www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 28, 2016

ပိုမိုဆိုးရွားလာသော မပြီးဆုံးနိုင်သေးသည့် တောင်ကိုရီးယား အရှုပ်တော်ပုံ




( ရှိန်းထက် )

တောင်ကိုရီးယား နိုင်ငံ၌ သမ္မတ နုတ်ထွက်ပေးရေး ဆန္ဒပြ လှုပ်ရှား ဆောင်ရွက်မှု များသည် ရက်သတ္တ ငါးပတ်မြောက် ရှိလာပြီဖြစ်ပြီး သမိုင်းတွင် အကြီးမားဆုံး ဆန္ဒပြပွဲကြီး တစ်ခုအဖြစ် မှတ်တမ်းဝင် သွားပြီဖြစ်သည်။

ဒီမိုကရေစီအစိုးရ တက်လာသည့် ၁၉၈၇ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြပွဲဖြစ်ပြီး ယခုအခါ ဆန္ဒပြသူပေါင်း ၁ ဒသမ ၅ သန်းအထိ ဆိုးလ်မြို့လယ် ကောင်သို့ ရောက်ရှိ နေခြင်းဖြစ်သည်။

ဆိုးလ်မြို့အပြင် တောင်ကိုရီးယား နိုင်ငံ အတွင်းရှိ တခြားမြို့များ ၌လည်း လူပေါင်း သိန်းနှင့်ချီ၍ စုဝေးကာ သမ္မတ ပါ့ခ်ဂွမ်ဟေး ရာထူးမှ နုတ်ထွက်ပေးရေး ဆန္ဒပြပွဲ များကို ဆင်နွှဲနေကြပြီး သမ္မတ ပါ့ခ် ကတော့ ရာထူးက နုတ်ထွက် ပေးရေးကို ဖွင့်ဟ ပြောဆိုခြင်း မရှိသေးပေ။ ဥပဒေရေးရာ ပညာရှင်များက သမ္မတပါ့ခ် ကို တရားစွဲဆို နိုင်ရေး ကြိုးပမ်း နေကြပြီး ဥပဒေအရ သမ္မတကို အရေးယူ ဖြုတ်ချနိုင်ရန် ကြိုးစားနေသည်။

သို့သော်လည်း တောင်ကိုရီးယား နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ လက်ရှိ သမ္မတ ရာထူး ယူထားသူကို မည်သူကမျှ တရားစွဲဆို ပိုင်ခွင့်မရှိပေ။ ထို အတွက်ကြောင့် ဥပဒေ ပညာရှင်များက သမ္မတကို တရားစွဲဆိုရန် ယခုကဲ့သို့ ခက်ခဲနေကြ ရခြင်းဖြစ်သည်။ သမ္မတပါ့ခ် ကတော့ ဖြစ်ခဲ့သည့် အရာမှန် သမျှ သည် သူမ၏ အမှားများ ကြောင့်သာ ဖြစ်ကြောင်း ပြည်သူများကို နှစ်ကြိမ်တိုင်တိုင် ဝန်ခံတောင်းပန် ထားပြီး ဖြစ်သော်လည်း ပြည်သူများ ကတော့ လက်ခံရန်ဝေးစွ။ တစ်နေ့ထက် တစ်နေ့ပင် ဆန္ဒပြသူ အင်အား က ပိုများလာခဲ့သည်။ ဆန္ဒပြသူများ ထဲတွင် ဘုန်းတော်ကြီးများ၊ လယ်သမား များနှင့် တက္ကသိုလ် ကျောင်းသားများ အထိ ပါဝင်လာပြီး သမ္မတရာထူးမှ နုတ်ထွက်ရန် အရေးကိုသာ တောင်းဆို နေကြခြင်း ဖြစ်သည်။

ဆန္ဒပြသူများ အတွက် ရဲအင်အား ၂၅ဝဝဝ အထိ ချပေးထားပြီး ယခုအချိန်ထိ အကြမ်းဖက် ဆန္ဒပြမှုမျိုး မရှိသေးဘဲ ငြိမ်းချမ်းစွာပင် ဆန္ဒပြနေကြဆဲ ဖြစ်သည်။ တောင်ကိုရီးယား အရှုပ်တော်ပုံ ဖြစ်ပေါ် လာရခြင်းသည်
သမ္မတ၏ အရင်းနှီးဆုံး မိတ်ဆွေ ဖြစ်သည့် ချွဲဆွန်ဆေလ် က စတင်ခဲ့ခြင်း ဖြစ်သည်။ မစ္စချွဲကို ဖမ်းဆီးမိ သောအခါ ထိုအမှုသည် သမ္မတနှင့် ပတ်သက်မှုကို ပိုမို ကျယ်ကျယ် ပြန့်ပြန့် သိရှိလာရပြီး တောင်ကိုရီးယား ပြည်သူတိုင်း၏ စိတ်ဝင်စားမှုကို ခံခဲ့ရခြင်း ဖြစ်သည်။ မစ္စချွဲသည် သူ့ကိုယ်ကျိုး အတွက် သမ္မတ ပါ့ခ်ဂွမ်ဟေး ကိုအသုံးချပြီး အမေရိကန် ဒေါ်လာ သန်းနှင့်ချီ ရှာခဲ့သည်ဟု ဝေဖန်ခံ ထားရပြီး သမ္မတပါ့ခ် ကလည်း သူပြောမည့် မိန့်ခွန်းများနှင့် အရေးကြီး စာရွက်စာတမ်း များကိစ္စတွင် မစ္စချွဲ ကို ဝင်ရောက် ချယ်လှယ်ခွင့် ပေးထားသည် ဟု စွပ်စွဲခံ နေရခြင်း ဖြစ်သည်။

ထို့ကြောင့် တောင်ကိုရီးယား အတိုက်အခံ အုပ်စုဘက်က နိုင်ငံ၏ အကြီးဆုံးဖြစ်သော သမ္မတ အနေဖြင့် နောက်ကွယ်ကနေ ကြိုးဆွဲရာ ကနေရသော ရုပ်သေးရုပ် မဖြစ်သင့်ကြောင်း အယုံအကြည် မရှိသည့် ဝေဖန်သံ များကို မြှင့်တင်ခဲ့ပြီး ပါ့ခ်ဂွမ်ဟေး ရာထူးမှ နုတ်ထွက်ရေးကို ပိုမိုဖိအားပေး ခဲ့သည်။ ယခုတော့ တရားရုံး၌ မစ္စချွဲ ၏ အလွဲသုံးစားမှု အပါအဝင် တခြားပြစ်မှု များစွာနှင့် တရားစွဲခံ ထားရပြီး သမ္မတ ပါ့ခ်ဂွမ်ဟေး ကတော့ ပြည်သူရှေ့ကို မထွက်ရဲသည့် အနေအထား အထိ ဖြစ်နေသည်။ သမ္မတ နုတ်ထွက်ရေး လှုပ်ရှားမှုများ ကတော့ ပါ့ခ်ဂွမ်ဟေး ရာထူးမှ နုတ်ထွက် မပေးမချင်း ရပ်တန့်သွားရန် အရိပ်အယောင် မျှပင် မရှိသေးဘဲ ပို၍ပင်ဆိုးရွား လာနေသည်။

ဆန္ဒပြမှုများကြောင့် တောင်ကိုရီးယား ၏ စီးပွားရေးကို ထိခိုက်နိုင်ပြီး နိုင်ငံခြား ဆက်ဆံရေး များကိုလည်း ထိခိုက် စေနိုင်သည်။ ပုံမှန် အတိုင်းဆိုလျှင် ယခုအချိန် သည် တောင်ကိုရီးယား တို့ အမေရိကန်နှင့် ဆက်ဆံရေး ကို ရာနှုန်းပြည့် မျက်နှာမူ နေရမည့် အချိန် ဖြစ်သည်။ အမေရိကန်၌ သမ္မတ ဒေါ်နယ်ထရမ့်ပ် သမ္မတအဖြစ် အရွေးချယ် ခံရသည့် အချိန်တွင် တောင်ကိုရီးယား ၌ အဆင့်မြင့် လုံခြုံရေး အစည်းအဝေး ချက်ချင်းခေါ်ခဲ့ ရပြီး ထရမ့်ပ်နှင့် ဆက်ဆံရေး ချိန်ခွင်လျှာကို ညှိရန် အပြင်းအထန် ဆွေးနွေးခဲ့ ရသည်။

ယခုတော့ ပြည်ပ နိုင်ငံခြားရေး ထက် ပြည်တွင်းရေး ကိုပင် အလုံးစုံ မျက်နှာမူထား ရသည်။ အမေရိကန် သည် တောင်ကိုရီးယား အတွက် စစ်ရေးအရ မရှိမဖြစ် အလိုအပ်ဆုံး အရာဖြစ်သည်။ တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ ရာခိုင်နှုန်း အတော် များများကို အမေရိကန် စစ်ဘက်က ချုပ်ကိုင်ထားပြီး ကာကွယ်ရေး အတွက် အမေရိကန် တွင်လည်း တစ်စိတ်တစ်ပိုင်း တာဝန်ရှိသူ ဖြစ်သည်။

တောင်ကိုရီးယား သည် နျူကလီးယား လက်နက် မပြန့်ပွားရေး ငြိမ်းချမ်းရေး စာချုပ်တွင် လက်မှတ်ရေးထိုး ထားသောကြောင့် နျူကလီးယား လက်နက်ကို မည်သည့်အချိန်မျှ ထုတ်ခွင့် ရမည်မဟုတ်ဘဲ ထို နျူကလီးယား လက်နက်အစား အမေရိကန်က အကာအကွယ် ပေးရမည် ဖြစ်သည်။ အိုဘားမား လက်ထက်တွင် တောင်ကိုရီးယား တွင် THAAD ဒုံးကျည်စနစ် ချထားခွင့်ရရှိ ရေး အထိ ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး နောက်ဆုံး နျူကလီးယား ရေငုပ်သင်္ဘော ချထားနိုင်ရန် အထိပင် အလားအလာ ကောင်းမွန်ခဲ့သည်။

ဟီလာရီကလင်တန် သာ သမ္မတ ဖြစ်ခဲ့ပါက ထို မပြီးပြတ် သေးသည့် နျူကလီးယား သယ်ဆောင်နိုင်သော ရေငုပ်သင်္ဘော အရေး ဖြစ်လာနိုင်စရာ ရှိပြီး မြောက်ကိုရီးယား တို့ စစ်ဘက်က လှုပ်ရှား လာသမျှကို ကာကွယ်ရန် အဆင်သင့် ရှိနေမည်ဖြစ်သည်။ သို့သော်လည်း ထရမ့်ပ်သမ္မတ ဖြစ်လာ ခဲ့သည့်အခါ ထိုအရာများသည် ဖြစ်လာနိုင်ခြေ နည်းပါးသွားနိုင်ပြီး ရှိနေသည့် အရာများ ကိုပင် ပြန်ထုတ်သွားရန် အလားအလာ ရှိနေသည်။

တောင်ကိုရီးယား ရှိ အမေရိကန်၏ စစ်အသုံးစရိတ် သည် နှစ်စဉ် သန်းရာနှင့်ချီ ကုန်ဆုံး နေသောကြောင့် ထရမ့်ပ် ၏ မူဝါဒအရ ထို အသုံးစရိတ် များကို လျှော့ချမည် ဖြစ်သည်။ ယခု တောင်ကိုရီးယား၌ အမေရိကန်စစ်သည် အင်အား ၂၅ဝဝဝ ခန့်ရှိပြီး THAAD ဒုံးကျည်စနစ် တစ်ခုတည်းနှင့်ပင် အမေရိကန်တို့ တောင်ကိုရီးယား အတွက် အမေရိကန် ဒေါ်လာ သန်း ၈ဝဝ ကုန်ကျမည် ဖြစ်သည်။ ထိုအရာများကို ထရမ့်ပ်က နှစ်သက်သူ မဟုတ်ပေ။ 

ထို့ကြောင့် သမ္မတသစ်ထရမ့်ပ် လက်ထက် အမေရိကန်နှင့် ဆက်ဆံရေးကို ဦးတည်ရမည့် အချိန်တွင် ပြည်တွင်း ပြဿနာများက ရှင်းမရနိုင်အောင် ဖြစ်နေသည်။

အာဘေးက ထရမ့်ပ်နှင့် ပထမဆုံး တွေ့ဆုံမည့် နိုင်ငံ့ခေါင်းဆောင် ဖြစ်သည်။ ဂျပန်သည် ၄င်း၏ စစ်တပ်အတွက် အမေရိကန် ကို မရှိမဖြစ် အရေးပါဆုံးနိုင်ငံ ဖြစ်နေသောကြောင့် ဖြစ်သည်။ ထိုနည်းတူစွာ တောင်ကိုရီးယား အတွက်လည်း အမေရိကန် စစ်တပ်သည် မရှိမဖြစ် အရေးပါသည်။ သို့သော်လည်း ဂျပန် ပြည်တွင်းရေး လောက် တောင်ကိုရီးယား တို့မငြိမ်းချမ်း သောအခါ ထရမ့်ပ်နှင့် တွေ့ဆုံရန်ထက် ပြည်တွင်းရေး ကိုသာ ငြိမ်းချမ်းအောင် ပြုလုပ်ရန် အလုံးစုံ အလေးထား နေရသည်။ ယခုအချိန်သည် ဂျပန်နှင့် တောင်ကိုရီးယား အတွက် သမ္မတသစ် ထရမ့်ပ်နှင့် ဆွေးနွေးရန်ကို ရှေ့တန်းက ထားရမည့် အချိန်ကာလ ဖြစ်သည်။

သို့သော်လည်း သမ္မတပါ့ခ် ၏အခြေအနေ သည် ပြည်ပအရေးကို ခြေဦးလှည့်ရန် မဆိုထားနှင့် သူကိုယ်တိုင်ပင် သမ္မတအဖြစ် တည်မြဲနေရန်မှာ မသေချာ တော့သည့် အနေအထားတွင် ဖြစ်နေသည်။

စစ်ရေးတွင် မြောက်ကိုရီးယား တို့ကလည်း လစ်လျှင် လစ်သလို ဝင်ရောက် ကျူးကျော်ပြီး တောင်ကိုရီးယား စစ်ဘက်ကို ရန်စလျက်ရှိသည်။ ထို့ကြောင့် ၄င်းတို့အကြား မကြာခဏ ပြဿနာ ဖြစ်ပွားနေရခြင်း ဖြစ်ပြီး ယခုကဲ့သို့ တောင်ကိုရီးယား၏ ပြည်တွင်းရေး  မငြိမ်မသက် ဖြစ်နေချိန်တွင် မြောက်ကိုရီးယား တို့က အခွင့်ကောင်း ယူလာနိုင် သေးသည်။

ထို့ကြောင့် မပြီးပြတ် သေးသည့် သမ္မတ ပါ့ခ် ရာထူးမှ နုတ်ထွက်ပေးရေး ဆန္ဒပြမှုများသည် နိုင်ငံ၏ စီးပွားရေးကို သာမက စစ်ရေးနှင့် လုံခြုံရေးကိုပါ အဓိက ခြိမ်းခြောက်လာ နေပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger