www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 6, 2016

သွားနှင့်ခံတွင်း ကျန်းမာရေး


သွားနှင့်ခံတွင်း ကျန်းမာရေး

( ဒေါက်တာ မင်းစိုးဦး )

ကြာကြာဝါးမည့်သွား၊ အရိုးကြည့်ရှောင် ဆိုသည့် ရှေးလူကြီးသူမ များ၏ ဆုံးမစကားကို နာယူ မှတ်သားဖူးသည်။ သွားကို ဂရုစိုက်ကြရန် ဆော်သြခဲ့သော စကားပင်။ သို့သော် အရေးတယူ ဂရုစိုက်ခံရမှု နည်းပါးသည် မှာလည်း သွားနှင့်ခံတွင်းပင် ဖြစ်သည်။ ဂရုတစိုက် မရှိကြသောကြောင့် စကားပြောသည့် အခါ ခံတွင်းအတွင်း မှ အနံ့အသက်ဆိုးများ ထွက်လာသည်။ ရယ်မောနှုတ်ဆက် သောအခါ မလှပသော သွားများကို ဖော်ပြ နေသလိုပင်။ သွားနှင့်ခံတွင်း ကျန်းမာခြင်း မရှိပါက လူတစ်ဦး၏ ဥပဓိရုပ်ကို ထိခိုက်စေရုံမျှ မက ကျန်းမာရေးဆိုင်ရာ ပြဿနာ များစွာနှင့်လည်း ကြုံတွေ့ရ စေနိုင်သည်။

သွားရောဂါများ အနက် အများဆုံး တွေ့ရသည်မှာ သွားကျောက် တည်ခြင်းနှင့် သွားပိုးစားခြင်း တို့ဖြစ်ကြသည်။ သွားကျောက်တည် ပါက သွားပိုးစားခြင်း ဖြစ်စေရုံမျှမက သွားပြည်တည်ခြင်း နှင့် သွားဖုံးရောင်ခြင်း တို့ကို ပါ ဖြစ်ပွားစေသည်။ သွားပြည်တည်ခြင်း နှင့် သွားပိုးစားခြင်းမှ ဖြစ်ပွားသော သွားကိုက်ခြင်း ဝေဒနာ ပြင်းထန်သော အခါ အိပ်ရေးပျက်ခြင်းနှင့် အလုပ်အကိုင် ပျက်ခြင်းတို့ ဖြစ်ပေါ် လာတော့သည်။ နောက်ဆုံးရလဒ် အနေဖြင့် သွားပတ်လည် ပိုးဝင်ကာ ရောင်ရမ်းခြင်း၊ သွားအမြစ်တွင် ပိုးဝင်ကာ ရောင်ရမ်းခြင်းနှင့် ခံတွင်းပိုးများ ဦးနှောက် အတွင်းသို့ ဝင်ရောက်ကာ Cavernous Sinus Thrombosis ဟုခေါ်သော ရောဂါကိုဖြစ်ပွားေ စပြီး အသက်ဆုံးရှုံး စေနိုင်ပါသည်။ ထို့ပြင် သွားပိုးစားပါက သွားများယိုင်နဲ့ပြီး သွားကျိုးကာ နောက်ဆုံးတွင် သွားများ တစ်ချောင်းမျှ မကျန်တော့သည့် အခြေအနေသို့ ရောက်ရှိသွား နိုင်သည်။ ထိုအခါ အစာကို ကြေညက်အောင် ဝါးစားနိုင်ခြင်း မရှိသောကြောင့် အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်း၊ အာဟာရ ချို့တဲ့ခြင်းတို့ ဖြစ်ပေါ် လာရတော့ သည်။ ကိုယ်ဝန်ဆောင် မိခင် အာဟာရချို့တဲ့ ပါက ကိုယ်အလေးချိန် မပြည့်သော ရင်သွေးကို မွေးဖွား စေနိုင်ပါသည်။

သွားနှင့် ပတ်သက်၍ အများအားဖြင့် ခံစားရသည့် ဝေဒနာတစ်ခုမှာ သွားကျဉ်ခြင်းပင်။ သွားကျဉ်ရခြင်းမှာ သွား၏အပြင်ဆုံး အလွှာဖြစ်သည့် ကြွေသွားလွှာ ပျက်စီးသွား သောကြောင့် သို့မဟုတ် သွားဖုံးသား နိမ့်ကျ သွားသောကြောင့် အာရုံကြော များကို ဝိုင်းရံထားသည့် ဆင်စွယ်နှစ်လွှာ အတွင်းမှ ထွက်ပေါ်လာသော ကြောင့်ဖြစ်သည်။ အပူ၊ အအေး၊ အချို၊ အချဉ်၊ အစပ် စသည့် အစားအသောက် တို့ကို သောက်မိ၊ စားမိသော
အခါ ဆင်စွယ်နှစ်လွှာ တွင်ရှိသည့် ပြွန်ငယ်ကလေးများ မှတစ်ဆင့် အောက်ဆုံးအလွှာ ဖြစ်သည့် မွှသွားလွှာသို့ စိမ့်ဝင်သွားသည်။ ထိုမွှသွားလွှာ တွင် အာရုံကြော ကလေးများ စုဝေးနေသည့် အတွက် ၄င်းတို့ အစာနှင့် ထိတွေ့မိ ကာ သွားကျဉ်သည့် ဝေဒနာကို ခံစားရခြင်း ဖြစ်သည်။

သွားကျဉ်ရသည့် အကြောင်းရင်းများမှာ မီးသွေး၊ ဖွဲပြာ၊ သဲ၊ ဆား စသည်တို့ဖြင့် သွားတိုက်ခြင်း၊ သွားတိုက်မှု နည်းစနစ် မမှန်ကန်ခြင်း၊ အချဉ်ဓာတ် ပါဝင်မှုများသော အစားအသောက် များကို အမြောက်အမြား စားသုံးခြင်း၊ အိပ်ပျော်နေချိန်တွင် အံကြိတ်တတ်သော အလေ့အထ ရှိခြင်းနှင့် ရေစီးကမ်းပြို ရောဂါ ခံစားရခြင်း စသည်တို့ကြောင့် ဖြစ်သည်။

သွားအပြင် သွားဖုံးရောင် ရောဂါသည်လည်း လူကို ဒုက္ခပေးသော ရောဂါတစ်မျိုးပင်။ ခံတွင်း မသန့်ရှင်းမှုကြောင့် ဗက်တီးရီးယားပိုးများ ပေါက်ပွားကာ သွားဖုံးရောင် တတ်သည်။ ထို့ပြင် သွားဖုံးရောင် ရောဂါသည်
နှလုံးရောဂါ၊ အဆုတ်ရောင် ရောဂါ၊ ကျောက်ကပ်ရောင် ရောဂါ၊ သွေးချို၊ ဆီးချိုရောဂါနှင့် လေငန်းရောဂါ တို့နှင့်ပါ ဆက်စပ်မှုရှိကြောင်း လေ့လာတွေ့ရှိ လာရသည်။

ခံတွင်းအတွင်း တွေ့ရနိုင်သော နောက်ထပ်ရောဂါ တစ်မျိုးမှာ ခံတွင်းကင်ဆာပင် ဖြစ်သည်။ ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီး ပါသော ကွမ်းယာစားသုံးခြင်း၊ အရက် အလွန်အကျွံ သောက်သုံးခြင်း၊ ခံတွင်းသန့်ရှင်းမှု အားနည်းခြင်း၊ ချွန်ထက်ပဲ့နေသောသွားအစိတ်အပိုင်းများ ရှိခြင်း၊ မိမိခံတွင်းနှင့် ကိုက်ညီမှု မရှိသော အံကပ်များ တပ်ဆင်ခြင်း၊ ရောင်ရမ်းပျက်စီး နေသော သွားဖုံးနှင့်ခံတွင်း အပေါ်ယံလွှာများမှ တစ်ဆင့် ဗက်တီးရီးယား ပိုးများ ဝင်ရောက် ကူးစက်ခြင်း စသည်တို့ကြောင့် ခံတွင်းကင်ဆာ ဖြစ်ပွားနိုင်သည်။

ခံတွင်းကင်ဆာ မဖြစ်ပွားမီ ရှေ့ပြေး လက္ခဏာများ အဖြစ် အောက်ပါတို့ကို ခံတွင်းအတွင်း တွေ့ရှိရလေ့ ရှိပါသည်။
  • (က) ပါးစောင်၊ လျှာပေါ်၊ လျှာအောက်၊ သွားဖုံး၊ အောက်နှုတ်ခမ်း နေရာများတွင် အဖြူရောင် အချပ်၊ အကွက်များ ပေါ်လာခြင်း။
  • ( ခ ) နှုတ်ခမ်းထောင့်၊ ပါးစောင်တို့တွင် အဖြူရောင် အကွက်များ ပေါ်လာခြင်း။
  • ( ဂ ) ခံတွင်း၊ ပါးစောင်၌ သေးငယ်ပြီး ပြောင်လက်နေသော အဖြူရောင်အကွက် ကလေးများ တစ်ခုချင်း သို့မဟုတ် အစုအဝေးနှင့် တွေ့ရခြင်း။
  • (ဃ) ပါးစောင်နှင့် အာခေါင်တို့ ခြောက်သွေ့ကာ မာကျောလာပြီး ရောဂါရင့် လာသောအခါ ခံတွင်းအမြှေးတွင် ထူထဲသော အဖြူရောင်အမျှင်များ ဖြစ်ပေါ်လာခြင်း၊ ထိုအခါ ပါးစပ်ဟရန်နှင့် အစာမျိုချရန် ခက်ခဲလာပါလိမ့်မည်။

သွားနှင့်ခံတွင်း ရောဂါများ မဖြစ်ပွားစေရန် ဗက်တီးရီးယား ပိုးများ ပေါက်ပွားရှင်သန်မှုကို အားပေးသော သကြားဓာတ် ပါဝင်သည့် အစားအစာများ စားသုံးမှုကို လျှော့ချကာ အာဟာရ ဖြစ်စေသော အစားအစာများ၊ သစ်သီးဝလံများကို ပိုမိုစားသုံးပေးခြင်း၊ ဆေးလိပ်သောက်ခြင်း နှင့် ကွမ်းစားခြင်း တို့ကို ရှောင်ကြဉ်ခြင်း၊ အရက် အလွန်အကျွံ သောက်သုံးခြင်း ကိုရှောင်ကြဉ်ခြင်း၊ အခွံမာအသီးများ၊ အပ်ချည်ကြိုး၊ အရိုး စသော မာကျောသည့် အရာများကို သွားဖြင့် ကိုက်ဖြတ်ခြင်း၊ ပုလင်းအဖုံး တို့ကို သွားဖြင့် ကိုက်ဖွင့်ခြင်း အလေ့အထ များကို ရှောင်ကြဉ်ခြင်း နှင့် မီးသွေး၊ ဖွဲပြာ၊ သဲ၊ ဆား စသည်တို့ဖြင့် သွားတိုက်ခြင်းတို့ကို မပြုလုပ်ရန် လိုအပ်သည်။ ထို့ပြင် နှီးစ၊ သွားကြား ထိုးတံတို့ဖြင့် သွားကြားထိုးပါက သွားတစ်ခုနှင့် တစ်ခုကြားတွင် ရှိသော သွားပေါက်ကို ကျယ်စေကာ သွားထိခိုက် စေသောကြောင့် ထိုအလေ့အထကို ရှောင်ကြဉ်သင့် ပါသည်။ သွားကြားထိုး လိုပါက အပ်ချည် ကြိုးကဲ့သို့သော အရာကိုသာ အသုံးပြုသင့်သည်။

ထို့ပြင် ခံတွင်းသန့်ရှင်းစေရန် အစာစားပြီးတိုင်း အာလုတ်ကျင်းပေး သင့်သည်။ သွားပိုးပေါက်များ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန် ဖလိုရိုက်ဓာတ် ပါဝင်သော သွားတိုက်ဆေးကို အသုံးပြုကာ နံနက်စာ စားပြီးချိန်နှင့် ညအိပ်ရာ မဝင်မီ တစ်နေ့လျှင် နှစ်ကြိမ် နည်းစနစ် မှန်မှန်ဖြင့် သွားတိုက်ပေး သင့်သည်။ စနစ်မှန် သွားတိုက်နည်း ဆိုသည်မှာ သွားပွတ်တံနှင့် သွားတိုက်ဆေးကို အသုံးပြု ပြီး အစာအကြွင်းအကျန် များနှင့်သွားချေး များကို ထိထိ ရောက်ရောက် ဖယ်ရှားနိုင်အောင် သွားတိုက်ခြင်းပင် ဖြစ်သည်။ သွားတိုက်ရာတွင် သွား၏ အပြင်နှင့် အတွင်း မျက်နှာပြင်များကို သွားတိုက်ဆေး ထည့်ထားသော သွားပွတ်တံဖြင့် အပေါ်အောက် ဒေါင်လိုက် တိုက်ပေးရမည်။ သွား၏ အစာဝါးသည့် မျက်နှာပြင်ကို ကန့်လန့်ဖြတ် အလျားလိုက် တိုက်ပေးရန် လိုအပ်သည်။ သွားတိုက်ရာတွင် တစ်နေရာလျှင် ခြောက်ကြိမ်ခန့် တိုက်ရန် လိုအပ် ပြီး သွားအားလုံး စုံအောင်တိုက်ရန် လိုအပ်သောကြောင့် သွားတိုက်ရန် ကြာချိန်မှာ အနည်းဆုံး ၃ မိနစ်ခန့် ဖြစ်သင့်သည်။ သွားနှင့်ခံတွင်း ကျန်းမာမှု ရှိ၊ မရှိကို အသက် နှစ်နှစ်ခြောက်လ အရွယ်မှစတင်ကာ သက်တမ်း တစ်လျှောက်လုံး ခြောက်လလျှင် တစ်ကြိမ် သွားဘက်ဆိုင်ရာ ဆရာဝန်များနှင့် ပြသစစ်ဆေးမှု ခံယူသင့်သည်။

အထက်တွင် ဖော်ပြခဲ့သော သွားနှင့်ခံတွင်း ကို ဒုက္ခပေးမည့် အချက်များကို သိရှိ ရှောင်ကြဉ်ကာ သွားနှင့်ခံတွင်း သန့်ရှင်းအောင် ဂရုစိုက်ကျင့်ကြံ နေထိုင်သွားကြ မည်ဆိုပါက ဖြူဖွေးသန့်စင် သော သွားများကို ပိုင်ဆိုင် နိုင်ရုံမျှမက စကားပြောသည့် အခါ အနံ့အသက် ဆိုးများ ထွက်လာခြင်းမှ ကင်းဝေးနိုင်မည့် အပြင် ရုပ်ရည်ရူပကာ တင့်တယ်ခြင်း၊ နှလုံး၊ ကျောက်ကပ် စသည့်ရောဂါများ ကင်းစင်ခြင်း တို့နှင့် ပြည့်ဝကြမည် ဟု ယုံကြည်မျှော်လင့် မိပါကြောင်း ရေးသား ဖော်ပြလိုက်ရ ပါသည်။ 

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger