www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 18, 2016

မူဆလင်ကျေးရွာများအား အကြမ်းဖက်သမားများကသာ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးမေးမြန်းခြင်း ခံရသူများက ထုတ်ဖော်ပြောကြား



နေပြည်တော် ၊ ၁၈-၁၁-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်ခဲ့မှု ဖြစ်စဉ်များကြောင့် တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် ဖမ်းဆီးရမိသော အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ များနှင့် မသင်္ကာသူ များအား ဥပဒေနှင့် အညီ စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိရာ ဖမ်းဆီး ထိန်းသိမ်းထားသူ လေးဦးက ခြိမ်းခြောက် စည်းရုံးခံရမှု၊ မူဆလင်ကျေးရွာ များအား ၄င်းတို့ကိုယ်တိုင် မီးရှို့ခဲ့မှုနှင့် အကြမ်းဖက် တိုက်ခိုက်ရန် ပြင်ဆင်နေမှု များကို ထုတ်ဖော်ပြောကြား ခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူချောင်း ကျေးရွာမှ နိုဝင်ဘာ ၁၂ ရက်တွင် ဖမ်းဆီးထိန်းသိမ်း ရမိခဲ့သည့် ဂျာဘူရာမန် အား စစ်ဆေးမေးမြန်းရာ ''သင်တန်း မတက်ရင် သေနတ်နဲ့ ပစ်မယ်။ လည်လှီးမယ်လို့ ပြောပြီး စည်းရုံးပါတယ်။ ကျွန်တော်တို့ ရွာက အယောက် ၂ဝ သင်တန်း တက်ရောက်ခဲ့ ပါတယ်။ သင်တန်းကိုတော့ မယင်းတောင် အနောက်ဘက်မှာ တက်ခဲ့ပါတယ်။ တိုက်ပွဲ ဖြစ်တဲ့နေ့က ဘင်္ဂါလီရွာကို မီးတိုက်ပြီး ပြန်သွားခဲ့ပါတယ်။ အဲဒီအဖွဲ့မှာ သေနတ် ၁ဝ လက်နဲ့ ဓား ၁ဝ ချောင်း ပါပါတယ်'' ဟု ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အလားတူ ပွင့်ဖြူချောင်း ကျေးရွာမှ ဖမ်းဆီးထိန်းသိမ်း ထားသူ မာမတ်အီစလာမ် ကို မေးမြန်းရာ ''ဗလီတက်တဲ့ အချိန်မှာ ဗလီ ဆရာကြီးက ရွာကလူတွေကို စည်းရုံးပါတယ်။ ဘင်္ဂလားဒေ့ရှ် က လူတွေလာတယ်။ ဘင်္ဂလားဒေ့ရှ်က လူတွေနဲ့ ပေါင်းပြီး တိုက်ရမယ်လို့ ပြောပါတယ်။ ရိုဟင်ဂျာ ကို အစိုးရက ဘယ်တော့မှ ပေးမှာမဟုတ်ဘူး။ ငါတို့ လူစုလူဝေးနဲ့ ရိုဟင်ဂျာ ကို တိုက်ယူရမယ်။ တစ်အိမ် တစ်ယောက်ထွက်ပြီး တိုက်ရမယ်။ တစ်အိမ် တစ်ယောက်ကျ မလိုက်တဲ့လူ တွေကို လည်လှီးပြီး သတ်မယ်လို့ ပြောတယ်။ ထိတွေ့မှုဖြစ် တဲ့အခါမှာ အစ္စလာမ်၊ ရိုဟင်ဂျာ၊ နာကာတူရီ၊ ဝတ်စ်ဖို့စ် လို့ အော်ပြီး သွားပါတယ်။ တောင်ကြားမှာ သင်တန်းပေး ပါတယ်။ ရိုဟင်ဂျာ ပေးမယ်ပြောပြီး မပေးဘူး။ မပေးတဲ့အတွက် ငါတို့ သိပ်ကြာသွားမယ်။ တိုက်ပွဲဝင် ရမယ်။ တိုက်ပွဲဖြစ်တဲ့ အချိန်မှာ ကျွန်တော်က ဓားကိုင်ပြီးတော့ ရွာမှာ ရှိပါတယ်။ ရွာတွေကို မီးရှို့တာတွေ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် က ဝင်လာတဲ့ လူတွေနဲ့ ရွာက လူဆိုးတွေက ရှို့တာပါ။ တိုက်ပွဲဖြစ်တဲ့ အချိန်မှာ ရွာသားတွေ တစ်အိမ် တစ်ယောက် ဓားကိုင်ပြီးတော့ ထွက်ပါတယ်။ ဓားကိုင်ပြီးတော့ အကုန်လုံး ရွာလမ်းပေါ် ထွက်ကြပါတယ်'' ဟု ပြောကြား ခဲ့ခြင်းဖြစ်သည်။

အလားတူ မောင်တောမြို့နယ် ရေတွင်းကျွန်း ကျေးရွာမှ ဖမ်းဆီးထိန်းသိမ်း ရမိသည့် အီအာဟာ အား မေးမြန်း စစ်ဆေးရာ ''၁၃ ရက်နေ့မှာ ဘင်္ဂါလီမူဆလင် လူမျိုးတွေက မီးတိုက်တာပါ။ ကျွန်တော် မြင်တာကတော့
အိမ် ၁ဝဝ ကျော်လောက် မီးထဲ ပါသွားပါတယ်'' ဟု ဖြေကြားခဲ့ကြောင်း သိရသည်။

ထို့အတူ ဖမ်းဆီးထိန်းသိမ်း ထားသည့် ကြိမ်ချောင်း (မြောက်ရွာ) နေ ဆော်ဒူအာမိန် အား မေးမြန်းစစ်ဆေးရာ ''ကျွန်တော်တို့ တုတ်၊ ဓားကိုင်ပြီး လူတွေစု နေတာဟာ စစ်တပ်တွေ၊ ရဲတွေလာရင် တိုက်ပြီးတော့ သေနတ်တွေ လုဖို့ပါ။ ဓားရယ်၊ တုတ်ရယ်၊ လေးခွရယ် ပါပါတယ်။ စစ်တပ်ကို ဓားနဲ့ခုတ် မယ်ဆိုပြီးတော့ လူအများကြီး စုနေတာပါ။ တိုက်ပွဲမဖြစ်ခင် ညက လူကြီးပိုင်း တချို့ကို ပါခေါ်ပြီး တောထဲ ဝင်သွားပါတယ်။ ရွာကို မီးရှို့တာ အကြမ်းဖက် သမားတွေ မီးရှို့တာပါ။ ရှို့ပြီး တော့ အနောက်ဘက်ကို ထွက်သွား ကြတာပါ'' ဟု ဖြေကြားခဲ့ခြင်း ဖြစ်သည်။

စစ်ဆေး မေးမြန်းချက် များအရ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ များသည် ဒေသနေ မူဆလင် အသိုင်းအဝိုင်းအား တစ်အိမ်တစ်ယောက် မဖြစ်မနေ လိုက်ပါစေပြီး မလိုက်လျှင် လည်လှီး သတ်ဖြတ်မည်ဟု ခြိမ်းခြောက် ကာ တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအား ရွာတွင်း ဝင်လာလျှင် ဓားဖြင့်ခုတ်ရန် စောင့်ဆိုင်း နေကြကြောင်း၊ ကျေးရွာများအား မီးရှို့သူများမှာလည်း အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ များပင် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်း ထုတ်ပြန် ထားရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger