www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 10, 2016

ရေသန့်ဘူး နှင့် မြေသောက်ရေအိုး


ရေသန့်ဘူး နှင့် မြေသောက်ရေအိုး

ကြည်လွင်မြင့် (မုဒြာ)

မန္တလေးသားတို့ ပူလွန်း၍ မိုးကိုမျှော် နေကြသည်။ မိုးတစ်ပြိုက်၊ နှစ်ပြိုက် ရွာချလာပြီ။ သို့သော် အပူချိန်က ရှိနေဆဲ။ ထိုလွန်ကဲသော အပူရှိန်ကို သောက်ရေသန့် ရေအေးဘူးလေးများ သောက်ရင်း အပူဒဏ်ကို အန်တုသူများ အတွက် သတိပေးလို သည့်အတွက် ဤဆောင်းပါးကို ရေးလိုက်ရ ပါသည်။

မန္တလေးမြို့သည် ဆိုင်ကယ်စီးသူ အလွန်ပေါသော မြို့ဖြစ်သည်နှင့် အညီ ဆိုင်ကယ် အက်စီးဒင့်လည်း အလွန်ပေါသည်။ ဆိုင်ကယ်ကြောင့် ထိခိုက်မိသူ၊ သေသူ အများအပြား နေ့စဉ်နှင့်အမျှ ရှိနေသည်။ မနှစ်က မန္တလေးမြို့ အရှေ့ထိပ် ၃၅ လမ်းမကြီးနှင့် ပြင်ဦးလွင်မြို့ မိုးကုတ်လမ်းဆုံ ရာတွင် လမ်းဘေးချ ရပ်ထားသော ၁ဝ ဘီးကားကြီးကို ဆိုင်ကယ်စီးရင်း လက်တစ်ဖက်မှ ရေသန့်ဘူး မော့သောက် လာသူ လူငယ်တစ်ဦး စီးသော ဆိုင်ကယ်က ဝင်တိုက်မိသည်။ အရှိန်ပြင်းသဖြင့် ဆိုင်ကယ်မှာ ထက်ပိုင်းကျိုး သွားပြီး ထိုလူငယ်ရော၊ နောက်ကစီးသူပါ လမ်းပေါ်တွင် လဲကျ သတိလစ်နေသည်။ နောက်မှ တာဝန်သိသူ အရာရှိ တစ်ဦးက ဆေးရုံပို့ပေး လိုက်သည်ဟု ဆိုသည်။

ထိုဖြစ်စဉ်တွင် လူအများ သတိမမူမိသော အကြောင်းအရာမှာ ရေသန့်ဘူး မော့သောက်ရင်း ဆိုင်ကယ်စီးသည့် အချက်ပင်ဖြစ်သည်။ လက်တစ်ဖက်တည်း ဆိုင်ကယ်ကို ထိန်းမရသဖြင့် ဖြစ်ရခြင်းလား။ ဆိုင်ကယ် စက်ချွတ်ယွင်း၍ ထိန်းမရခြင်းလား။

လွန်ခဲ့သော ရက်ပိုင်းက စာရေးသူ ကားဓာတ်ဆီ ဖြည့်ရန် အောင်ပင်လယ် ကန်ပတ်လမ်း ပြင်ဦးလွင်မြို့ အတက်လမ်းသို့ ကားမောင်းပြီး သွားခဲ့သည်။ ထိုနေရာသည် လေကောင်းလေသန့် ရရှိပြီး ရှုခင်းလည်း သာယာသောနေရာ ဖြစ်သည်။ မြို့ထဲတွင် မတွေ့ရသော လယ်ကွင်းများနှင့် ခြံဝင်းကျယ်ကြီး များကိုလည်း တွေ့မြင်ရသော နေရာဖြစ်သဖြင့် အသက် ၈ဝ အရွယ် စာရေးသူ၏ ဖခင်ကြီးကိုပါ ခေါ်သွားသည်မှာ အပတ်စဉ် ဖြစ်သည်။ ဖခင်ကြီးနှင့် အတူ အဖော်အဖြစ် သမီးတစ်ဦးအမြဲ ပါရှိပြီး ဓာတ်ဆီလည်း ထည့်ရင်း စိတ်လက် အပန်းဖြေ သွားသည့်နေရာလေး ဖြစ်နေခဲ့သည်။ ထိုတစ်နေ့တွင် မန္တလေးအပူချိန်မှာ ကားတွင်း၌ ပြသော ပြင်ပအပူချိန် Outside temperature) 45 C ရှိသော နေ့ဖြစ်သည်။ အလွန်ပူပြင်းပြီး ကားအတွင်း ဖွင့်ထားသော အဲယားကွန်း မနိုင်တော့သော အခြေအနေ ဖြစ်သည်။

ဧပြီလ သင်္ကြန်အပြီးတွင် မိုးတစ်ကြိမ်ရွာပြီး နောက်ပိုင်း မန္တလေးတွင် မိုးလုံးဝ မရွာတော့။ မေလ၏ ပူပြင်းမှုကို အန်မတုနိုင်သော သစ်ပင်များ သေကြသည်။ အသက် အရွယ်ကြီး သူများ ပူ၍ အမောဖောက် သောအခါ ရေဓာတ် ခန်းခြောက်သောေ ရာဂါများ ရကြသည်။ တချို့ သေဆုံးကြ ရသည်။

မန္တလေး အနောက်ဘက် ပိုက်ကျုံး၊ စဥ့်ကိုင်မြို့၊ ပုလိပ်မြို့ တို့တွင် မိုးခေါ် လွန်ဆွဲပွဲများ ကျင်းပ နေကြသည်ဟု သိရသည်။ ပုသိမ်ကြီးမြို့တွင် ရန်ကင်း တောင်ခြေမှ ငါးရံ့မင်းရုပ်ကို ပင့်ပြီး ဆရာတော် များက ငါးရံ့မင်း ပရိတ်ရွတ်ပွဲ ဆင်နွှဲနေသည်။ ငါးရံ့မင်းသည် ရှေးမြန်မာ ဘုရင်များ လက်ထက်က မိုးခေါင်သဖြင့် ဘုရင်က ကိုးပါး သီလစောင့်ပြီး ငါးရံ့မင်းရုပ်တု ပြုလုပ်ပူဇော်ခဲ့ ရာမှစခဲ့ သည်။ မန္တလေး အရှေ့ဘက်က ရန်ကင်းတောင် တွင် ငါးရံ့မင်းရုပ်တုနှစ်ခုရှိသော ငါးရံ့မင်းလိုဏ်ဂူရှိသည်။ ရန်ကင်းတောင်ကို ငါးရံ့မင်းတောင်ဟုလည်း ခေါ်ကြသည်။ တောင်တွေပတ်လည်ဝိုင်းနေသည့် မြေပြန့် မန္တလေးတွင် မိုးခေါင်ပြီး အပူဒဏ်ခံရခြင်းသည် ရှေးမြန်မာမင်းများ လက်ထက်ကတည်းကရှိခဲ့သည်။ မန္တလေးနှင့် မိုင် ၂ဝ ကျော်သာ ဝေးသည့် ပြင်ဦးလွင် မြို့တောင်ပေါ် မှာတော့ မိုးများ ရွာနေသည်။ ယခုလို အချိန်တွင် ငွေကြေး တတ်နိုင်သူ များမှာ ပြင်ဦးလွင်မြို့တွင် တက်ပြီး အပူရှောင် နေကြလေသည်။

စာရေးသူ၏ ကိုယ်တွေ့ဖြစ်ရပ် ကလေးကို ဆက်လက် ရေးသားတင်ပြ လိုသည်။ အပူရှိန်ပြင်းသော ထိုတစ်နေ့က အောင်ပင်လယ် ကန်ပေါင်ရိုး ပြင်ဦးလွင်မြို့ အတက်လမ်းရှိ ဓာတ်ဆီဆိုင်ကြီး တစ်ဆိုင်သို့ ဆီသွားထည့် ခဲ့သည်။ ဓာတ်ဆီဆိုင်တွင် ဆီဖြည့် သောအခါ အဖေနှင့်အတူ ပါလာသော သမီးက ဘောက်ချာယူခဲ့ရန် ပြောပြီး ကျသင့်ငွေ ရှင်းသည်။ မန္တလေး ဓာတ်ဆီဆိုင်ကြီး များ၏ ထုံးစံမှာ ငွေရှင်းလျှင် ဘောက်ချာနှင့် အတူ ရေသန့်ဘူး လက်ဆောင် ပေးလေ့ရှိသည်။

စာရေးသူသည် ယခင်က ရေသန့်ဘူးရလျှင် မသောက်။ ကားနောက်ထိုင်ခုံပေါ် ပစ်တင်ထားမြဲ ဖြစ်သည်။ သမီးထံ လာပေးသော ရေသန့်ဘူးကို ကြားဖြတ် လက်လှမ်းယူ လိုက်သည်။ အားပါး... အေးလိုက်သည့် ရေသန့်ဘူး။ ရေခဲပုံး နှင့် စိမ်ထားပုံ ရသည်။

ရေသန့်ဘူးအဖုံးမှ ပလတ်စတစ်ကို ခွာနေရသည်ကိုပင် ကြာနေသည်ဟု စိတ်ထဲက ထင်နေမိသည်။ ဖွင့်ပြီးသည်နှင့် ပါးစပ်ဟပြီး ပုလင်းခေါင်းနှင့် မထိအောင် ရေကို မော့ချလိုက်သည်။ ပါးစပ်ရော၊ သွားများပါ ကျဉ်သွားအောင် အေးသဖြင့် ရပ်လိုက်ရသည်။ ရေတချို့က ပါးစပ်ဘေးသို့ လျှံကျသည်။ သောက်ချင်ဇောဖြင့် မော့ချခြင်းကြောင့် ဖိတ်ကုန်သည်။ ပြီးမှထိန်းပြီး ရေအေးကို ပုလင်း တစ်ဝက်ကျော် ကုန်အောင် သောက်လိုက် မိသည်။

ဆီဖြည့်ပြီး ကားပြန်ထွက် လာချိန်အထိ ဘာမှမဖြစ် သေးပါ။ အဝေးပြေး ကားလမ်းမကြီးပေါ် ရောက်ပြီး ခဏအကြာတွင် ကားမောင်းနေရင်း နောက်စေ့ထဲမှ တစ်ချက်ထိုးပြီး ငိုက်ခနဲဖြစ်သွားသည်။ သတိထားပြီး ကား စတီယာရင်ကို ထိန်းသော်လည်း မရ။ ဘေးသို့ ယမ်းသွားသည်ဟု ထင်သည်။ နောက်မှ ကားကြီးတစ်စီးက ဟွန်း ကျယ်လောင်စွာ တီးသည်ကို ကြားလိုက်ရသည်။ ကားမောင်းသူ သတိတစ်ချက် လွတ်လျှင် အသက်ပေါင်းများစွာ သေနိုင်သည်ကို သတိရမိသည်။ အထူးပင် အားတင်းပြီး ကားကို အရှိန်လျှော့ လမ်းဘေးသို့ချသည်။ မျက်စိထဲမှာပြာပြီး အမြင်က ဝေဝါးသွားသလို ခံစားနေရသည်။ ကားအရှိန်က တဖြည်းဖြည်း လျော့ပြီး လမ်းဘေးတွင် ရပ်သွားသည်။ အာရုံကို ပြန်ကြည်လင် သွားအောင် စိတ်ကိုစုစည်းသည်။ ကားစက်ကိုတော့ မရပ်ဘဲ ပါဝါကို (P) ပါကင်မှာ ထားလိုက်သည်။
''ဘာဖြစ်တာလဲ''
နောက်မှထိုင်နေသော ဖခင်ကြီးက လှမ်းမေးသည်။
''ဘာမှမဖြစ်ပါဘူး။ ဓာတ်ဆီဆိုင်က ဘောက်ချာပေး လိုက်ရဲ့လား။ သမီးယူခဲ့ရဲ့လားလို့ မေးမလို့''

ဖခင်ကြီး မရိပ်မိအောင် စကားကို လွှဲပြောလိုက်သည်။ ပြောမိပြောရာ ပြောလိုက်ခြင်း ဖြစ်သည်။ အနည်းငယ်မျှ ဟိုလှည့်ဒီလှည့် လုပ်ပြီး ကားမှန်ချ၍ အသက်ကိုဝအောင် တစ်ချက်ရှူလိုက်သည်။ အပြင်မှ လေပူများက အတွင်းသို့ ပြေးဝင်လာသည်။ ထိုလေပူကို ရှူသွင်းလိုက်မှပင် ကိုယ်ထဲက သွေးတွေ ပြန်လည်ပတ်သွား သလို ခံစားရသည်။

ကားပြန်မောင်း လာရင်း စဉ်းစားမိသည်။ ရေခဲရေ ရုတ်တရက် မော့ချလိုက် သောကြောင့် ပါးစောင်၊ ခံတွင်း၊ ရေမျိုပြွန်တို့မှ အာရုံကြောများ ဆွဲကျုံ့လိုက် လေသလား။ ထိုသို့ကျုံ့ လိုက်သဖြင့် ဦးနှောက်သို့ သွေးပို့သော
လည်ပင်းနံဘေးမှ သွေးကြောမကြီး နှစ်ချောင်းမှာ ရုတ်တရက်ဆွဲကျုံ့ခံ လိုက်ရသလို ဖြစ်ပြီး မူးဝေလာခြင်း ဖြစ်မည်။
စာရေးသူ ပြန်သတိရမိသည်မှာ....
မကြာသေးမီ ရက်ပိုင်းက ကျုံးနံဘေးတွင် ညနေဘက် အပြေးလေ့ကျင့်ပြီး ပန်းဝင်လာသူကို ရေခဲစိမ် ရေသန့်ဘူး ပေးလိုက်သောအခါ တစ်ရှိန်ထိုး မော့ချပြီး ခဏအကြာမှာ မူးလဲသွားသည်။ ပါးစပ်မှအမြှုပ်များ ထွက်လာပြီး တက်သွားသဖြင့် ပြင်ပဆေးရုံသို့ ပို့လိုက်ကြရသည်။ ထိုအဖြစ်နှင့် ယခုမိမိအဖြစ်မှာ တူနေသလို ခံစားရသည်။ ကံကောင်း၍သာ သူ့လောက်မဆိုးရွား။ ပြန်ကောင်း လာခြင်းဖြစ်သည်။

ရေသည် မီးနှင့်အတူတူပင် ဖြစ်သည်။ ရန်သူမျိုး ငါးပါးတွင် ရေလည်း အပါအဝင်ဖြစ်သည်။ သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူဖြစ်သည်။ ရေ မရှိလျှင်လည်း အသက်မရှင်နိုင်။ ရေအသက် တစ် မနက်ဟုလည်း ဆိုကြပြန်သည်။ သို့သော် ရေခဲရေ တစ်ခွက်ကြောင့်လည်း ဦးနှောက် သွေးကြောပေါက်ပြီး အသက်ပါသွား နိုင်သည်ကိုလည်း သတိပြုမိဖို့ လိုပေသည်။

မနေ့က ကားမောင်းလာရင်း ကျုံးနံဘေး ၂၆ လမ်း နှင့် ၇၆ လမ်းထောင့်တွင် သစ်ပင်အရိပ် ကလေးရှိ၍ ကားခဏ ရပ်နားသည်။ ထိုလမ်းထောင့်တွင် မြေသောက် ရေအိုးနှစ်လုံးကို စင်ကလေးနှင့် အမိုးပြုလုပ် ထားသည်ကို တွေ့ရသည်။ လမ်းထောင့် တိုက်ပိုင်ရှင်မှ အလှူဖြစ်မည်။ သာဓုခေါ်ပါသည်။

ယခုခေတ်တွင် မြေသောက်ရေအိုးစင် ကလေးများ ရှားပါးသွားပြီ ဖြစ်သည်။ ရေသန့်ဘူး ဝယ်မသောက်နိုင်သူ လမ်းသွားလမ်းလာ များသည် ဤ သောက်ရေအိုးစင် မှ ရေအေးအေးကို သောက်နိုင်ကြမည် ဖြစ်သည်။ ထို သောက်ရေအိုးစင် ပေါ်တွင် အစိမ်းရောင်နှင့် ပန်းရောင် ပလတ်စတစ်ခွက် ကလေးများ တင်ထားသည်။ သောက်ပြီး ယူလိုကလည်း ယူသွားနိုင်သည်။ သံကြိုး ခတ်မထားပါ။ ထို ပလတ်စတစ်ခွက် ကလေးများ၏ တန်ဖိုးမှာ ငွေကျပ် ၁ဝဝ ဝန်းကျင်သာ ရှိမည်ဖြစ်သည်။ အလှူရှင်သည် စေတနာသုံးတန် ပြတ်သားသော အလှူ ဖြစ်ပေသည်။

စာရေးသူ သတိပြုမိသော အချက်မှာ မြေအိုးနှင့် ရေသောက်နေသော ဆင်းရဲသား လူလတ်တန်းစားများ တွင် ဦးနှောက် သွေးကြောပြတ် လေဖြတ်သောသူ အလွန်နည်းသည်။ ရေခဲသေတ္တာ၊ ရေအေးစက်နှင့် ရေသန့်ဘူး  တွင်တွင် သုံးနေကြသော လူချမ်းသာများတွင် ဦးနှောက်သွေးကြော ရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါများ အဖြစ်များသည်။ အိမ်ပြန်ရောက်လျှင် ရေခဲသေတ္တာမှ ရေသန့်ဘူးအစား မြေသောက်ရေအိုး တစ်လုံးဝယ်ပြီး အိမ်သားများကို သောက်ခိုင်းမည်။ မန္တလေးကျုံးရေကို ဆူပွက်အောင် ကျိုပြီး အအေးခံမည်။ ရေကျက်အေး ပြုလုပ်ပြီး မြေသောက်ရေအိုး တွင်ထည့်မည်။ မြေဓာတ်ဖြင့် အေးမြသော သဘာဝရေကို ရေငတ်သည့် အခါတိုင်း အားပါးတရ သောက်လျှင် ရောဂါကင်း၊ ဘယာကင်းမည်ဟု ထင်မိပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger