www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 23, 2016

ကလိုထူးဘော ကရင်အစည်းအရုံး (KKO) ခွဲထွက်အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲရန် စီစဉ်မှုများကို တပ်မတော် က ရှင်းလင်း




တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းစဉ် ကလိုထူးဘော ကရင်အစည်းအရုံး (KKO) ခွဲထွက်အဖွဲ့ထံမှ သိမ်းဆည်းရမိသည့် လက်နက်များ ကျည်မျိုးစုံနှင့် ဒေသန္တရမိုင်းများကို တွေ့ရစဉ်




မြ၀တီမြို့ အေးငြိမ်းသာစမ်းသီတာ ဘုရားမုခ်ဦး ဘယ်ဘက်တိုင်ခြေအတွင်းဘက် ၁ ပေခန်အကွာ၌ ကလိုထူးဘော ကရင်အစည်းအရုံး (KKO) ခွဲထွက်အဖွဲ့မှ ထောင်ထားသော ဒေသန္တရမိုင်းအား ရှင်းလင်းစဉ်

နေပြည်တော် ၊ ၂၃-၉-၂၀၁၆

ကရင်ပြည်နယ်၊ မြိုင်ကြီးငူ-မဲသဝေါ နယ်မြေ အခြေပြု လှုပ်ရှားလျက် ရှိသော ကလိုထူးဘော ကရင်အစည်း အရုံး (KKO) ခွဲထွက် အဖွဲ့သည် တပ်မတော် စစ်ကြောင်းများနှင့် တပ်စခန်းများကို လက်နက်ကြီး များဖြင့် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ မှုကြောင့် တပ်မတော်က နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ ရကြောင်း စက်တင်ဘာ ၁၇ ရက်ထုတ် မြဝတီသတင်းစာ တွင် ထည့်သွင်း ဖော်ပြပြီး ဖြစ်ပါသည်။

အဆိုပါနယ်မြေ ရှင်းလင်းမှုများကို စက်တင်ဘာ ၁၁ ရက်မှစတင်၍ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၉ ရက်တွင် မြိုင်ကြီးငူ-မဲသဝေါ ကားလမ်း တစ်လျှောက်ရှိ (KKO) ခွဲထွက်အဖွဲ့ အခြေပြု လှုပ်ရှားသည့် စခန်းအားလုံးကို ဖယ်ရှားရှင်းလင်း နိုင်ခဲ့သည်။ စက်တင်ဘာ ၂၁ ရက်အထိ ထိတွေ့တိုက်ပွဲ စုစုပေါင်း ၁၉ ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်တချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့ သကဲ့သို့ (KKO) ခွဲထွက်အဖွဲ့မှ တပ်ရင်းမှူး အဆင့်ရှိသူ တစ်ဦးအပါအဝင် လေးဦးသေဆုံး ခဲ့ကာ ဗိုလ်ကြီးအဆင့် ရှိသူတစ်ဦးကို အရှင်ဖမ်းဆီး ရမိခဲ့ပြီး လက်နက် ခုနစ်လက်၊ မော်တော်ယာဉ် နှစ်စီး၊ ထော်လာဂျီ တစ်စီး၊ ဆိုင်ကယ် လေးစီးနှင့် ကျည်မျိုးစုံ ၁၁၇၉ တောင့်တို့ကို သိမ်းဆည်းရမိ ခဲ့သည်။

(KKO) ခွဲထွက်အဖွဲ့သည် ထိုသို့ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမှု များကြောင့် တပ်မတော် စစ်ကြောင်းများအား အာရုံလွှဲရန် အတွက် မြဝတီ၊ ကော့ကရိတ် မြို့ပေါ်ရှိ စစ်ရေးနှင့် မသက်ဆိုင်သည့် နေရာများနှင့် မြိုင်ကြီးငူ-မဲသဝေါ ကားလမ်း တစ်လျှောက်တွင် တိုက်ပွဲရှောင် အပြစ်မဲ့ ဒေသခံ တိုင်းရင်းသားများ နေရပ်ပြန်စဉ် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ရန် ရည်ရွယ်ချက် ဖြင့် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီခန့်တွင် မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်၊ သုခလမ်းရှိ အမှိုက်ပုံ၌ ဒေသန္တရ လက်လုပ်မိုင်း တစ်လုံးအား လည်းကောင်း၊ စက်တင်ဘာ ၂ဝ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် မြဝတီမြို့၊ အေးငြိမ်းသာ စမ်းသီတာ ဘုရား မုခ်ဦး ဘယ်ဘက်တိုင်ခြေ အတွင်းဘက် ၁ ပေခန့်အကွာ၌ ဒေသန္တရ လက်လုပ်မိုင်း တစ်လုံးအား လည်းကောင်း၊ တာဝန်သိ ပြည်သူတို့က နယ်မြေခံ အင်ဂျင်နီယာတပ် သို့ သတင်းပို့ သဖြင့် တာဝန်ရှိသူများက အချိန်မီ သွားရောက်ရှင်းလင်း နိုင်ခဲ့သည်။ 

အလားတူ တပ်မတော် စစ်ကြောင်းများ နယ်မြေရှင်းလင်း ခဲ့သည့် ဝါးဘိုးတောင်-ကျုံထော် နယ်မြေ အတွင်းမှ အသက်သွင်းရန် အသင့်ဖြစ်သည့် မိုင်းမျိုးစုံ ၂၃၈ လုံး၊ မဲသဝေါပြန့် နယ်မြေ အတွင်းမှ မိုင်းမျိုးစုံ ၃၇၁ လုံး၊ စုစုပေါင်း မိုင်းမျိုးစုံ ၆ဝ၉ လုံးတို့ကို အချိန်မီ ဖော်ထုတ်ရှင်းလင်း သိမ်းဆည်းရမိ ခဲ့သည်။

ယခုအခါ မြိုင်ကြီးငူ-မဲသဝေါ ကားလမ်းတစ်လျှောက် နယ်မြေတည်ငြိမ် အေးချမ်းခဲ့ပြီး ဖြစ်သောကြောင့် ယင်းနယ်မြေ အတွင်းရှိ ကျေးရွာများမှ မြိုင်ကြီးငူသို့ တိမ်းရှောင်လာ ခဲ့သော ဒေသခံပြည်သူ များကို တပ်မတော် မော်တော်ယာဉ် များဖြင့် ပြန်လည်ပို့ဆောင် နေရာချထား ပေးခြင်း၊ စားနပ်ရိက္ခာ ထောက်ပံ့ကူညီ ပေးခြင်းနှင့် လမ်းကြောင်း တစ်လျှောက် မိုင်းအန္တရာယ် ကင်းရှင်းရေး ရှင်းလင်းပေးခြင်း လုပ်ငန်းများကို တပ်မတော်က ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger