www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 9, 2016

ရေနွေးညသိပ် အဆိပ်ထက်ပြင်း


ရေနွေးညသိပ် အဆိပ်ထက်ပြင်း

ကြည်လွင်မြင့် (မုဒြာ)

စာရေးသူထံသို့ နယ်မြို့မှ စာဖတ်ပရိသတ် တစ်ဦးက သူ့ကျန်းမာရေးနှင့် ပတ်သက်ပြီး မေးမြန်းချက် တစ်ခုကို ပြန်လည်ဖြေကြား ပေးရာမှ သတင်းစာ ဖတ်ရှုသူ များပါ သိသင့်သိထိုက် သော အကြောင်းအရာ ဖြစ်သဖြင့် ဆောင်းပါးအဖြစ် ရေးသားတင်ပြ လိုက်ရပါသည်။

''ဆရာခင်ဗျား။ လွန်ခဲ့သော ရက်ပိုင်းက ကျွန်တော်၏ မိတ်ဆွေတစ်ဦး အိမ်သို့ စာပေ ဟောပြောပွဲ ကိစ္စ တိုင်ပင် ဆွေးနွေးရန် သွားပါတယ်။ ထုံးစံအတိုင်း ဧည့်သည်လာလျှင် အိမ်ရှင်က စားသောက်စရာ တစ်ခုခုဖြင့် ဧည့်ခံပါတယ်။ အိမ်ရှင်၏ သမီးငယ်က ကော်ဖီမစ် ဖျော်တိုက်တယ်။ ဖြစ်ပုံမှာ ကော်ဖီမစ် ဖျော်သောအခါ ဓာတ်ဘူးထဲမှ ရေနွေးမှာ လွန်ခဲ့သော ညက ထည့်ထားသော ရေနွေး ဖြစ်သဖြင့် သိပ်မပူတော့ပါ။ ကော်ဖီမစ် မပျော်ပါ။ ထို့ကြောင့် ဖျော်ပြီး ကော်ဖီကို မတ်ခွက်တွင် ထည့်ပြီး လျှပ်စစ်မီးဖိုဖြင့် ပြန်အပူ ပေးသည်။ ကော်ဖီတစ်ဝက်ခန့် ခန်းသွားသည်။ ထိုကော်ဖီမစ် သောက်လာပြီး အိမ်ပြန်ရောက်ပြီး ညတစ်နာရီ ခန့်မှာ ထပြီးအန် ပါတယ်။ စားထားသမျှ အစာမှန်သမျှ အကုန် အန်သွားတယ်။ တော်တော်လေး အန်ပြီး မောသွားမှ ညအိပ်ပျော် သွားပါတယ်။ မနက်ထတော့ နေကောင်း သော်လည်း အစာစားချင် စိတ်မရှိ၊ နုံးနေပါတယ်။ ကော်ဖီမစ် ကြောင့် ဖြစ်တာလား။ ဓာတ်ဘူးထဲက ရေနွေးကို ပြန်နွှေး သောက်လို့ ဖြစ်တာလား သိချင်ပါတယ် ဆရာ'' လို့ စာရေးပြီး မေးမြန်းလာ ပါတယ်။

စာရေးသူဟာ သတင်းစာ၊ ဂျာနယ်များမှာ တိုင်းရင်း ဆေးပညာ ရှုထောင့်မှ ကျန်းမာရေး ဆောင်းပါးများ ရေးသားခဲ့တာ ၁၉၉၂ ခုနှစ်မှ ယနေ့အထိ အနှစ် ၂ဝ ရှိခဲ့ ပါပြီ။ မှတ်မိသမျှ ကျန်းမာရေး ဆောင်းပါး အပုဒ်ရေ ၁ဝဝ ခန့် ရေးသားခဲ့တယ် ထင်ပါတယ်။ တိုင်းရင်း ဆေးပညာ သို့မဟုတ် ရိုးရာ ဆေးပညာ အယူအဆ ရှုထောင့်များမှာ အနောက်တိုင်း ဆေးပညာနဲ့ ကွာခြားချက်များ ရှိပါတယ်။ တူညီတဲ့ အချက်များရှိ သလို ကွဲလွဲတဲ့ အချက်များလည်း ရှိပါတယ်။ အထူးသဖြင့် လေ(ဝါယော)နဲ့ ပတ်သက်တဲ့ အယူအဆ တွေမှာ အနောက်တိုင်း ဆေးပညာနဲ့ မမြင်နိုင်တဲ့ ထူးခြားမှုတွေ အများကြီး ရှိပါတယ်။

အနောက်တိုင်း ဆေးပညာရဲ့ ခန္ဓာဗေဒ (Anatomy) ကို ယခုခေတ်မီ တိုင်းရင်းဆေး ပညာသင်တန်း တွေမှာ သင်ကြားရ ပါတယ်။ ရှေးတုန်းက မြန်မာ ဆေးဆရာ တွေမှာ ခန္ဓာဗေဒ မကျွမ်းကျင်လို့ အသည်း ဘယ်နေရာမှာ ရှိမှန်းမသိ၊ အဆုတ် ဘယ်နေရာမှာ ရှိမှန်းမသိ၊ ပန်ကရိယ ဆိုတာ ဘာမှန်းမသိ၊ ကျောက်ကပ် နှစ်ခု ဘယ်နေရာမှာ ရှိမှန်းမသိ။ အူအတက် ဘယ်နေရာမှာ ရှိမှန်းမသိ ဖြစ်ခဲ့ကြပေမယ့် စနစ်တကျ တိုင်းရင်းဆေး သိပ္ပံ၊ တက္ကသိုလ် တွေ ဖွင့်လှစ်သင်ကြား ပေးတဲ့အခါ မှာတော့ မသိတာ မရှိတော့ပါဘူး။

ဒါပေမဲ့ တိုင်းရင်းဆေး ပညာ ခန္ဓာဗေဒမှာ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ အာကာသ ခေါ်တဲ့ ပဉ္စဘုတ်နဲ့ ဖွဲ့စည်းထားတဲ့ ကိုယ်ခန္ဓာ သုံးဆယ့်နှစ် ကောဋ္ဌာသ မှာ လှည့်လည်နေတဲ့ လေမျိုးရှစ်ဆယ်၊ ခန္ဓာကိုယ် အနှံ့အပြားမှာ သွားလာလှုပ်ရှား၊ တွန်းကန်၊ ထောက်ပံ့ နေတဲ့ လေအမျိုးမျိုးကို အနောက်တိုင်း ဆေးပညာရှင် များ မြင်ရအောင် ဓာတ်မှန်ရိုက်မပြ နိုင်ပါဘူး။ တိုင်းရင်းဆေး ပညာဟာ အပင်၊ အသီး၊ အရွက်၊ အခေါက် တွေကို အမှုန့်ပြုပြီး ဆေးဖော်တဲ့ ပညာသက် သက် မဟုတ်ပါဘူး။ ဆေးတစ်ခွက်မှ မပေးဘဲ အယူအဆ အမှား၊ အနေအထိုင် အစားအသောက် အမှားကြောင့် ရောဂါ မဖြစ်ရအောင် ညွှန်ပြကာကွယ် ပေးနိုင်တဲ့ ပညာဖြစ်ပါတယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တယ် မဟုတ်ပါလား။

အထက်ပါ စာရေးဆရာ၏ မေးမြန်းချက်ကို တိုင်းရင်း ဆေးပညာ ရှုထောင့်မှ စာရေးသူ၏ အမြင်ကို ရေးသားတင်ပြ ဖြေကြား လိုပါတယ်။ ဖြစ်စဉ်ကို လေ့လာကြည့်တဲ့ အခါ-
  • - မိတ်ဆွေအိမ်က ကော်ဖီမစ်နဲ့ ဧည့်ခံတယ်။
  • - ကော်ဖီမစ်ကို ဓာတ်ဘူးထဲက ရေနွေးနဲ့ ဖျော်တယ်။
  • - ဓာတ်ဘူးထဲက ရေနွေးက အေးနေလို့ ကော်ဖီမစ် မပျော်ဘူး။
  • - ကော်ဖီမစ် ဖျော်ထားတဲ့ ခွက်ကို လျှပ်စစ်မီးဖို နဲ့ ထပ်အပူပေးတယ်။
  • - အပူပေးလွန်ပြီး ကော်ဖီမစ် တစ်ဝက် ခန်းသွားတယ်။
  • - ညနေ ခြောက်နာရီက သောက်ပြီး ပြန်လာခဲ့တယ်။ ည တစ်နာရီခွဲခန့်မှာ ထအန်တယ်။ ဗိုက်ထဲရှိ သမျှ အစာအကုန် အန်ထွက် သွားတယ်။
  • - နောက်နေ့မှာ မိတ်ဆွေကို ပြောပြတော့ သောက်သွားတဲ့ ကော်ဖီမစ်ကြောင့် ဖြစ်တယ် ထင်တယ်လို့ ယူဆပါတယ်။ အဲဒီအထင် မှန်၊ မမှန် ထင်မြင်ချက် တောင်းတယ်လို့ ယူဆပါတယ်။

(၁) ကော်ဖီမစ် အကြောင်း ပြောလိုပါတယ်

ကော်ဖီဆိုတာ အတော်အသင့် သောက်ရင် ကောင်းကျိုးတွေ ရှိလို့ တစ်ကမ္ဘာလုံးက လက်ခံထား ပါတယ်။ ဒါပေမဲ့ ကော်ဖီမစ် ကတော့ တစ်ကမ္ဘာလုံး လက်ခံတဲ့ အနေအထားမှာ မရှိပါဘူး။ ဓာတုဗေဒ ပစ္စည်းတွေ ရောနှော ပါဝင်တာ သေချာပါတယ်။ ဒီနှစ် မတ်လထုတ် ဇီဝက ကျန်းမာရေး မဂ္ဂဇင်းမှာကို ဆရာကြီး ဒေါက်တာ ခင်မောင်ဝင်း (အသည်းအထူးကု ဆရာဝန်ကြီး) က ဆွေးနွေးခန်းမှာ- ''Chemical Dye လို့ ခေါ်တဲ့ ဓာတုဗေဒ ဆိုးဆေးတွေ အများကြီး သုံးနေကြတယ်။ ကော်ဖီမစ်တွေမှာ ကော်ဖီပါချင်မှ ပါမှာ။ ကျွန်တော့် တပည့်တွေ ဆိုရင် ကော်ဖီမစ် သောက်ပြီး ရင်တွေဘာတွေ တုန်လို့၊ ကော်ဖီပါရင် ဘယ်လိုလုပ် မြန်မာငွေ ကျပ် ၅ဝ နဲ့ ရောင်းနိုင် မှာလဲ။ ကြိုက်တဲ့၊ လိုချင်တဲ့ အနံ့ကို လန်ဒန်မှာ ကုမ္ပဏီ တစ်ခုရှိတယ်။ ပို့လိုက်လို့ တစ်လကြာရင် လိုချင်တဲ့ ပုံစံရလာတယ်။ အဲဒီတော့ အစားအစာတွေ၊ ဖျော်ရည် တွေ၊ လက်ဖက်တွေ အားလုံး ဆိုးဆေးတွေ ချည်းပဲဖြစ်လို့ အစားအသောက် သန့်ရှင်းမှု (Food Hygiene) နဲ့ ပတ်သက်လို့ ကျွန်တော်တို့တွေ အများကြီး ပြုပြင်ဖို့လို ပါသေးတယ် လို့ ပြောချင် ပါတယ်'' ဒါက ဆရာကြီး ဦးခင်မောင်ဝင်း ရဲ့ ဟောပြောချက်ပါ။

(၂) ကျွန်တော့်ရဲ့တိုင်းရင်းဆေးပညာရှုထောင့်အမြင်

ကတော့ ကော်ဖီမစ်ကို ဖျော်တဲ့ ရေနွေး အကြောင်း ပြောချင်ပါတယ်။ ရေကို အနောက်တိုင်း ကတော့ H2O ပဲ သိကြပါတယ်။ တိုင်းရင်းဆေး မှာတော့ ရေအမျိုးမျိုး ရှိပါတယ်။ ရေအေး၊ ရေနွေး၊ သောက်တော်ရေ၊ ပရိတ်ရေ၊ မိုးရေ၊ မိုးခါးရေ၊ မြစ်ရေ၊ ချောင်းရေ၊ တွင်းရေ၊ တောင်ကျရေ၊ ဖက်ဆွတ်ရေ၊ ကျောက်တွင်းရေ၊ အင်းအိုင်ရေ၊ ကန်ရေ၊ ကျုံးရေ၊ ရေထွက်ချောင်းရေ၊ စိမ့်စမ်းရေ၊ သဲတွင်းရေ၊ လယ်ကွက်ရေ၊ ကျောက်စက်ရေ၊ ရေနီ၊ ရေပြာ၊ ရေဝါ၊ ရေသေ၊ ရေရှင် စသည်ဖြင့် ရေအမျိုးမျိုး၊ ဂုဏ်သတ္တိ အမျိုးမျိုးရှိ ပါတယ်။ ဒီရေတွေကြောင့် ကျန်းမာတာ၊ မကျန်းမာ တာတွေ ဖြစ်နိုင်ပါတယ်။

ရေကို မီးနဲ့ အပူပေး လိုက်တဲ့အခါ ပွက်ပွက်ဆူ သွားရင် ရေနွေးလို့ ခေါ်ပါတယ်။ ဒီရေထဲမှာ ဥဏှတေဇောဓာတ် ရှိနေတယ်။ ဒီဓာတ်က ဝမ်းမီးတောက်ပြီး အစာကြေ စေတဲ့ ဓာတ်ပါ။ အဲဒီရေနွေးက အအေးခံထားရင် ရေကျက်အေး ဖြစ်သွားပါတယ်။ ပိုးမွှား ကင်းစင်ပြီး ဝမ်းကိုထိန်း ပါတယ်။ ဝမ်းပျက်၊ ဝမ်းလျှောခြင်းကို ကာကွယ်ပါတယ်။ ဒါပေမဲ့ ခေတ်ပေါ် ဓာတ်ဘူးမှာ ရေနွေးကို လှောင်ထားတဲ့အခါ အတွင်းက တေဇောဓာတ် ရှိနေသမျှ ရေနွေး ဖြစ်နေပါတယ်။ ဓာတ်ဘူးထဲမှာ အချိန်ကြာတော့ တေဇောဓာတ် ပျက်သွားပါတယ်။ ဒီရေနွေး အအေးကို မသောက်သင့်  ပါဘူး။ လှောင်ပြီး ဓာတ်ပျက် သွားတဲ့ ရေနွေးပျက် ဖြစ်သွားတဲ့ အတွက် သောက်ရင် အစာအိမ်ကို ဒုက္ခပေးပြီး လေကိုအန် စေနိုင်ပါတယ်။ ဓာတ်ဘူးထဲမှာ အေးနေတဲ့ ရေနွေးပျက်ကို သောက်ရင် အန်တတ် ပါတယ်။ ပြန်နွှေးသောက်ရင် ပိုဆိုးပါတယ်။ ဓာတ်ပျက် ပြီးသား ရေနွေးကို အပူပြန်ပေးရင် တေဇောလွန်၊ ဝါယော ပျက်ပြီး သောက်သုံးသူကို အဆိပ်ဖြစ်စေ နိုင်ပါတယ်။

တချို့လူတွေ ဓာတ်ဘူးထဲမှာ လက်ဖက်ခြောက် ခတ်ထားပြီးသား ရေနွေးကို ညအိပ် ထားပြီးနောက် အမှတ်မထင် သောက်မိတတ် ပါတယ်။ ''ရေနွေးညသိပ်၊ အဆိပ်ထက်ပြင်း'' လို့ သိမ်ဖြူ ဆရာတော်ကြီး က အာယုဗ္ဗေဒ သင်ခန်းစာမှာ ပြောဖူးပါတယ်။ အစာအိမ် ထဲမှာ အဆိပ်ဖြစ်ပြီး အော့အန်ခြင်း ဖြစ်စေနိုင်ပါတယ်။ ရေနွေးကို ဓာတ်ဘူးနဲ့ ထည့်သောက် သူများ သတိထား စေချင်ပါတယ်။ တခြား သတိထားမိတဲ့ အချက်တစ်ခု ကတော့ ဓာတ်ဘူး အတွင်းမှာ သုတ်လိမ်းထားတဲ့ ပြဒါးတွေဟာ ကြာရင်ပျက်ပြီး ကွက်မည်းလာတာ တွေ့ရပါတယ်။ ကျွတ်ထွက် သွားတဲ့ ပြဒါးအမှုန့်အစ တွေဟာ ရေထဲမှာပါ သွားပြီး သောက်သုံးသူရဲ့အစာအိမ်ထဲ ရောက်သွားရင် ပြဒါးဆိပ် သင့်နိုင် ပါတယ်။ ရေကျက်အေး နဲ့ ပတ်သက်လို့ ရှေးက ဆေးကျမ်းတွေမှာ အထောက်အထား နဲ့ ရှာကြည့်တဲ့ အခါ ယောအတွင်းဝန် ဦးဘိုးလှိုင် ရဲ့ နာမည်ကြီး ထင်ရှားတဲ့ ဥတုဘောဇန သင်္ဂဟကျမ်း မှာ တွေ့ရတာက 

ရေကျက်အေး ။ ။ ဥတုအားလျော်စွာ ချက်အပ်ပြီးသော ရေနွေးကို အေးစေပြီးမှ သောက်အပ်သော အနာတို့ကား ကိုယ်ပူသော အနာ၊ ဝမ်းပျက်နာ၊ သည်းခြေနာ၊ သွေးနာ၊ မူးဝေသောအနာ၊ သေအရက် ယစ်ခြင်း၊ အဆိပ်သင့်ခြင်း တို့ကိုလည်းကောင်း၊ ဆီးချုပ်သော မုတ္တကိတ်နာ၊ ပဏ္ဍုနာ၊ ရေငတ်သော အနာ၊ အော့အန်သော အနာ၊ မောပန်းသော အနာ၊ သေအရက် တို့ကို သောက်အား ကြီးသောကြောင့် ဖြစ်သောအနာ၊ သိန္နိပါတ်အနာ တို့ကို လည်းကောင်း ဤအနာတို့၌ ရေကျက်အေး သည် သင့်၏။ ချက်ပြီး၍ အလိုအလျောက် အေးသော ရေကျက်အေး သည် ဒေါသသုံးပါးလုံး ကို နိုင်၏။ အေး၏။ အဆီ သြဇာမရှိ။ သွေးလေ အရသာကြော တို့ကို မလေးလံစေ တတ်၊ နွမ်းနယ်ခြင်း၊ ရေငတ်ခြင်း၊ အဖျားတို့ကို နိုင်၏။ ကြေလွယ်၏။ ပေါ့၏။ ရေကျက်အေး ဟူသည်လည်း နေ့၌ချက်သော ရေကို နေ့၌သာ သောက်ကောင်း သည်။ ညဥ့်၌ချက်သော ရေကို ညဥ့်၌သာ သောက်ကောင်း သည်။ နေ့၌ချက်သော ရေကို ညဥ့်၊ ညဥ့်၌ချက်သော ရေကို နေ့၊ ဤကဲ့သို့ အေးအောင်ထား၍ သောက်လျှင် ထိုရေ၌ တေဇောဓာတ် ညံ့သောကြောင့် ကြေခဲ၏။ ဝမ်းမီးကို ချက်၍ ကျက်လျှင်ချဉ်၏။ ဝမ်းချုပ်၏။ ဒေါသသုံးပါး လုံးကို ပျက်စေတတ်၏။ ရောဂါခပ်သိမ်း တို့၌ပင် မသင့်။ ရေကျက်အေးကို တစ်ဖန်ရေနွေး လုပ်၍သောက်လျှင် မသင့်။ အဆိပ်နှင့် အတူဖြစ်၏။ ညဥ့်၌ကား ရေနွေး သောက်ခြင်းသည် များစွာ အကျိုးရှိ၏။

ညဥ့်၌သောက်ရန် ရေနွေးချက် ပုံကား ရေစိမ်းနံ့ ပျောက်၍ ကျက်ရုံ၊ ထက်ဝက်ကြွင်း၊ လေးပုံတစ်ပုံ ကြွင်း၊ ရှစ်ပုံတစ်ပုံ ကြွင်းတို့တွင် တစ်မျိုးမျိုး ချက်၍ သောက်ရာ၏။ ညဥ့်ကို ရေနွေးချက်၍ သောက်ခြင်းသည် သလိပ်နာ၊ လေနာ၊ အစာမကြေ သော အနာ၊ အဆီခဲသော အနာတို့ကိုနိုင်၏။ ဝမ်းမီးကို တောက်စေတတ်၏။ ဆီးကိုရွှင်စေ တတ်၏။ ချောင်းဆိုးနာ၊ ပန်းနာ၊ အဖျား တို့ကိုနိုင်၏။ ရေစိမ်းကို သောက်လျှင် တစ်ပဟိုရ်မှ ကြေ၏။ ရေကျက်အေးကို သောက်လျှင် တစ်ပဟိုရ်၏ ထက်ဝက်မျှနှင့် ကြေ၏။ ကျက်ပြီးသော ရေနွေးကို သောက်လျှင် တစ်ပဟိုရ်၏ လေးပုံတစ်ပုံမျှ နှင့်ကြေ၏။

ထို့ပြင် ရေအမျိုးမျိုး တို့၏ အကျိုးအပြစ် ကိုလည်း ဖော်ပြထား ရာတွင် အဆင်း၊ အနံ့၊ အရသာ မထင်ရှားသော၊ အလွန်အေးသော၊ ကြည်လင်သော၊ ပေါ့သော ရေအေးသည် နှလုံးကို နှစ်သက် စေတတ်၏။ ရေငတ်ခြင်းကို ပျောက်စေတတ်၏။ ဂုဏ်အပေါင်း နှင့်ပြည့်စုံ ၏။ ကျိုသော၊ ပျစ်ချွဲသောပိုး တို့ဖြင့် ပြွမ်းသောရွှံ့ညွန်၊ သစ်ရွက်၊ မှော် တို့ဖြင့်ပြည့်သော အနံ့ မကောင်းသော ရေကို မသောက်အပ်၊ မိုးဦးကျ အခါ၌ ရွာသောရေကို ချိုးမိလျှင် ရေငတ်သော အနာ၊ ဝမ်းရောင်နာ၊ မြင့်ရှည်စွာ ဖျားသောအနာ၊ ချောင်းဆိုးနာ၊ ဝမ်းမီးပျက်သော အနာ၊ အကြောတို့ လေးလံခြင်း၊ အိုင်းအမာ အစရှိသည် တို့ဖြစ်တတ် ကုန်၏။ ဒါတွေဟာ ယောမြို့စား အတွင်းဝန် ဦးဘိုးလှိုင် ရဲ့နာမည်ကျော် ဥတုဘောဇန သင်္ဂဟကျမ်း မှာ ဖော်ပြထားတဲ့ ရေနွေး၊ ရေကျက်အေး၊ ရေအေး တို့နဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာ ဗဟုသုတ တွေ ဖြစ်ပါတယ်။

နောက်ဆုံးတင်ပြလိုတာကတော့...
  • (၁) ရေနွေး ကျိုချက်တဲ့အခါမှာ ဆူပွက်ပြီး ကျက်အောင်ကျိုပါ။
  • (၂) ကော်ဖီဖျော်ရင် ခြောက်နာရီ အတွင်း ကျိုချက်ထားတဲ့ ရေနွေးနဲ့ဖျော်ပါ။
  • (၃) ဓာတ်ဘူးထဲက ရေနွေးနဲ့ဖျော်ရင် ခြောက်နာရီထက် ကျော်ပြီး ဓာတ်ဘူးထဲမှာ လှောင်ထားတဲ့ ရေနွေးကို မသုံးသင့်ပါ။
  • (၄) ဓာတ်ဘူးထဲမှာ အေးပြီးသား ရေနွေးကို ဓာတ်ပျက်ရေနွေး ဖြစ်လို့ ပြန်နွှေးပြီး မသုံးပါနဲ့။ ပြန်ကျိုချက်ပြီး မသုံးပါနဲ့။
  • (၅) ညသိပ်ရေနွေး၊ ရေနွေးကြမ်းဟာ အဆိပ်ဖြစ်လို့ အစာအိမ်ကို ကမောက်ကမ ဖြစ်စေနိုင် ပါတယ်။
  • (၆) ရေနွေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေအေး မသောက်ပါနဲ့။ ရေအေးသောက်ပြီး တစ်နာရီ အတွင်းမှာ ရေနွေးမသောက်ပါနဲ့။

အထက်ပါ အယူအဆတွေဟာ မလွဲနိုင်တဲ့ တိုင်းရင်း ဆေးပညာ ဥပဒေသ အယူအဆတွေ ဖြစ်ကြောင်း တင်ပြအပ် ပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page