www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 7, 2016

လှံစိုက်မခံလိုလျှင် မြေမနိမ့်စေနဲ့


လှံစိုက်မခံလိုလျှင် မြေမနိမ့်စေနဲ့

ဇော်မင်းထွန်း (ရေနံချောင်း)

''မြေနိမ့်ရာလှံစိုက်'' ဆိုသော မြန်မာ့ရိုးရာ စကားပုံတစ်ခု ရှိသည်။ ၄င်း စကားပုံမှာ လူသုံးများ လှသည်။ သုံးစွဲရာတွင်လည်း နိမ့်ကျ နေသူကို ထပ်၍ချိုးနှိမ်ခြင်း ပြုလုပ်သည့် အခါ ပြုလုပ်သူ အပေါ် အပြစ်တင်သည့် သဘောဖြင့် ပြုလုပ်ခံရသူ သို့မဟုတ် ဘေး ပတ်ဝန်းကျင်မှ ပြောဆိုခြင်း ဖြစ်သည်။ ''ရေနစ်ရာ ဝါးကူထိုး''၊ ''ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ'' ဆိုသော စကားပုံ များနှင့်လည်း နှိုင်းယှဉ်၍ ရမည် ထင်ပါသည်။

၎င်း စကားပုံသည် လှံစိုက်ခံရသူ တို့ဘက်မှ ရှုမြင်သော အမြင်ကို ထင်ဟပ်စေသော စကားပုံ ဖြစ်သည်။ သို့သော် လှံစိုက်သူတို့ဘက် (ပြုလုပ်သူတို့ ဘက်)မှ အမြင်မှာမူ ဤသို့ ဟုတ်မည်မထင်။ တောလိုက်မုဆိုး များသည် ၄င်းတို့ အားသန်ရာ လက်နက် အမျိုးမျိုးကိုင်၍ တောလိုက်ရာတွင် လှံကိုင်မုဆိုးကို မုဆိုးချင်းက အသိအမှတ် ပြုရသည် ဆိုသည်။ ၄င်းတို့ကိုင်သော လှံသည် အလေးချိန် စီးရသည်။ ချွန်မြရသည်။ မုဆိုးကိုယ်တိုင် ကလည်း ၄င်း အလေးချိန် စီးသောလှံဖြင့် သားကောင်ကြီး များကို ပစ်ပေါက်နိုင်ရန် ခွန်အားဗလ တောင့်တင်းရသည်။ ကျွမ်းကျင်မှု ရှိရမည် ဖြစ်သည်။ ကျားနှင့်တွေ့လျှင် ကျားကို ထုတ်ချင်းခပ် ပစ်ပေါက်ထိုးစိုက် နိုင်ရမည်။ ဝံနှင့်တွေ့လျှင် ဝံကို ဖင်ထိုင်လဲ သွားအောင် ပစ်ခတ်နိုင် ရမည် ဖြစ်သည်။ သို့မှသာ ထိုမုဆိုးသည် တော၌ အသက်ရှင်သန် နိုင်မည်။

လှံကိုင်တောလိုက် မုဆိုးသည် တောလိုက်ရင်း တောထဲ၌ နားသည့်အခါ ၄င်း၏လှံကို မည်သည့်ပုံစံ ထား၍ နားမည်နည်း။ မြေကြီးပေါ်၌ အလျားလိုက် ချ၍ နားမည်မထင်။ ထိုသို့ နားခဲ့ပါက ရုတ်တရက် ပေါ်လာသော ကျား၊ ဝံတို့သည် မုဆိုးက လှံကိုကုန်း၍ ကောက်နေသည့် အချိန်၌ပင် မုဆိုးကို သတ်ဖြတ်ပြီး ဖြစ်မည်။ ထို့ကြောင့် မုဆိုးကလည်း လှံကို အသင့်ဖြစ်စေရေး မြေကြီးပေါ်၌ စိုက်၍ နားမည်ဖြစ်သည်။ သို့မှသာ ရုတ်တရက် ပေါ်လာသော အန္တရာယ်အား လျှပ်တစ်ပြက် အတွင်း လှံကိုစွဲနုတ်၍ ပစ်ပေါက် ကာကွယ် နိုင်မည်ဖြစ်သည်။ အကြင်မုဆိုးသည် လှံကို မြေသို့စိုက်၍ အသင့် ဖြစ်စေရေး ဆောင်ရွက် သည့်အခါ မိမိထိုင်၍ နားနေသော နေရာ၏ အနိမ့်ပိုင်း၌ လှံကိုစိုက် မည်လော၊ အမြင့်ပိုင်း၌ လှံကို စိုက်မည်လော ဆိုသည့် မေးခွန်း၏ အဖြေမှာမူ ရှင်းလင်းလှသည်။ အနိမ့်ပိုင်းကို သာ စိုက်မည် ဖြစ်ပါသည်။ သို့မှသာ အန္တရာယ် ကိုကာကွယ်ဖို့ ထ၍ မတ်တတ်ရပ် လိုက်ချိန်၌ လှံသည် လက်ထဲ၌ အသင့် ပါလာမည် ဖြစ်သည်။ အန္တရာယ် တွေ့ကြုံချိန်၌ မတ်တတ် အရင်ရပ်၊ ပြီးမှ အမြင့်ပိုင်းရှိ လှံကိုနုတ်၊ ပြီးမှ ပစ်ပေါက်ဆိုသော အဆင့်များ အတွက် မုဆိုး၌ အချိန်မရှိ။ ထို့ကြောင့် မုဆိုးဘက်မှ ကြည့်လျှင် ''မြေနိမ့်ရာသို့ လှံစိုက်ခြင်း'' သည် သူ့အလုပ် သူလုပ်ခြင်းသာ ဖြစ်သည်။ သူ့အသက်ရှင် ရပ်တည်နိုင်ရေး အတွက် ဆောင်ရွက်ခြင်းသာ ဖြစ်ပေမည်။

ဤတွင် မြေနိမ့်ခြင်းက အပြစ်လား၊ လှံစိုက်ခြင်းက အပြစ်လား ဆိုသည့် နှိုင်းယှဉ် စဉ်းစားစရာများ ပေါ်ပေါက် လာရတော့သည်။ သေချာတာ တစ်ခုကတော့ မြင့်နေသော မြေ၊ မြင့်နေသော ကျောက်ဆောင် ပေါ်သို့ မည်သည့်မုဆိုးမှ အပင်ပန်းခံ တက်ရောက် လှံစိုက်အံ့ မထင်။ လူ့ဘောင်လောက ၌လည်း ၄င်းနည်းတူ ဖြစ်မည် ထင်ပါသည်။ မိမိဘ၀ မြင့်ခြင်း ၊ နိမ့်ခြင်း ၊ မိမိ မိသားစုဘဝ မြင့်ခြင်း၊ နိမ့်ခြင်းသည် မိမိနှင့်သာ အများဆုံး သက်ဆိုင်ပါသည်။ မိမိဘ၀ ၊ မိမိ မိသားစုဘ၀ ကို မိမိကသာ မြှင့်တင် နိုင်ပါသည်။ မိမိကသာ နိမ့်ကျ စေနိုင်ပါသည်။ မိမိကြောင့် မိမိဘဝ၊ မိမိ မိသားစု ဘဝ နိမ့်ကျသွားပါက ဘေးပတ်ဝန်းကျင် မှ မရည်ရွယ် သော်လည်း လှံစိုက် သကဲ့သို့ ဖြစ်သွားရခြင်းများ မလွဲမသွေ ကြုံတွေ့ ရမည်ဖြစ် ပါသည်။ ၄င်းအချိန် ရောက်မှ လှံစိုက်ရက် လေခြင်းဟု ကြေကွဲနေ၍ မဖြစ်။ မြေမြင့်အောင် သို့မဟုတ် အနည်းဆုံး အဆင့် အများနှင့် တန်းတူရည်တူ တစ်ပြေးညီ ဖြစ်အောင် ကြိုးပမ်းအားထုတ် နေရမည် ဖြစ်ပါသည်။

လူတစ်ဦးချင်း ဘဝ၊ မိသားစု တစ်စုချင်း ဘဝ၌ပင် ပတ်ဝန်းကျင်ထက် နိမ့်ကျခဲ့ပါက ''မြေနိမ့်ရာလှံစိုက်'' ဆိုသော စကားပုံကဲ့သို့ ရိုက်ခတ်မှုများ ကြုံရပါမည် ဆိုလျှင် နိုင်ငံ တစ်နိုင်ငံချင်း ဆိုပါက ဆိုဖွယ်မရှိ တော့ပြီ။ ကမ္ဘာ့နိုင်ငံ အချင်းချင်း အကြား ပြိုင်ဆိုင်မှုမှာ လူတစ်ဦးချင်း၊ မိသားစု တစ်ခုချင်းထက် အဆများစွာ ကြီးမားသည်။ ကျယ်ပြန့်သည်။ အရှိန်မြင့်သည်။ ကာကွယ်ရေး စွမ်းအားချင်း ပြိုင်ဆိုင်မှုမှသည် GDP ၊ GNP နှိုင်းယှဉ်မှု၊ နိုင်ငံအချင်းချင်း ဘောလုံးပြိုင်ပွဲ များ၌ပင် သက်ဆိုင်ရာ နိုင်ငံအလံများ၊ နိုင်ငံအမည်များ ကိုင်ဆောင်အားပေး ဟစ်ကြွေးမှုများ သည် ပြယုဂ်များပင် ဖြစ်သည်။ ဤကဲ့သို့ အပြိုင်အဆိုင် ခေတ်ကြီးတွင် သူများနှင့် ရင်ပေါင်မတန်း နိုင်လျှင် အနာဂတ် အရေးမှာ မတွေးဝံ့စရာပင် ဖြစ်ပါသည်။ နိုင်ငံ အချင်းချင်း ရင်ပေါင်တန်း နိုင်ဖို့ဆိုလျှင် ဖွံ့ဖြိုးရေးကို မျက်ခြည် မပြတ်သင့်။ ဖွံ့ဖြိုးရေးကို ဦးဆောင်ရမည့် သူများမှာ နိုင်ငံ့ခေါင်းဆောင် များပင်ဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင် များသည် စစ်မှန်သော နိုင်ငံရေး၊ စစ်မှန်သော နိုင်ငံ့အရေးကို ထိထိ ရောက်ရောက် ဦးဆောင်နိုင်မှသာ နိုင်ငံ၏ဘဝ မနိမ့်ကျမည် ဖြစ်သည်။

နိုင်ငံရေး ဆိုသည်နှင့် ပတ်သက်၍ ဖွင့်ဆိုချက် အမျိုးမျိုး၊ အယူအဆ အဖုံဖုံရှိကြမည် ဖြစ်သော်လည်း နိုင်ငံရေး၏ စစ်မှန်သော အဓိပ္ပာယ်မှာ ''နိုင်ငံ့အရေးကို စီမံခန့်ခွဲရသော နိုင်ငံ တည်ဆောက်ရေး (State Building) ပင် ဖြစ်သည်။'' နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို ဦးဆောင်နိုင်သည့် တိုင်းပြု၊ ပြည်ပြု နိုင်ငံရေးသမား တစ်ယောက်ဖြစ်ဖို့ ဆိုလျှင် အဟောင်းကို ဖြိုချသော တော်လှန်ရေး မျှဖြင့်မပြီး အသစ် တည်ဆောက် နိုင်စွမ်းလည်း ရှိရမည်ဖြစ်သည်။ ပြောင်းလဲရုံနှင့် မပြီး။ တည်ဆောက်ခြင်းအား မကောင်းသေး သရွေ့ မြေနိမ့် နေဦးမည်သာ ဖြစ်ပါသည်။ မြေနိမ့်နေသေး သရွေ့ စိုက်လိုသော လှံများလည်း ရှိနေဦးမည် ဖြစ်ပါသည်။ လှံစိုက်ခြင်း ၊ မစိုက်ခြင်း  ကား သူ့အလုပ်။ မြေနိမ့်ခြင်း မနိမ့်ခြင်းကား ကိုယ့်အလုပ် ဖြစ်ပါကြောင်း ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger