www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 25, 2016

ခရီးသွားရာသီအစတွင် သေမင်းတမန်မီးရထားလမ်း ပြတိုက်သို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လေ့လာမှု များပြား



သံဖြူဇရပ် ၊ ၂၅-၁၁-၂၀၁၆

ရန်ကုန်-မြိတ် ကားလမ်းမကြီးနှင့် ရန်ကုန်-ရေး မီးရထားလမ်းဆုံရာ သံဖြူဇရပ် မြို့နယ် ဝဲကဝါကျေးရွာ၌ ဖွင့်လှစ်ပြသ ထားသော သေမင်းတမန် မီးရထားလမ်း ပြတိုက် (The Death Railway Museum) သည် ယခုအခါ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ လာရောက် လေ့လာမှု များပြားလျက် ရှိကြောင်း အဆိုပါပြတိုက် တာဝန်ခံရုံးမှ သိရသည်။

The Death Railway Museum ပြတိုက် နှစ်ထပ် အဆောက်အအုံ ရှေ့မုခ်ဦးအဝင်ဝ တွင် သမိုင်းဝင် စစ်သုံ့ပန်း ချွေးတပ်သားများ ၏ အရိုးပေါ်အရေတင် ပိန်ချုံးချည့်နဲ့ နေသော ခန္ဓာကိုယ်ဖြင့် သံပေါက်ချွန်း၊ ပေါက်တူးများ ကိုင်ဆောင်ကာ ရထားလမ်း ဖောက်လုပ်နေဟန် ရင်နင့်ဖွယ်ရာ ရုပ်တုများအား ထုလုပ်ခြင်း၊ ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလတွင်ပင် နိုင်ငံခြား ခရီးသွားဧည့်သည် များ လာရောက်၍ သေမင်းတမန် မီးရထားလမ်းတွင် ပထမဆုံး ပြေးဆွဲခဲ့သော ကျောက်မီးသွေး စွမ်းအင်သုံး C-0522 မီးရထား စက်ခေါင်း အမည်းကြီးကို လည်းကောင်း၊ မြန်မာ-ယိုးဒယား သေမင်းတမန် မီးရထားလမ်း စတင်သည့် အထိမ်းအမှတ် နေရာသို့ လည်းကောင်း၊ ဆောက်လုပ်ဆဲ မီးရထားပြတိုက် သို့လည်းကောင်း လာရောက် လေ့လာကာ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသူ များလည်း ရှိသည်။

အဆိုပါပြတိုက်ကို နေ့စဉ် နံနက် ၇ နာရီမှ ည ၇ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ် ပြသလျက်ရှိပြီး အသက် ခုနစ်နှစ်အောက် ကလေး၊ သံဃာတော် များနှင့် သီလရှင်များ အတွက် ဝင်ကြေးမှာ အခမဲ့ဖြစ်ကာ အသက်ခုနစ်နှစ် အထက် ကလေးငယ်မှ စ၍ တစ်ဦးလျှင် ငွေကျပ် ၈ဝဝ ၊ နိုင်ငံခြား ခရီးသွား ဧည့်သည်တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ သတ်မှတ်ထားသည်။

ထိုမီးရထားလမ်း ပြတိုက်စီမံကိန်း ပြီးစီးပါက လေ့လာသူများ အနေဖြင့် သမိုင်းရာဇဝင် တွင်ခဲ့သော မီးရထားလမ်း နှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ၊ စစ်သုံ့ပန်း တို့၏ ပုံရိပ်များကို ပန်းချီ၊ ပန်းပုနှင့် 3D ဒီဇိုင်းပုံစံများဖြင့် ကြည့်ရှုခွင့် ရမည်ဖြစ်ကာ အမှတ်တရ လက်ဆောင်ပစ္စည်း အရောင်း ဆိုင်များ၊ ရေကူးကန်များ၊ ဟိုတယ်များနှင့် အပန်းဖြေ ကစားကွင်းများ ပါဝင်မည်ဖြစ် သဖြင့် လေ့လာ အပန်းဖြေ နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger