www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 17, 2016

အနာဂတ်မျိုးဆက်သစ် တပ်ဖွဲ့ဝင်များ၏ စခန်းသွင်းအားမာန်


အနာဂတ်မျိုးဆက်သစ် တပ်ဖွဲ့ဝင်များ၏ စခန်းသွင်းအားမာန်

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် အခြေခံ ( ပထမ/ဒုတိယ) နှစ်နှင့် တန်းမြင့် (ပထမ)နှစ် စစ်ပညာသင်တန်းသို့ ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့နယ် ၊ မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ် ၊ မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ် နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် တို့ရှိ နယ်မြေခံ သင်တန်းကျောင်း များတွင် တက္ကသိုလ် လေ့ကျင့်ရေးတပ်မှ တပ်ဖွဲ့ဝင် ဆရာ ၊ ဆရာမ ၊ ကျောင်းသား ၊ ကျောင်းသူ စုစုပေါင်း ၁၄၁၁ ဦးသည် မိုးရာသီ စခန်းချ လေ့ကျင့်ရေး သင်တန်းကို အောက်တိုဘာ ၁ ရက်မှ ၃ဝ ရက်အထိ လေ့ကျင့်သင်ကြား နေပြီဖြစ်သည်။ အမှတ်(၄) တက္ကသိုလ် လေ့ကျင့်ရေးတပ်မှ သင်တန်းတွင် တက်ရောက် နေသည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် ရှိ တောင်ကြီး တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၏ သင်တန်းနှင့် ပတ်သက်သည့် ရင်ဖွင့်စကားသံများကို ဖော်ပြလိုက် ပါသည်-

ဒုတိယဗိုလ်မှူးကြီး ညီညီလွင် (အမှတ်(၄) စစ်အခြေခံ လေ့ကျင့်ရေးတပ် ၊ ဒုတိယတပ်မှူး )

ဒီသင်တန်း ဖွင့်လှစ်ပို့ချရတဲ့ ရည်ရွယ်ချက် ကတော့ သုံးခုရှိပါတယ်။ တစ်ခုကတော့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ တက္ကသိုလ် ပညာကို သင်ယူရင်း တစ်ဖက်တစ်လှမ်း ကနေ စစ်ပညာကို သင်ကြား လေ့ကျင့်နိုင်ရန် နှင့် တက္ကသိုလ် ပညာ ပြီးဆုံးသွားတဲ့ အချိန်မှာ တပ်မတော်မှာ အရာရှိတွေ၊ အမှုထမ်းတွေ အဖြစ် ဝင်ရောက် အမှုထမ်း ဆောင်နိုင်ရန် အတွက် ဒီစစ်ပညာကို လေ့ကျင့်သင်ကြား ပေးခြင်း ဖြစ်ပါတယ်။ နံပါတ်(၂) အချက်အနေနဲ့ ကတော့ စစ်ပညာကို သင်ကြား လေ့ကျင့် ပေးထားပြီ ဖြစ်တဲ့အတွက် အရေးကြုံလာရင် ဒီတပ်ဖွဲ့ဝင် တွေဟာ နိုင်ငံတော် အတွက် အရန် အင်အားစု အဖြစ် စုဖွဲ့ထားခြင်းပဲ ဖြစ်ပါတယ်။ နောက်ဆုံး အချက် အနေနဲ့ ကတော့ ပြည်သူ့စစ် မဟာဗျူဟာ အခြေခံ သဘောတရား တွေကို သိရှိ နားလည် စေရန် ဒီရည်ရွယ်ချက် သုံးခုနဲ့ ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်။

ဗိုလ်ကြီး စိုင်းထွန်းထွန်းအောင် (သင်တန်းမှူး)

တက္ကသိုလ် လေ့ကျင့်ရေးတပ် (တောင်ကြီး) ကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ အခြေခံ စစ်ပညာ သင်တန်း ပထမနှစ်ကို စတင်ဖွင့်လှစ်ခဲ့ တာကတော့ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှာ စတင်ဖွင့်လှစ် သင်ကြားပေး ခဲ့ပါတယ်။ သာမန် သင်တန်းချိန် ကိုတော့ သြဂုတ် ၃၁ ရက်အထိ ဖွင့်လှစ် သင်ကြားပေး ခဲ့ပြီး မိုးရာသီ စခန်းချ သင်တန်း ကိုတော့ အောက်တိုဘာ ၁ ရက်ကနေ ၃ဝ ရက်အထိ ဖွင့်လှစ်သင်ကြား ပို့ချ ပေးသွားမှာ ဖြစ်ပါတယ်။ ဒီသင်တန်း ဖွင့်လှစ်ဖို့ တက္ကသိုလ် လေ့ကျင့်ရေးတပ် အတွက်ကို အကြံပေး အဖွဲ့ အနေနဲ့ တက္ကသိုလ် အသီးသီးမှာ ရှိတဲ့ ပါမောက္ခချုပ်တွေ၊ တပ်ရင်းမှူး၊ ဒုတိယ တပ်ရင်းမှူး တွေအတွက် လျာထားတဲ့ ပါမောက္ခတွေ၊ ဆရာကြီး တွေနဲ့ အကြံပေး ကောင်စီ အစည်းအဝေး ခေါ်ရပါတယ်။ ဒီအကြံပေး ကောင်စီ အစည်းအဝေး က ဆုံးဖြတ်ချက်နဲ့ အတူ ကျောင်းတွေမှာ လက်ကမ်း စာစောင်လေး တွေလိုက်ဝေ ပါတယ်။ ပြီးတော့ စစ်ပညာ သင်တန်း တက်ရောက်ဖို့ အတွက် နံရံကပ် စာစောင်တွေကို ကျောင်းတွေမှာ ကပ်ပေးပါတယ်။ နောက်ပြီး ကိုယ်တိုင် ဆန္ဒပြု လျှောက်လွှာ တွေကို မေဂျာ အလိုက် လိုက်ဝေပေး ထားပါတယ်။ သတ်မှတ်ထားတဲ့ အရည်အချင်း ခုနစ်ချက်နဲ့ ပြည့်စုံ တယ်ဆိုရင် ပဏာမ ကျန်းမာရေး ဆေးစစ်ချက် တွေ လုပ်ခဲ့ရပါတယ်။

ဦးအောင်ချမ်းငြိမ်း  (တောင်ကြီးတက္ကသိုလ် သင်္ချာဌာန လက်ထောက်ကထိက)

ဒီသင်တန်းကို ကိုယ်တိုင် စိတ်ပါဝင်စားလို့ တက်ရောက်ဖြစ်ခဲ့ တာပါ။ တက်ရောက်ဖြစ်ခဲ့ တဲ့အတွက်လည်း အများကြီး အကျိုးရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီသင်တန်းက အပြင်မှာ သင်ယူလို့မရတဲ့ အတွေ့အကြုံ ကောင်းတွေ ရပါတယ်။ အားလုံးလည်း တက်ထားသင့် ပါတယ်။ ဒါမှလည်း နောင်တစ်ချိန် တိုင်းပြည်ရဲ့ အနာဂတ်မှာ ပြည်သူ့စစ် မဟာဗျူဟာ ကိုအခြေခံတဲ့ နိုင်ငံတော် ကာကွယ်ရေး ကဏ္ဍမှာ ကျွန်တော်တို့ တစ်တွေ ပါဝင်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နောင်တစ်ချိန် တိုင်းပြည်အတွက် လိုအပ်လာရင် နိုင်ငံတော်ကာကွယ်ရေး အမြင်ကို သိရှိပြီး လိုအပ်တဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ထမ်းဆောင် နိုင်ဖို့အတွက် အားလုံးတက်ရောက် သင့်ပါတယ်။

မောင်ဟန်ပိုင်ထက် (တောင်ကြီးတက္ကသိုလ် ဘူမိဗေဒ နောက်ဆုံးနှစ်)

ကျွန်တော် ဒီသင်တန်းကို တက်ရောက်လာတဲ့ ရည်ရွယ်ချက် ကတော့ ကျွန်တော်က စစ်ပညာကို ငယ်စဉ်ကတည်းက စိတ်ဝင်စား ခဲ့တာပါ။ အခုလို တပ်မတော်က စနစ်တကျ သင်ကြားပေးတာ ကိုပဲ ကျေးဇူးတင် ပါတယ်။ ဒီသင်တန်းကို တက်ရောက်ခွင့် ရတဲ့အတွက် အလေ့အကျင့် ကောင်းတွေ အများကြီး ရလာပါတယ်။ အချိန်ကို အကျိုးရှိရှိ အသုံးချတတ် လာပါတယ်။ ဒါ့အပြင် စည်းစနစ်တကျ နေတတ် လာပါတယ်။ အသေးအဖွဲ ကအစ စည်းကမ်းတကျ လုပ်ဆောင်တတ် လာပါတယ်။ တစ်ချိန်မှာ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့ စစ်သားကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားမှာပါ။

မမိုးသူဇာထွေး (တောင်ကြီး တက္ကသိုလ် ဓာတုဗေဒ နောက်ဆုံးနှစ်)

ဒီသင်တန်းကို တက်ရောက်ဖြစ် တာက စစ်ပညာကို စိတ်ဝင်စားလို့ တက်ရောက် ဖြစ်တာပါ။ ဒီသင်တန်းမှာ အချိန်တွေကို စည်းကမ်းတကျနဲ့ အသုံးချတတ် လာတယ်။ ကျွန်မရဲ့ သူငယ်ချင်းတွေ ကိုလည်း ဒီသင်တန်းကို တက်ရောက်ဖို့ တိုက်တွန်းသွား မှာပါ။ အခုသင်တန်းဟာ ဆိုရင် အပြင်မှာ အခကြေးငွေ ပေးပြီး တက်လို့လည်း မရတဲ့ အတွက်ကြောင့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ တိုင်း တက်ရောက်သင့် ပါတယ်။ နောင်တစ်ချိန် မှာလည်း တိုင်းပြည်အတွက် လိုအပ်လာရင် တိုင်းပြည်ရဲ့ အရန် အင်အားစု တစ်ခုအနေနဲ့ စုဖွဲ့ထား ပါတယ်။ စစ်ပညာကို သင်ကြားရတဲ့ အတွက်လည်း ကျွန်မ အရမ်းဂုဏ်ယူ မိပါတယ်။ တိုင်းသူ ပြည်သားတွေ အတွက် တပ်မတော်ဟာ ကျေးဇူးတကယ် ကြီးမားပါတယ်။ ဘာလို့လဲ ဆိုတော့ တပ်မတော်ဟာ တိုင်းပြည်အတွက် တံတိုင်းကြီး တစ်ခုလို အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ပေး ထားပါတယ်။ နိုင်ငံသူ၊ နိုင်ငံသားတိုင်း ဟာလည်း ဒီပညာကို တတ်သင့်ပါတယ်။ နောင်တစ်ချိန်မှာ နိုင်ငံတော်ကို ကာကွယ်ဖို့ အတွက်ကို နည်းစနစ် တွေကို တတ်သိလာပါတယ်။

အဆိုပါ အမှတ်(၄) တက္ကသိုလ် လေ့ကျင့်ရေးတပ် (တောင်ကြီး)မှ မိုးရာသီစခန်းချ သင်တန်းကို ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့ရှိ အမှတ်(၄) စစ်အခြေခံ လေ့ကျင့်ရေးတပ် တွင် အောက်တိုဘာ ၁ ရက်မှ စတင်ဖွင့်လှစ် သင်ကြားပေးလျက် ရှိရာ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် တောင်ကြီး တက္ကသိုလ်မှ ဆရာခုနစ်ဦး၊ ဆရာမသုံးဦး၊ ကျောင်းသား ၄၃ ဦး၊ ကျောင်းသူ ၈၆ ဦး၊ တောင်ကြီး ကွန်ပျူတာ တက္ကသိုလ်မှ ဆရာမ တစ်ဦး၊ ကျောင်းသား ၁၆ ဦး၊ ကျောင်းသူ ၂၁ ဦး၊ တောင်ကြီး နည်းပညာ တက္ကသိုလ်မှ ဆရာတစ်ဦး၊ ကျောင်းသား ၂ဝ ဦး၊ ကျောင်းသူ ၂၁ ဦး၊ ၂ဝ၁၅- ၂ဝ၁၆ ပညာသင်နှစ် တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂၁၉ ဦး တက်ရောက် ခဲ့ပြီး နိုင်ငံတော် ကာကွယ်ရေးနှင့် ပတ်သက်၍ စိတ်ပါ ဝင်စားသည့် ကျောင်းသား၊ ကျောင်းသူများ တိုးတက် လာသောကြောင့် နိုင်ငံတော် ကာကွယ်ရေး အတွက် လေ့ကျင့်သား ပြည့်ဝသည့် ကာကွယ်ရေး အရန်အင်အားစု ဖြစ်လာစေရန် လေ့ကျင့် ဆောင်ရွက်လျက် ရှိကြောင်း ရေးသားဖော်ပြ လိုက်ရ ပါသည်။ 

ကျော်လွင်

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger