www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 5, 2016

ကျင့်ဝတ်နှင့်ကိုက်ညီသော ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်း အစားထိုးကုသခြင်းများ ဖွံ့ဖြိုးတိုးတက်ရန် ပံ့ပိုး ဆောင်ရွက်ပေးမည်


ရန်ကုန် ၊ ၅-၁၀-၂၀၁၆

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် ကျင့်ဝတ်နှင့် ကိုက်ညီသော ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းခြင်း၊ အစားထိုး ကုသခြင်းများ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များ၊ ပညာရှင်များနှင့် ပြည်သူများကို ပံ့ပိုးဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး က ပြောသည်။

ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းခြင်းဆိုင်ရာ ဥပဒေကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေကို ပိုမိုကောင်းမွန် စေရန် ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းခြင်းဆိုင်ရာ နည်းဥပဒေ ရေးဆွဲနိုင်ရေး အတွက် ပထမအဆင့် ခြေလှမ်းအနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

တရားမဝင် ကိုယ်အင်္ဂါ ရောင်းဝယ်ဖောက်ကား ခြင်းများ၊ အရည်အသွေး မပြည့်မီသော ထုတ်ယူ သိုလှောင်ခြင်းများ၊ အစားထိုး ကုသမှုများ ထိန်းချုပ်နိုင်ရေး တို့ကို ဆောင်ရွက်ရန် ကျင့်ဝတ်နှင့် ကိုက်ညီသော လှူဒါန်းမှုများ၊ အစားထိုး ကုသမှုများ၊ ကုသမှုခံယူ သင့်သည့် မူဝါဒများချမှတ်ရန် အရေးကြီး နေပြီဖြစ်ကြောင်း ဒေါက်တာ မြင့်ထွေး က ဆက်လက် ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေအရ အစားထိုးကုသမှု အများစုကို ပြည်ပသို့ သွားရောက် ကုသမှုခံယူလျက် ရှိသဖြင့် နိုင်ငံတော်၏ ငွေကြေးများ ဆုံးရှုံးခြင်း၊ လူနာများအတွက် စရိတ်စက ပိုမိုကုန်ကျခြင်း၊ ငွေကြေး
ချို့တဲ့သူများ အတွက် ကုသမှုခံယူရန် မဖြစ်နိုင်ခြင်းများ ကြုံတွေ့နေ ရကြောင်း ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းခြင်းဆိုင်ရာ ကြီးကြပ်မှု ကော်မတီမှ သိရသည်။

ကိုယ်အင်္ဂါ အစားထိုး ကုသမှုများသည် ဆေးပညာ လောက၏ ပုံမှန်ကုထုံးများ အနေဖြင့် နိုင်ငံတကာတွင် တွင်ကျယ်စွာ ဆောင်ရွက်လျက် ရှိသကဲ့သို့ မြန်မာနိုင်ငံ တွင်လည်း အသည်းအစားထိုး ကုသခြင်းများ၊ ကျောက်ကပ် အစားထိုး ကုသခြင်း၊ မျက်ကြည်လွှာ အစားထိုး ကုသခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger