www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 16, 2016

ကုလသမဂ္ဂ၏ COP21 Paris ကို လက်တွေ့အကောင်အထည်ဖော်ရန် ထပ်လောင်း သဘောတူညီခဲ့ကြသည့် အမေရိကန် နှင့် တရုတ်


ကုလသမဂ္ဂ၏ COP21 Paris ကို လက်တွေ့အကောင်အထည်ဖော်ရန် ထပ်လောင်း 
သဘောတူညီခဲ့ကြသည့် အမေရိကန် နှင့် တရုတ်

( ရှိန်းထက် )

ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုကို ဂရုမစိုက်ခဲ့ ကြသော ကမ္ဘာ့နိုင်ငံကြီး များသည် ၂၀၀၀ ပြည့်နှစ် တစ်ဝိုက်တွင် ကမ္ဘာ့အပူချိန် သိသိသာသာ လွန်ကဲလာမှု နှင့် ဝင်ရိုးစွန်း ရေခဲပြင်များ အရည်ပျော်ကျ လာမှုတို့ကြောင့်သိသိသာသာ ဂရုစိုက် လာခဲ့ကြသည်။

ထို့နောက် ကမ္ဘာ့ အပူချိန်ကို လျှော့ချရန် အသည်းအသန် ကြိုးစား လာကြတော့သည်။ ကုလသမဂ္ဂက ဦးဆောင်၍ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ညီလာခံများကို နှစ်စဉ် ကျင်းပပြီး ကမ္ဘာ့အပူချိန်အား ထိန်းသိမ်းကာဖန်လုံအိမ် ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို လေ့လာစောင့်ကြည့် ဆောင်ရွက် လာသည်။ သို့သော်လည်း နှစ်စဉ် ကျင်းပခဲ့သော ကုလသမဂ္ဂ ရာသီဥတု ညီလာခံများသည် သဘော တူညီမှု မရရှိဘဲ ပျက်သွားခဲ့ သည်သာ များသည်။

၂ဝ၁၅ ခုနှစ် ပဲရစ် ညီလာခံက သမိုင်းကို ပြောင်းလဲမည့် အဓိက ညီလာခံတစ်ခု ဖြစ်လာခဲ့သည်။ နိုဝင်ဘာလတွင် ပဲရစ်၌ ကျင်းပခဲ့သော ကုလသမဂ္ဂ၏ သဘာဝ ပြောင်းလဲမှု ဆိုင်ရာညီလာခံ COP21 သည် အမေရိကန် နှင့် တရုတ် ဦးဆောင်သော ကာဗွန်ထုတ်လွှတ်မှု အများဆုံး နိုင်ငံကြီးများ၏ သဘောတူညီ မှုနှင့်အတူ သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့သည်။ ယခု ထို သဘော တူညီမှုကို ထပ်ဆင့် အရှိန်မြှင့်ကာ လက်တွေ့ အကောင်အထည် ဖော်ရန် တရုတ်နှင့် အမေရိကန် တို့က ကြေညာချက် ပူးတွဲ ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် မတိုင်မီ ကမ္ဘာ့ အပူချိန်ကို ၂ ဒီဂရီ ဆဲလ်စီးရပ်စ် မကျော်ရန် ရည်မှန်းချက် များလည်း ပိုမိုခိုင်မာ လာခဲ့ပြီ ဖြစ်သည်။ ကမ္ဘာ ပေါ်၌ ကာဗွန် ထုတ်လွှတ်မှု အများဆုံး နံပါတ်(၁) နိုင်ငံသည် တရုတ်ဖြစ်ပြီး အမေရိကန် သည် ဒုတိယဖြစ်သည်။

တရုတ်၏ နှစ်စဉ်ပျမ်းမျှ ကာဗွန် ထုတ်လွှတ်မှုသည် ဥရောပသမဂ္ဂ နိုင်ငံများက ထုတ်သည့် ပမာဏထက် နှစ်ဆနီးပါး ပိုများသည်။ အမေရိကန် ထက်ပင် ၇ ရာခိုင်နှုန်းကျော် ထုတ်လွှတ်မှု ပိုများပြီး ကမ္ဘာ့ ကာဗွန် ထုတ်လွှတ်မှု နံပါတ်(၁) နေရာကို မူပိုင်ရယူကာ အပိုင် သိမ်းထားသည်။ တရုတ်၏ ကာဗွန် ထုတ်လွှတ်မှုသည် ကမ္ဘာ လုံးဆိုင်ရာ ထုတ်လွှတ်မှု၏ ၂၂ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်ပြီး အမေရိကန် ၏ ထုတ်လွှတ်မှု သည် ၁၅ ဒသမ ၆ သာ ရှိသည်။ 

ထိုနှစ်နိုင်ငံပေါင်း ထုတ်လွှတ်မှုသည် ကမ္ဘာလုံးဆိုင်ရာ ကာဗွန် ထုတ်လွှတ်မှု၏ ၃၈ ရာခိုင်နှုန်းကျော် ရှိသောကြောင့် ကမ္ဘာ ကြီး ပူနွေးလာမှု၏ တရားခံနိုင်ငံ များဟု ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ တရုတ်သည် ယခင်က ကတိပေးခဲ့သော ကာဗွန် ထုတ်လွှတ်မှု များကို စံချိန်မီအောင် မလျှော့ချ နိုင်ခဲ့ဘဲ အမေရိကန်က အစိမ်းရောင် စွမ်းအင်ဘက်သို့ ခြေဦးလှည့်ကာ သူလျှော့ချရမည့် ပမာဏကို လျှော့ချ နိုင်ခဲ့သည်။

ယခုတော့ တရုတ်တို့ ကမ္ဘာ ကြီးပူနွေးလာမှုနှင့် သဘာဝ ပတ်ဝန်းကျင်ကို ကောင်းကောင်း နားလည်လာပြီ ဖြစ်သည်။ တရုတ် ကွန်မြူနစ်ပါတီသ မိုင်းတွင် နာမည်ကြီး သမ္မတတစ်ဦး ဖြစ်သော ရှီကျင့်ဖျင် သည် သဘာဝ ပတ်ဝန်းကျင် ဖောက်ပြန်မှု များနှင့် ကမ္ဘာကြီး ပူနွေးလာမှုကို လျော့ချရန် အမေရိကန်နှင့် တန်းတူလုပ်ဆောင် လာသည်။ အစိမ်းရောင် စွမ်းအင်နှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ဘက် သို့ တတ်နိုင် သလောက် ခြေဦးလှည့် လာသည်။ ကျောက်မီးသွေး စက်ရုံများကို နောက်ထပ် မတည်ဆောက် တော့ဘဲ နျူကလီးယား စွမ်းအင်ကဏ္ဍ ဘက်သို့ ကူးပြောင်းနိုင်ရန် ပြင်ဆင်နေသည်။ တည်ဆောက် ပြီးသား အရည်အသွေး မမီတော့သည့် စက်ရုံများ ကို ရာနှင့်ချီ၍ ပိတ်ပစ်နေသည်။ ကျောက်မီးသွေးထက် ကာဗွန် ထုတ်လွှတ်မှုကို ဆယ်နှင့်ချီ၍ လျှော့ချနိုင်မည့် အမေရိကန် ၏ အသွင်ပြောင်း ပေါင်းခံ ဓာတ်ငွေ့များ (LNG) ကိုဝယ်ယူပြီး ကာဗွန် ထုတ်လွှတ်မှု လျှော့ချရန် ကြိုးစားနေသည်။

သဘာဝပြန်လည် ပြည့်ဖြိုးမြဲ အစိမ်းရောင် စွမ်းအင်ကဏ္ဍ အသုံးပြုမှုကို ၁ ရာခိုင်နှုန်းသာ အသုံးပြု နိုင်သေးသည် ဆိုသော်လည်း တရုတ်သည် ယခုနောက်ပိုင်း အရှိန်မြှင့်တင် လာသည်။ အမေရိကန် ကဲ့သို့ အစိမ်းရောင် စွမ်းအင်ကဏ္ဍကို ရာခိုင်နှုန်း ဆယ်နှင့်ချီ အသုံးချနိုင်ရန် ကြိုးစားလာသည်။ နိုင်ငံရေးနှင့် စစ်ရေးအရ တင်းမာမှု အထွတ်အထိပ် ၌ ရောက်ရှိ နေသော်လည်း တရုတ်နှင့် အမေရိကန် တို့သည် သဘာဝ ပတ်ဝန်းကျင် အရေးတွင် စိတ်တူကိုယ်တူ လုပ်ဆောင်လျက် ရှိသည်။

အမေရိကန်၌ သမ္မတ အိုဘားမား ကိုယ်တိုင် ဦးဆောင်ကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု လှုပ်ရှားမှုများ လုပ်ဆောင်နေ သကဲ့သို့ တရုတ်၌လည်း သမ္မတ ရှီကျင့်ဖျင် က ယခင်သမ္မတ များနှင့်မတူဘဲ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုများ လုပ်ဆောင် နေသည်။ ယခင် သဘာဝရာသီဥတု ဖြစ်စဉ်များ ပြောင်းလဲမှုကို ဂရုမစိုက် သလောက် ယခု ဂရုစိုက် နေသည်။ ဂရုမစိုက်၍ မဖြစ်သည့် အခြေအနေကလည်း တရုတ်၌ ရောက်ရှိနေသည်။ 

လေထုညစ်ညမ်းမှု များနှင့် ရေထုညစ်ညမ်းမှု များစာရင်းတွင် တရုတ်သည် ထိပ်ဆုံးမှ ပါဝင်နေသည်။ ကမ္ဘာပေါ်၌ လူသားတို့ သတိမမူမိဘဲ တိတ်တဆိတ် သတ်နေသော လူသတ်သမား စာရင်းတွင် လေထု ညစ်ညမ်းမှုက ပါဝင်လာသည်။ လေထု ညစ်ညမ်းမှုကြောင့် နှစ်စဉ် ကမ္ဘာပေါ်၌ လူပေါင်း ၅ ဒသမ ၅ သန်း သေဆုံး နေရသည်ဟု ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ စစ်တမ်းသစ် တစ်ရပ်က အတိအကျ ဖော်ပြထားသည်။

ထိုသေဆုံးမှု ၅ ဒသမ ၅ သန်းထဲမှ အများဆုံးသည် တရုတ်၌ ဖြစ်သည်။ တရုတ်၌ နှစ်စဉ် လေထုညစ်ညမ်း မှုကြောင့် သေဆုံးမှု သန်းနှင့်ချီ၍ ရှိသည်။ ထို့ကြောင့် တရုတ်တို့ သဘာဝ ပတ်ဝန်းကျင်ကို မဖြစ်မနေ ဂရုစိုက် လာရခြင်း ဖြစ်သည်။ ကျောက်မီးသွေး စက်ရုံများက တရုတ်၏ စွမ်းအင်ကဏ္ဍ ၇၅ ရာခိုင်နှုန်းကို အဓိက ထောက်ပံ့ပေး ထားသောကြောင့် တရုတ်သည် ကမ္ဘာပေါ်၌ ကာဗွန် ထုတ်လွှတ်မှု အများဆုံး နှင့် နှစ်စဉ် စံချိန်တင် မြူဆိုင်းပြီး လေထု အညစ်ညမ်းဆုံး မြို့တော်များကို ပိုင်ဆိုင် နေရခြင်းဖြစ်သည်။

ထို့ပြင် သဘာဝ ပတ်ဝန်းကျင်ကို အလေးမထားေ သာကြောင့် သမိုင်းဝင် အကြီးမားဆုံးဆည် များကို စွမ်းအင်ကဏ္ဍ အတွက် အလွန်အမင်း ထုတ်ယူခဲ့မှုများ ကြောင့်လည်း တရုတ်သည် ရေကြီး ရေလျှံမှု၊ ရေရှားပါးမှုနှင့် ဇီဝမျိုးစိတ်များ မျိုးသုဉ်း ပျောက်ကွယ်မှု များကို ခံခဲ့ရသည်။ ထို့အတူ သဘာဝ ဂေဟစနစ် လည်ပတ်မှု များလည်း ပြောင်းလဲခဲ့ သကဲ့သို့ တရုတ်တို့သည် သဘာဝ ပတ်ဝန်းကျင် ၏ အကြီးမားဆုံး ရိုက်ခတ်မှုများကို ခံခဲ့ရသည်။

ထို့ကြောင့် တရုတ်သမ္မတ ရှီကျင့်ဖျင် သည် ကမ္ဘာကို စစ်ရေးနှင့် စီးပွားရေး လွှမ်းမိုးနိုင်မှု ဘက်သို့ပင် မျက်နှာမလှည့် နိုင်တော့ဘဲ သဘာဝ ပတ်ဝန်းကျင် ဘက်သို့သာ အာရုံစိုက် လာရခြင်း ဖြစ်သည်။ စက်တင်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် ပေကျင်း၌ ကျင်းပခဲ့သော စက်မှုထိပ်သီး နိုင်ငံများ G20 အစည်းအဝေး တွင်လည်း ကမ္ဘာ့ နိုင်ငံ ခေါင်းဆောင် များသည် ကမ္ဘာ့  အပူချိန်ကို ဆက်လက် ထိန်းသိမ်းရေးနှင့် သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှု များကို အဓိက အခန်းကဏ္ဍတွင် ထားပြီး ဆွေးနွေးနေသည်။

သတ်မှတ်ထားသည့် စံချိန်မီ ကာဗွန် ထုတ်လွှတ်မှု လျှော့ချရေးကို တရုတ်တို့ မည်မျှအထိ စွမ်းဆောင် နိုင်မည်ကို ၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပထမဆုံး သိရှိရမည် ဖြစ်ပြီး COP21 အတိုင်း ပြည့်မီရန် တရုတ် အစိုးရအတွက် စိန်ခေါ်မှုပေါင်း များစွာနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ အထူးသဖြင့် ကျောက်မီးသွေး စွမ်းအင်ကဏ္ဍ အပေါ် အဓိကထား မှီခိုနေရမှု လျော့ကျခြင်းသည် ကာဗွန် ထုတ်လွှတ်မှု လျှော့ချမှု ရည်မှန်းချက်နှင့် တိုက်ရိုက် သက်ဆိုင်နေ သည်။ မည်သို့ပင်ဖြစ်စေ တရုတ်၏ ယခုကဲ့သို့ သဘာဝ ပတ်ဝန်းကျင်ကို အလေးထားပြီး ထပ်ခါထပ်ခါ ကတိပေးမှု များသည် သမိုင်းတွင် မရှိခဲ့ဖူး သောကြောင့် ယခုတစ်ကြိမ် တရုတ်တို့၏ ကမ္ဘာ့ အပူချိန်ကို ၂ ဒီဂရီဆဲလ်စီးရပ်စ် မကျော်စေရေး ထပ်လောင်း ကတိပြုချက် များသည် ကမ္ဘာကြီး နှင့် လူသားတို့အတွက် သတင်းကောင်း တစ်ခု ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger