနစ် ၅ဝ ခန့်တွင် ကြူကုတ် (ပန်ဆိုင်း) မြို့နယ် ရှင်ပင်ကိုင်း ကျေးရွာအနီး ၌ လည်းကောင်း အကြမ်းဖက် သောင်းကျန်းသူ များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထပ်မံရရှိသော သတင်းများအရ အကြမ်းဖက် သောင်းကျန်းသူများက လမ်းများအား ပိတ်ဆို့ထားခြင်းနှင့် ကန့်လန့်ဖြတ် မြေဖြတ်ကျင်းများ တူးကာ ဖျက်ဆီးထားခြင်း၊ တံတားများအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီး ထားခြင်း တို့ကြောင့် မုံးကိုးစခန်းသို့ စစ်ကူပေးရန် သွားရောက်သည့် တပ်မတော် စစ်ကြောင်းများကို သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ် များဖြင့် သယ်ဆောင်၍ ပို့ဆောင် ခဲ့ရကြောင်း၊ ရဟတ်ယာဉ် များကို မောင်းနှင်သည့် လေသူရဲများသည် ရန်သူ့ ပစ်ခတ်မှုများကို ကြံ့ကြံ့ခံ အန်တုလျက် တိုက်ပွဲနယ်မြေ အတွင်း ခဲရာခဲဆစ် ဆင်းသက်၍ စစ်ကူတပ်မတော် စစ်ကြောင်းများအား ပို့ဆောင်ခဲ့ ရကြောင်း၊ စစ်ကူ တပ်မတော် စစ်ကြောင်းများ အနေဖြင့် မုံးကိုးမြို့၏ တောင်ဘက်နှင့် အနောက်ဘက် တို့မှ စစ်ကြောင်းများ ခွဲ၍ မြို့သို့ အကြမ်းဖက် သောင်းကျန်းသူ များ၏ အဆင့်ဆင့် ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်မှုများကို ရင်ဆိုင်ထိုးဖောက် ကျော်လွှား၍ အပြင်းအထန် မရပ်မနား ချီတက်ခဲ့ရာ တပ်မတော်စစ်ကူ စစ်ကြောင်း များသည် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် မုံးကိုးမြို့သို့ ရောက်ရှိခဲ့ပြီး မုံးကိုးမြို့ အတွင်းနှင့် မြို့ပတ်ဝန်းကျင် တစ်ဝိုက်အား နယ်မြေဖြန့်ခွဲ ရှင်းလင်းလျက် ရှိရာ အကြမ်းဖက် သောင်းကျန်းသူများ ကစဥ့်ကလျား ဆုတ်ခွာ ထွက်ပြေးလျက် ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်များတွင် တပ်မတော်မှ စစ်ကြောင်းမှူး တစ်ဦး အပါအဝင် အရာရှိ၊ စစ်သည်တချို့ နိုင်ငံတော်အတွက် အသက်ပေးလှူ ခဲ့ရကာ အရာရှိ၊ စစ်သည်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူ များထံမှ RPG နှစ်လက်၊ ပခုံးထမ်း လောင်ချာ တစ်လက်၊ စနိုက်ပါ သေနတ် တစ်လက်၊ အမ် ၂၂ သေနတ် တစ်လက် တို့နှင့် ခဲယမ်း အမြောက်အမြား တို့ကို သိမ်းဆည်းရမိ ခဲ့သည်။

တပ်မတော် အနေဖြင့် မုံးကိုးမြို့အား ထိန်းချုပ် ထားနိုင်ခဲ့ပြီး အဆောက်အအုံများ ပျက်စီး ဆုံးရှုံးခဲ့မှုအား စိစစ် ဆောင်ရွက်လျက် ရှိကာ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။



မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger