တွင်ကျယ်စွာ စိုက်ပျိုးထုတ်လုပ် သင့်သည့် မြန်မာ့ဆေးဖက်ဝင် သစ်ခွ
သက်နိုင် (ပြင်ဦးလွင်)
'နွယ်မြက်သစ်ပင် ဆေးဖက်ဝင်' ဟူသည့် စကားအတိုင်း ဆေးဖက် မဝင်သည့် အပင်ဟူ၍ ယနေ့ ကမ္ဘာပေါ်တွင် မရှိသေးပေ။ အပင်တိုင်းသည် တစ်နည်းနည်းဖြင့် ဆေးဖက် ဝင်သော အပင်များသာ ဖြစ်ကြသည်။ ထိုအထဲတွင် သစ်ခွပင် များလည်း ပါဝင်သည်။ ကမ္ဘာပေါ်ရှိ အပင်အုပ်စု အမျိုးမျိုးတွင် နေရာဒေသ အနှံ့ ပေါက်ရောက်ပြီး အုပ်စု အများဆုံး အဖြစ် တည်ရှိသော အပင် အမျိုးအစားတွင် သစ်ခွပင် အုပ်စု Orchidaceae သည် အများဆုံး ဖြစ်သည်။
သစ်ခွကို ပန်းအဖြစ် နှင့်သာ လူသိများ ကြသော်လည်း ဆေးဖက်ဝင်သည့် သစ်ခွမျိုးများ ရှိနေသည်။ မြန်မာနိုင်ငံရှိ သစ်ခွမျိုးများ အနက် ၅၈ မျိုးသည် ဆေးဖက်ဝင်သည့် သစ်ခွမျိုးများ ဖြစ်ပြီး ယခုအခါ ၂၃ မျိုးကို စနစ်တကျ ပြုစုစိုက်ပျိုး ထိန်းသိမ်း စောင့်ရှောက် ထားနိုင်ကြောင်း သိရသည်။
သစ်ခွပင် များသည် သဘာဝ တောတောင် ဒေသများတွင် ပေါက်ရောက်သော အပင်အုပ်စုများ ဖြစ်ကြပြီး ဆေးဖက်ဝင် သစ်ခွ အများစုမှာ Dendrobium (ဒန်ဒိုဘီယမ်) လက်တံရှည် မျိုးများ ဖြစ်ကြသည်။ သစ်ခွပင်ကို ပန်းပွင့်သည့် ကာလ မတိုင်မီ ပင်စည်၏ အောက်ခြေ ရင်းမှ လေးလက်မ ထားရှိပြီး ဖြတ်တောက်၍ အပူပေး အခြောက်ခံကာ တိုင်းရင်းဆေး နည်းပညာ များဖြင့် လူသုံးဆေးဝါးများ အဖြစ် အသုံးပြု နိုင်သည်။ အိမ်သုံးဆေးဝါး အဖြစ် သစ်ခွပန်းကို အသုံးပြု ခြင်းမရှိဘဲ ပန်းမပွင့် သေးသော ပင်စည်ရိုးတံ များကိုသာ အသုံးပြုခြင်း ဖြစ်သည်။
မြန်မာ့ ဆေးဖက်ဝင် သစ်ခွများ အနက် ဒေါင်းမြီး သစ်ခွမျိုးမှ အာရုံ ကြောဆေး အဖြစ် လည်းကောင်း၊ ဆင်မမျက်ကွင်း၊ အာမဲ လက်တံတို မျိုးတို့မှာ အဖျားပျောက်ဆေး အဖြစ် လည်းကောင်း၊ ဝါဆိုသစ်ခွ၊ ရွှေတူမောက် ခမ်းဝါ၊ အာမဲ လက်တံရှည်၊ ခရမ်းအာမဲ၊ ငွေတု၊ မြက်သစ်ခွ၊ သစ်ခွနီ၊ မဟာဒေဝီ၊ အာမဲ လက်တံညို၊ ကိန္နရာ သစ်ခွမျိုး တို့မှာ အားဆေးအဖြစ် လည်းကောင်း၊ ဂနိုင်နဘေး ပေါက်သစ်ခွ နှင့်ချိုချဉ်ပန်း သစ်ခွတို့မှာ အဆစ်အမျက် နာကျင်ကိုက်ခဲ ရောဂါများ အတွက် လည်းကောင်း၊ အဆုတ်ကင်ဆာ ရောဂါအတွက် ခရမ်းရောင် လွင်ပြင် သစ်ခွသည် လည်းကောင်း၊ မြဆစ်ကြိုး နှင့် ရွှေတူ လက်တံရှည် အမဲတို့မှာ အသည်း အားဆေး အတွက် လည်းကောင်း စသည်ဖြင့် အသုံး ဝင်ကြောင်း တွေ့ရသည်။
ထိုအထဲတွင် ဒေါင်းမြီး၊ သစ်ခွနီ၊ ခမောက်ဖြိုး၊ ထယ်ဖီ၊ အာမဲ လက်တံတို မှာ အဓိက ဆေးဖက်ဝင် မျိုးများဖြစ်ပြီး ထယ်ဖီသစ်ခွ မျိုးမှာ ယခုအခါ တရုတ် နိုင်ငံတွင် ဈေးကွက်ဝင် သစ်ခွအဖြစ် ထင်ရှား နေပြီ ဖြစ်သည်။ သစ်ခွပင် များကို မြေပေါင်စနစ်၊ စင်စနစ်၊ တန်းစနစ်၊ ချိတ်ဆွဲစနစ်၊ တိုင်ထောင်စနစ်၊ အိုးဖြင့်စိုက် စနစ်၊ အပင်ကပ် စနစ် စသည်ဖြင့် စိုက်ပျိုး နိုင်လေရာ ရန်ကုန်၊ မင်္ဂလာဒုံ ဥယျာဉ်ခြံ၊ လှည်းကူး၊ ပြင်ဦးလွင်မြို့ တို့တွင် အပင်ကပ် စနစ်ဖြင့် အပင်ပေါင်း သိန်းနှင့်ချီ၍ စိုက်ပျိုး ထုတ်လုပ် နေပြီ ဖြစ်သည်။
သို့သော်လည်း မြန်မာနိုင်ငံ တွင် ဆေးဖက်ဝင် သစ်ခွများကို စိုက်ပျိုး မျိုးပွား ပေးနိုင်သော အဆင့်သာ ရှိနေပြီး ထွက်ရှိလာသော ကုန်ကြမ်း များကိုလည်း တရုတ်၊ စင်ကာပူ စသည့် နိုင်ငံများသို့ တင်ပို့ ရောင်းချ နေရ၍ အိမ်သုံး ဆေးဝါးအဖြစ် ထုတ်လုပ် သုံးစွဲနိုင်သည့် နည်းပညာ များစွာ လိုအပ် နေသေးကြောင်း သိရသည်။
ထို့ကြောင့် မြန်မာ့ ဆေးဖက်ဝင် သစ်ခွများကို နိုင်ငံခြား ဝင်ငွေရရှိ စေရေးအတွက် ပို့ကုန်သွယ် အမယ်သစ် အဖြစ် ထုတ်လုပ် ရောင်းချ သွားနိုင်ရန် အတွက် လည်းကောင်း၊ စိုက်ပျိုး ထုတ်လုပ် သူများ ဝင်ငွေ တိုးတက် စေရေးတို့ အတွက် လည်းကောင်း၊ မြန်မာ့ တိုင်းရင်းဆေး ထုတ်လုပ်မှုကို အထောက် အကူပြုပြီး နိုင်ငံနှင့် ပြည်သူလူထု အတွက် အကျိုး ဖြစ်ထွန်းအောင် ယခုထက် ပို၍ စိတ်ဝင် တစားဖြင့် အောင်မြင် နိုင်ရန် လုပ်ဆောင် စိုက်ပျိုး ထုတ်လုပ် နိုင်မည် ဆိုပါက များစွာသော အကျိုး ရလဒ်ကို ရရှိမည်မှာ ဧကန်မလွဲ ဖြစ်ပါကြောင်း ရေးသား တင်ပြပါသည်။
#Themyawadydaily
No comments:
Post a Comment